၂၀၂၄ ခုနှစ် အင်ဒို-ပစိဖိတ်ဒေသ၌ လုပ်ဆောင်ခဲ့သည့် စစ်ရေး ဆောင်ရွက်မှုများ

 

၂၀၂၄ ခုနှစ် အင်ဒို-ပစိဖိတ်ဒေသ၌ လုပ်ဆောင်ခဲ့သည့် စစ်ရေး ဆောင်ရွက်မှုများ

 

      အာရှဒေသအပါအဝင်   ကမ္ဘာ့နိုင်ငံ အများအပြားသည် ပြောင်းလဲလာသည့် ပထဝီနိုင်ငံရေး အခြေအနေများကြောင့် ယခုအခါ ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုလုပ်ဆောင် လာခဲ့ကြသည်။   ထိုသို့ လုပ်ဆောင်ရာတွင် မိတ်ဖက်နိုင်ငံများနှင့် ပူးပေါင်းစစ်ရေးလေ့ကျင့်ခြင်း၊ ကာကွယ်ရေးနည်းပညာနှင့်    အတွေ့အကြုံများ အပြန်အလှန်ဖလှယ်ခြင်း၊ မိတ်ဖက်နိုင်ငံများ၏ ကာကွယ်ရေး စွမ်းဆောင်ရည် တိုးတက်လာစေရေးအတွက် အကူအညီများ ပေးအပ်ခြင်းတို့ကို လုပ်ဆောင်လာခဲ့ကြသည်။

ထို့ပြင် နိုင်ငံစုံပူးတွဲစစ်ရေး လေ့ကျင့်မှုများတွင် ပါဝင်လေ့ကျင့်ခြင်း၊ ဆိုက်ဘာလုံခြုံရေး၊ လေကြောင်းရန် ကာကွယ်ရေး၊ ပင်လယ်ရေကြောင်းလုံခြုံရေး  စသည့် ကိစ္စရပ်များတွင်   စစ်ရေးမိတ်ဖက်နိုင်ငံများနှင့်   ပူးပေါင်းဆောင်ရွက်ခြင်းနှင့် အကြံဉာဏ်များ  အပြန်အလှန်ရယူခြင်း တို့ကိုပါ    လုပ်ဆောင်လာခဲ့ကြသည်။

သို့ဖြစ်ရာ ၂၀၂၄ ခုနှစ်အတွင်း အာရှနိုင်ငံများကြား လုပ်ဆောင်ခဲ့သည့် ကာကွယ်ရေးပူးပေါင်း ဆောင်ရွက်မှုများစွာအနက်မှ အချို့ကို ကောက်နုတ်တင်ပြလိုက်ရပါသည်။

ဂျပန်နှင့်ဖိလစ်ပိုင်တို့ကြား ပူးပေါင်းဆောင်ရွက်မှု

    ဂျပန်နိုင်ငံသည် ၎င်းတို့၏ ၂၀၂၄ ဘဏ္ဍာနှစ်အတွက် တရားဝင်လုံခြုံရေးဆိုင်ရာ အကူအညီအဖြစ်    ဖိလစ်ပိုင်နိုင်ငံသို့ အနည်းဆုံး ယန်း ၁ ဒသမ ၆ ဘီလီယံတန်ဖိုးရှိ ကာကွယ်ရေးပစ္စည်းများကို ထောက်ပံ့ပေးမည့် သဘောတူညီချက်တစ်ရပ်ကို ဖိလစ်ပိုင်နိုင်ငံ  မနီလာမြို့တော်၌ ၂၀၂၄ ခုနှစ်  ဒီဇင်ဘာလ ၅ ရက်တွင် လက်မှတ်ရေးထိုးခဲ့သည်။

အဆိုပါသဘောတူညီချက်ကို ဖိလစ်ပိုင်နိုင်ငံဆိုင်ရာ   ဂျပန်သံအမတ်  အန်ဒိုနှင့် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး   အန်းရစ် မာနာလိုတို့က ဖိလစ်ပိုင်ကာကွယ်ရေးဝန်ကြီး ဂီလ်ဘတ်တို တိုယိုဒိုရို၏ရှေ့မှောက်တွင် လက်မှတ်ရေးထိုးခြင်းဖြစ်သည်။

ဂျပန်နိုင်ငံက ဖိလစ်ပိုင်နိုင်ငံသို့ပေးအပ်မည့် အကူအညီများတွင် လေထိုးနိုင်သည့် လှေများ၊ ကမ်းရိုးတန်းစောင့်ကြည့်ရေး ရေဒါများနှင့် ဖိလစ်ပိုင်ရေတပ်မတော်၏ ရေကြောင်းစောင့်ကြည့်မှုစွမ်းရည် တိုးတက်ကောင်းမွန်စေရေး   အထောက်အကူပြုသည့် ပစ္စည်းကိရိယာများ ပါဝင်သည်။

ထို့ပြင် ဖိလစ်ပိုင်လေတပ်အနေဖြင့်လည်း ၎င်းတို့၏ဝေဟင်စောင့်ကြည့် ထောက်လှမ်းရေးရေဒါအတွက်  လိုအပ်သည့်အပိုပစ္စည်းများကို လက်ခံရရှိမည်ဖြစ်သည်။ ဂျပန်နိုင်ငံသည် အဆိုပါရေဒါအား ဖိလစ်ပိုင်လေတပ်သို့အစောပိုင်းကတည်းက ထောက်ပံ့ပေးခဲ့ပြီးဖြစ်သည်။

ဖိလစ်ပိုင်နိုင်ငံသည်    အစိုးရအဖွဲ့များကြား   သဘောတူချမှတ်ထားသည့် လွှဲပြောင်းပေးရေး သဘောတူညီချက်အရ ဒေါ်လာ ၁၀၃ ဒသမ ၅ သန်းခန့် တန်ဖိုးရှိ ရွေ့လျားနိုင်သည့် ရေဒါစနစ်တစ်ခုကို လည်းရရှိထားပြီးဖြစ်သည်။ အဆိုပါရေဒါစနစ်ကို Mitsubishi Electric  ကုမ္ပဏီက ထုတ်လုပ်ထားခြင်းဖြစ်ပြီး ဖိလစ်ပိုင်နိုင်ငံသို့ ၂၀၂၃ ခုနှစ်ကတည်းက လွှဲပြောင်းပေးထားပြီးဖြစ်သည်။

ထို့ပြင် ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်ဖွဲ့ကလည်း ဂျပန်နိုင်ငံနှင့်သဘောတူညီချက် ချမှတ်ထားသည့် ကာကွယ်ရေးပစ္စည်း ငှားရမ်းခွင့်ပြုရေး သဘောတူညီချက်အရ အရှည် ၄၄ မီတာနှင့် ၉၄ မီတာရှိ ဘက်စုံသုံး အလျင်အမြန်တုံ့ပြန်ရေးရေယာဉ်များကို လက်ခံရရှိထားသည်။

ပစိဖိတ်စစ်နယ်ဝန်းသို့ သင်္ဘောဖျက်ဒုံးကျည်စနစ်ကို ဖြန့်ကြက်ခဲ့သည့် အမေရိကန်

      အမေရိကန်စစ်ဘက်သည် ဟာဝိုင်အီရှိ အမှတ် (၃) ကမ်းနီးတပ်ရင်းကြီးသို့ မြေပြင်အခြေပြုသင်္ဘောဖျက်ဒုံးကျည်စနစ် တစ်ခုကို ၂၀၂၄ ခုနှစ်  နိုဝင်ဘာလအတွင်းက ဖြန့်ကြက်ခဲ့သည်။ အဆိုပါဒုံးကျည်စနစ်သည် Kongsberg Defense Aerospace နှင့် Raytheon တို့ကထုတ်လုပ်သည့် ပစ်မှတ်ကိုတိကျစွာတိုက်ခိုက်နိုင်သော ရေတပ်သုံးဒုံးကျည်ကို အသုံးပြုမည်ဖြစ်သည်။

အဆိုပါဒုံးကျည်စနစ်သည် ရေမိုင် ၁၀၀ (မိုင် ၁၈၅ မိုင်ခန့်)အကွာမှ ရွေ့လျားနေသည့်ပစ်မှတ် သို့မဟုတ် ကုန်းပေါ်ရှိပစ်မှတ်တို့ကို    ရှာဖွေထောက်လှမ်း၍ တိုက်ခိုက်ဖျက်ဆီးနိုင်စွမ်းရှိသည်။    အမေရိကန်စစ်ဘက်သည် အဆိုပါဒုံးကျည်စနစ်ကို အမှတ် (၃) ကမ်းနီးတပ်ရင်းကြီးသို့ ၂၀၂၃ခုနှစ်ကတည်းက ဖြန့်ကြက်ရန်စီစဉ်ခဲ့ခြင်းဖြစ်သော်လည်း အစီအစဉ်အား ရွှေ့ဆိုင်းခဲ့ရသည်။

အမေရိကန်စစ်ဘက်သည်   အဆိုပါမြေပြင်အခြေပြု သင်္ဘောဖျက်ဒုံးကျည်စနစ်ကို ကမ်းတပ်ဖွဲ့ဝင်အချို့တပ်စွဲထားသည့် ကျွန်းများပေါ် ဖြန့်ကြက်ရန်ရည်ရွယ်ထားသည်။ ရည်ရွယ်ချက်မှာ အခြားပြိုင်ဘက်နိုင်ငံများ၏ရေတပ်သင်္ဘောများအား ပစ်မှတ်ထားဟန့်တားရန်ဖြစ်သည်။

မကြာမီက လုပ်ဆောင်ခဲ့သည့် RIMPAC စစ်ရေးလေ့ကျင့်မှုတွင် အမေရိကန်ကမ်း တပ်ဖွဲ့ဝင်များသည်   အဆိုပါဒုံးကျည်နှစ်စင်းကို     ပစ်ခတ်လေ့ကျင့်ခဲ့သည်။ အမေရိကန်ပြည်ထောင်စုသည် အင်ဒို-ပစိဖိတ်ဒေသတွင် တရုတ်၏ အင်အားကြီးထွားလာမှုအား  တန်ပြန်ရန်အတွက် နည်းလမ်းမျိုးစုံဖြင့် လုပ်ဆောင်လျက်ရှိရာ အမေရိကန်၏ အဆိုပါ လုပ်ဆောင်မှုကြောင့် လာမည့် အနာဂတ်ကာလတွင်   အင်ဒို-ပစိဖိတ် ဒေသအတွင်း အင်အားကြီးနိုင်ငံများကြား ပြိုင်ဆိုင်မှုများ မြင့်တက်လာနိုင်သည်။       ။