လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါဖြစ်ပွားစေသည့် HMPV ဗိုင်းရပ်စ်ပိုး

 

လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါဖြစ်ပွားစေသည့် HMPV ဗိုင်းရပ်စ်ပိုး

 

     ၂၀၂၄  ခုနှစ်မှ  ၂၀၂၅  ခုနှစ်သို့  အကူးအပြောင်း ကာလတွင် လတ်တလောအသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါကိုဖြစ်ပွားစေတတ်သော   Human metapneumovirus(HMPV) ဗိုင်းရပ်စ်ပိုးကူးစက် ဖြစ်ပွားမှုများနှင့် ပတ်သက်၍  ကမ္ဘာ့သတင်းမီဒီယာများတွင် ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြလျက်ရှိသည်ကို တွေ့ရသည်။

အဆိုပါ ဗိုင်းရပ်စ်ပိုးအပါအဝင် ရာသီတုပ်ကွေး ရောဂါကဲ့သို့  အဏုဇီဝရောဂါပိုးများကြောင့် ဖြစ်ပွားသည့် လတ်တလောအသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါများကာကွယ်ရေးနှင့် ပတ်သက်သည့်အချက် အလက်များကို   ပြည်သူများ  သိရှိလိုက်နာဆောင် ရွက်နိုင်ကြစေရေး  ဖော်ပြလိုက်ရပါသည်။

Human metapneumovirus (HMPV) ဗိုင်းရပ်စ်ပိုး ကို ၂၀၀၁ ခုနှစ်၌ နယ်သာလန်နိုင်ငံရှိ ကလေးငယ် ၂၈ ဦးတွင် သုတေသနပညာရှင် Bernadette G. van den Hoogen နှင့်အဖွဲ့က စတင်တွေ့ရှိခဲ့ပြီး အဆိုပါ ဗိုင်းရပ်စ်ပိုးသည်   ရာသီတုပ်ကွေးရောဂါ ဗိုင်းရပ်စ်ပိုးများနှင့်အသက်ရှူလမ်းကြောင်း ရောဂါဖြစ်ပွားစေ တတ်သည့် (Respiratory Syncytial Virus – RSV) ဗိုင်းရပ်စ်ပိုးတို့ကဲ့သို့ ကမ္ဘာ့နိုင်ငံအနှံ့အပြား၌  ဆောင်း ရာသီကာလတွင် ဖြစ်ပွားမှုများပြားလေ့ရှိသည်။

HMPV ဗိုင်းရပ်စ်ပိုးနှင့် ပတ်သက်၍ မိမိတို့မြန်မာ နိုင်ငံ၌  ၂၀၁၄  ခုနှစ်ကဆောင်ရွက်ခဲ့သည့်   လတ် တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများဖြစ်ပွားစေသည့်   ဗိုင်းရပ်စ်ပိုးများအား   စစ်ဆေးခဲ့သည့် သုတေသနတွေ့ရှိချက်အရ HMPV ဗိုင်းရပ်စ်ပိုး ဖြစ်ပွားမှုရှိခဲ့ကြောင်း တွေ့ရှိခဲ့ရသည်။ အဆိုပါ ဗိုင်း ရပ်စ်ပိုးသည် ကိုဗစ်-၁၉ ရောဂါ ဗိုင်းရပ်စ်ပိုးကဲ့သို့ အသစ်ဖြစ်ပေါ်လာသည့် ဗိုင်းရပ်စ်ပိုးအမျိုးအစားသစ် (novel virus)တစ်ခုမဟုတ်ကြောင်း တွေ့ရသည်။

လက်ရှိအချိန်၌     နိုင်ငံတကာမီဒီယာများတွင် HMPV   ဗိုင်းရပ်စ်ပိုး ကူးစက်ဖြစ်ပွားမှုသည်  တရုတ်ပြည်သူ့သမ္မတနိုင်ငံ၌    ဖြစ်ပွားမှု များပြားနေသည်ဟု ဖော်ပြလျက်ရှိသော်လည်း တရုတ်ပြည်သူ့သမ္မတ နိုင်ငံ ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးဗဟိုဌာန (Chinese Center for Disease Control and Pre-vention–China CDC) မှ ရရှိသော သတင်းအချက်အလက်များအရ     တရုတ်ပြည်သူ့သမ္မတနိုင်ငံ၌ အသက်ရှူလမ်းကြောင်းဆိုင်ရာ      ကူးစက်ရောဂါ ဖြစ်ပွားမှုသည်  ဆောင်းရာသီဖြစ်၍  နှစ်စဉ်ရောဂါ ဖြစ်ပွားမှုပုံစံအတိုင်း မြင့်တက်ခြင်းသာဖြစ်ပြီး HMPV ဗိုင်းရပ်စ်ပိုးကြောင့်  အသက်ရှူလမ်းကြောင်း ရောဂါဖြစ်ပွားမှု အခြေအနေကို အရေးပေါ်အခြေအနေအဖြစ် သတ်မှတ်ကြေညာထားခြင်း မရှိကြောင်း သိရသည်။ ထို့ပြင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ယခုနှစ် အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါ ဖြစ်ပွားမှုသည် ယခင်နှစ်နှင့် နှိုင်းယှဉ်ပါက  ရောဂါဖြစ်ပွားမှုအရေ အတွက်အရသော်လည်းကောင်း၊ ရောဂါပြင်းထန်မှုအရသော် လည်းကောင်း     လျော့နည်းသွားကြောင်း   သိရသည်။

HMPV  ဗိုင်းရပ်စ်ပိုးသည်  အသက်အရွယ်မရွေး ကူးစက်ဖြစ်ပွားနိုင်ပြီး  ကလေးငယ်များ၊  အသက် အရွယ်ကြီးရင့်သူများနှင့်   ကိုယ်ခံအားစနစ်ကျဆင်း နေသူများတွင် ပိုမိုကူးစက်နိုင်၍ ၎င်းတို့တွင် ရောဂါ ပိုမိုပြင်းထန်နိုင်ခြေရှိသည်။   သို့ရာတွင်   ရောဂါပိုးကြောင့်  သေဆုံးမှုနှုန်းမှာ  အသက်ရှူလမ်းကြောင်း နှင့်ပတ်သက်သော ရောဂါများကြောင့်  သေဆုံးမှုများ အားလုံး၏ တစ်ရာခိုင်နှုန်းအောက်တွင်သာ ရှိကြောင်း သိရသည်။

HMPV ဗိုင်းရပ်စ်ပိုးသည် တခြားအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါပိုးများဖြစ်သည့် ရာသီတုပ်ကွေး နှင့် ကိုဗစ်-၁၉ ရောဂါဗိုင်းရပ်စ်ပိုးတို့ကဲ့သို့ ချောင်းဆိုး ခြင်း၊  နှာချေခြင်းမှထွက်ရှိသည့်  အစက်အမှုန်များမှ တစ်ဆင့်ကူးစက်ခြင်း  (Droplet  transmission)၊ ရောဂါကူးစက်ခံစားနေရသူနှင့် ထိတွေ့ခြင်း သို့မဟုတ် လက်ဆွဲနှုတ်ဆက်ခြင်းစသည့်     အနီးကပ်ထိတွေ့ ခြင်း၊     ရောဂါပိုးကပ်ငြိနေသည့်     အရာဝတ္ထုအသုံး အဆောင်ပစ္စည်းများနှင့်  မျက်နှာပြင်များမှတစ်ဆင့်  ပါးစပ်၊  နှာခေါင်း၊  မျက်စိတို့အား  ထိတွေ့ခြင်းတို့မှ  ကူးစက်နိုင်သည်။

ရောဂါပျိုးရက်မှာ သုံးရက်မှ ခြောက်ရက်အထိဖြစ်ပြီး ရောဂါလက္ခဏာများ အနေဖြင့် ချောင်းဆိုးခြင်း၊ ဖျားခြင်း၊   နှာပိတ်ခြင်း၊    အသက်ရှူကျပ်ခြင်းများ ခံစားရလေ့ရှိပြီး  ရောဂါကူးစက်ခံရသူ အများစုသည် ရောဂါလက္ခဏာများ စတင်ပေါ်ပေါက်သည့် အချိန်မှစ၍ သုံးရက်မှ ၁၀ ရက်အတွင်း ပြန်လည်သက်သာကောင်း မွန်လေ့ရှိသည်။  ရောဂါလက္ခဏာ ပိုမိုပြင်းထန်ပါက တခြားအသက်ရှူလမ်းကြောင်းဆိုင်ရာ    ရောဂါများ ကဲ့သို့  လေပြွန်ရောင်ခြင်း၊  အဆုတ်ရောင်ခြင်းများ ခံစားရနိုင်သည်။ ထို့ပြင် ရောဂါကြောင့် တချို့ကလေး ငယ်များတွင် ဝမ်းလျှောခြင်း၊ အန်ခြင်း၊ အနီစက်ထွက် ခြင်း၊ အဖျားကြီး၍တက်ခြင်း စသည်တို့ခံစားရနိုင်ပါ သည်။

HMPV ဗိုင်းရပ်စ်ပိုး ရှိ၊ မရှိ ဓာတ်ခွဲစမ်းသပ်စစ်ဆေး ရာတွင် Nucleic Acid Amplification Test (NAAT) ဖြင့် ဗိုင်းရပ်စ်၏မျိုးရိုးဗီဇ (Virus genome) အား စစ် ဆေးခြင်းနှင့် Immunofluorescenc eassay or  Enzyme Immunoassay ဖြင့် ဗိုင်းရပ်စ်(Virus Antigen)အား စစ်ဆေးခြင်းတို့ဖြင့် ဆောင်ရွက်နိုင်သည်။

လတ်တလောတွင်  HMPV  ဗိုင်းရပ်စ်ပိုးအတွက် ထိရောက်သည့် ဗိုင်းရပ်စ်ပိုးကို    ရှင်းလင်းနိုင်သည့် ဗိုင်းရပ်စ်ဆန့်ကျင်ဆေးဝါးများနှင့်  ကာကွယ်ဆေး များမရှိသေးဘဲ  ရောဂါလက္ခဏာများကို  သက်သာ စေသည့်ဆေးကုသမှုများသာ ဆောင်ရွက်နိုင်ကြောင်း သိရသည်။

ရောဂါကာကွယ်ရေးနည်းလမ်းများ အနေဖြင့် ရာသီ တုပ်ကွေးရောဂါပိုး၊   ကိုဗစ်-၁၉  ရောဂါပိုးတို့ကို ကာကွယ်သည်နှင့် အလားတူ  ရောဂါကာကွယ်ရေး နည်းလမ်းများဖြစ်သည့် အများပြည်သူ အသုံးပြုသည့် နေရာများရှိ မျက်နှာပြင်များကို ထိတွေ့ပြီးသည့်အခါတိုင်း၊   တခြားသူများနှင့်   မဖြစ်မနေ လက်ဆွဲနှုတ်ဆက်ပြီးသည့်အခါတိုင်းတွင်    လက်ကိုဆပ်ပြာနှင့် ရေအသုံးပြု၍ အနည်းဆုံးစက္ကန့် ၂၀ ကြာ စနစ် တကျဆေးကြောခြင်း သို့မဟုတ် ရေမလိုလက်သန့် စင်ဆေးရည်အသုံးပြုခြင်း၊ ရောဂါလက္ခဏာများဖြစ် သည့် ချောင်းဆိုးခြင်း၊ ဖျားခြင်း၊ နှာပိတ်ခြင်းဖြစ်နေသူ များနှင့်  ခပ်ခွာခွာနေခြင်း၊  ရောဂါလက္ခဏာတစ်ခုခု ရှိသူတို့အနေဖြင့် လူထူထပ်သည့်နေရာများသို့ သွား ရောက်ခြင်းမှ  ရှောင်ကြဉ်ခြင်းနှင့်  မဖြစ်မနေသွား ရောက်ပါက ပါးစပ်နှင့်နှာခေါင်းစည်းကို စနစ်တကျ တပ်ဆင်ခြင်းတို့ကို    ဆောင်ရွက်ရမည်ဖြစ်သည်။ ရောဂါလက္ခဏာရှိသူများ အထူးသဖြင့် အသက် ၆၀ နှစ်နှင့်အထက် အသက်အရွယ်ကြီးရင့်သူများ၊ ကလေးငယ်များ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် ကိုယ်ခံအား ကျဆင်းနေသူများသည်    အထက်ဖော်ပြပါရောဂါ လက္ခဏာများခံစားရသည့်အပြင်     အသက်ရှူကျပ်ခြင်း၊ မောပန်းခြင်းစသည့် ပြင်းထန်ရောဂါလက္ခဏာများပေါ်ပေါက်လာပါက နီးစပ်ရာဆေးရုံ၊ ဆေးခန်း များသို့ အမြန်ဆုံးသွားရောက်၍ ဆေးကုသမှုခံယူရ မည်ဖြစ်သည်။

ကျန်းမာရေးဝန်ကြီးဌာနသည် မြန်မာနိုင်ငံအတွင်း HMPV  ဗိုင်းရပ်စ်ပိုးနှင့် ရာသီတုပ်ကွေးရောဂါပိုး အပါအဝင် အဏုဇီဝပိုးများကြောင့်ဖြစ်ပွားသည့်  လတ် တလောအသက်ရှူလမ်းကြောင်း ရောဂါများကို အချိန် ပြည့်ရောဂါစောင့်ကြပ် ကြည့်ရှုခြင်းစနစ်ဖြင့် စောင့် ကြပ်ကြည့်ရှုလျက်ရှိသည်။ ထို့ပြင် ကမ္ဘာ့ကျန်းမာရေး အဖွဲ့မှ  အပြည်ပြည်ဆိုင်ရာ    ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ်  ကြေညာထားသော ကူးစက်ရောဂါများ နိုင်ငံအတွင်းသို့ ကူးစက်မှုမရှိစေ ရေးအတွက် အပြည်ပြည်ဆိုင်ရာလေဆိပ်၊ ဆိပ်ကမ်းနှင့် နယ်စပ်ဝင်ထွက်ပေါက်များတွင် ကူးစက်ရောဂါစောင့်ကြပ် ကြည့်ရှုခြင်း လုပ်ငန်းများနှင့်   ကမ္ဘာ့နိုင်ငံ အသီးသီးမှ ကျန်းမာရေးဆိုင်ရာထုတ်ပြန်ချက်များကို     စဉ်ဆက်မပြတ်စောင့်ကြပ် ကြည့်ရှုလျက်ရှိပြီး ရောဂါကာကွယ်ထိန်းချုပ် ကုသရေးတုံ့ပြန်ဆောင်ရွက် မှုများကို အချိန်နှင့်တစ်ပြေးညီ အထူးအလေးထား၍ ဦးစားပေးလုပ်ငန်းအဖြစ် ဆောင်ရွက်လျက်ရှိသည်။

အချုပ်ဆိုရသော်  ယခုကဲ့သို့  ဆောင်းရာသီကာလတွင် ဖြစ်ပွားမှုများပြားနိုင်သည့် HMPV  ဗိုင်းရပ်စ်ပိုး နှင့်   ရာသီတုပ်ကွေးရောဂါ ဗိုင်းရပ်စ်ပိုးတို့ကဲ့သို့သော ဗိုင်းရပ်စ်ပိုးများကြောင့် ဖြစ်ပွားသည့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါများနှင့် တခြားအဏုဇီဝ ရောဂါပိုးများကြောင့်ဖြစ်ပွားသည့် လတ်တလောအသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါများမှ ကာကွယ်နိုင်ရေး  ကျန်းမာရေးအသိ၊  ကျန်းမာရေးသတိရှိစွာ ဖြင့်  ရောဂါကာကွယ်ရေးနည်းလမ်းများကို  သိရှိပြီး အားလုံးက   လိုက်ပါဆောင်ရွက်ကြရန်   လိုအပ်ပါကြောင်း ရေးသား တင်ပြလိုက်ရပါသည်။