
ငါး၊ ပုစွန်မွေးမြူရေးဖွံ့ဖြိုးတိုးတက်မှုအဟန့်အတားများ
ငါး၊ ပုစွန်ရောဂါများကင်းရှင်းစေရန် ကြိုတင်ကာကွယ်ခြင်းသည် ငါး၊ ပုစွန်မွေးမြူရေး လုပ်ငန်း၌ အရေးကြီးသော အချက်တစ်ခုဖြစ်သည်။ ကူးစက်ရောဂါများသည် ငါး၊ ပုစွန်များ၏ကျန်းမာရေးကို ထိခိုက်စေပြီး ထုတ်လုပ်မှုနှင့် စီးပွားရေးအတွက် ဆိုးကျိုးများစွာဖြစ်စေပါသည်။ ရာသီဥတုပြောင်းလဲမှု၏ ရေရှည်အကျိုးဆက်များ ဖြစ်သော မိုးရွာသွန်းနှုန်းနည်းပါးလာခြင်း၊ ပင်လယ်ရေမျက်နှာပြင် အပူချိန်မြင့်မားလာခြင်း စသည့်အကြောင်းအချက်များသည် ရေလုပ်ငန်းဆိုင်ရာ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများအပေါ်၌ သက်ရောက်မှုရှိစေပါသည်။ မြင့်မားသော ရေအပူချိန်သည် ငါး၊ ပုစွန်များ၏ ကိုယ်ခံအားစနစ်ကို ထိခိုက်စေနိုင်ပြီး ခန္ဓာကိုယ်ပေါ်တွင်ရှိသော ရောဂါပိုးမွှားများကို ခံနိုင်ရည်ရှိစေပါသည်။ ထို့အချက်ကြောင့် ရာသီဥတုပြောင်းလဲမှုသည် ငါး၊ ပုစွန်ရောဂါများဖြစ်ပွားမှုနှင့် ပြင်းထန်မှုကို တိုးမြင့်လာစေနိုင်ပါသည်။
ငါး၊ ပုစွန်ရောဂါဖြစ်ပွားရသည့်အကြောင်းရင်း
ရောဂါကြိုတင်ကာကွယ်ခြင်းနှင့် ထိန်းချုပ်ခြင်း၏ အခြေခံအချက်များမှာ ရောဂါကူးစက်ပျံ့နှံ့စေသော ကွင်းဆက်ကို ပြတ်တောက်ပျက်စီးအောင် ပြုလုပ်ခြင်းပင်ဖြစ်ပါသည်။
ကပ်ပါးပိုးများနှင့် ရောဂါပိုးများပျံ့နှံ့မှုသည် အပူချိန်ပြောင်းလဲမှုကြောင့် တိုက်ရိုက်သက်ရောက်မှု ရှိသော်လည်း သွယ်ဝိုက်သောနည်းအားဖြင့် လက်ခံကောင်နှင့် လက်ခံကောင်မှတစ်ဆင့် ပြန်လည်ကူးစက်၍လည်း သက်ရောက်မှုရှိနိုင်ပါသည်။ ဖြစ်ပွားသောရောဂါများသည် ပတ်ဝန်းကျင်နှင့် ရာသီဥတုဆိုင်ရာ အဖြစ်အပျက်များနှင့် ဆက်စပ်နေပါသည်။ အပူချိန်တိုးလာသည်နှင့်အမျှ ငါးကပ်ပါးပိုးများနှင့် ရောဂါပိုးမွှားများ၏ ကူးစက်နှုန်းသည်လည်း တိုးလာမည်ဖြစ်ပါသည်။ ငါးမျိုးစိတ်တစ်ခုချင်းစီ၏ ခံနိုင်ရည်စွမ်းအားသည် ပုံမှန်နွေရာသီအပူချိန် ၂၈ ဒီဂရီဆဲစီးယပ်တွင် အကောင်းဆုံးဖြစ်ပါသည်။
ရေ၏အပူချိန်သည်အကောင်းဆုံး အခြေအနေ ၂၈ ဒီဂရီဆဲစီးယပ်၏အထက် သို့မဟုတ် အောက်တွင်ရှိပါက ဇီဝကမ္မဆိုင်ရာ ဖိစီးမှုဖြစ်စေနိုင်ပြီး ရောဂါကူးစက်နိုင်ခြေနှင့် သေဆုံးနိုင်ခြေကို တိုးမြင့်စေနိုင်ပါသည်။ အပူချိန်ပြောင်းလဲခြင်းသည် ငါးများ၏ခုခံအား ကျဆင်းခြင်း၊ ကပ်ပါးကောင်များနှင့် ရောဂါ ပိုးမွှားများဖြစ်ပွားမှု တိုးလာခြင်းတို့နှင့်အတူ ခုခံစွမ်းအား၏ တုံ့ပြန်မှုပြောင်းလဲခြင်းဖြင့် ရောဂါဖြစ်ပွားနိုင်ခြေတိုးလာပြီး ငါး၊ ပုစွန်များအပေါ်တွင် အကျိုးသက်ရောက်စေမည်ဖြစ်ပါသည်။ ထို့ပြင် ဖြစ်ပွားတတ်သော ရောဂါအများစုမှာ ရေအရည်အသွေးညံ့ဖျင်းခြင်း၊ ရေပူလွန်းအေးလွန်းချိန်များ၌ ငါးများတွင် အထိအမိများမှုကြောင့် စိတ်ဖိစီးမှုများခြင်း၊ ပြင်ပမှ ဝယ်ယူ/သယ်ဆောင်လာသော ငါးများကို ငါးများထည့်သွင်းရမည့် နှုန်းထက် များပြားခြင်း၊ ရောဂါဖြစ်ပွားသောငါးများကို သီးသန့်ခွဲထားမှု မရှိခြင်း၊ နဂိုရှိရင်းစွဲရောဂါပိုး၊ လက်ခံကောင် စသည့်အချက်များကြောင့် ရောဂါကူးစက်နှုန်း များပြားခြင်းတို့ဖြစ်စေနိုင်ပါသည်။ ထိုသို့သော အခြေအနေမျိုး၌ မိမိတို့မွေးမြူထားသော ငါး၊ ပုစွန်များမှာ ကိုယ်ခံအားကျဆင်းနေပါက ရောဂါအလွယ်တကူ ကူးစက်နိုင်ပြီး သေသည်အထိဖြစ်ပေါ်စေနိုင်ပါသည်။
ထို့ကြောင့် ပတ်ဝန်းကျင်ကို သင့်လျော်သော ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နိုင်လျှင် ငါး၊ ပုစွန်ရောဂါများ ကျရောက်မှုလျော့နည်းစေနိုင်မည်ဖြစ်ပါသည်။ မွေးမြူရေးကန်များ၌ ငါး/ပုစွန်ရောဂါ ဖြစ်ပွားမှုမရှိရန် ကြိုတင်ကာကွယ်ရမည်ဆိုပါလျှင် -
(၁) အရည်အသွေးကောင်းသောရေသည် အကျိုးပြုဗက်တီးရီးယားများပေါက်ပွားရန် အားပေးသဖြင့် ရောဂါပိုးများ နည်းပါးသွားခြင်းကြောင့် ရေအရည်အသွေး ကောင်းမွန်အောင်ပြုပြင်ပေးခြင်း။
(၂) မွေးမြူထားသော မျိုးစိတ်အလိုက် ကိုယ်ခံအား မြင့်မားစေရန် အာဟာရပြည့်မီသော အစာကျွေးခြင်း။
(၃) ရာသီဥတုအလိုက် ရေအရည်အသွေး ပြောင်းလဲမှုမရှိစေရေး ပုံမှန်စစ်ဆေးခြင်း။
(၄) မွေးမြူရေးကန်များ၌ ရောဂါများကျရောက်မှုရှိ/မရှိပုံမှန်စစ်ဆေးခြင်း။
(၅) ငါး၊ ပုစွန်များသေဆုံးမှုရှိလျှင် ငါး၊ ပုစွန်မွေးမြူရေး ကျွမ်းကျင် ပညာရှင်များနှင့် တိုင်ပင်ဆွေးနွေးခြင်းတို့ လုပ်ဆောင်ရမည်ဖြစ်ပါသည်။
ရောဂါပိုးများတွေ့ရှိနိုင်သည့် ငါးမျိုးစိတ်များ ကန်အောက်ခြေမြေပြင်၌နေထိုင်ပြီး အကြေးခွံမရှိသောငါးများဖြစ်သည့် ငါးကျည်း၊ ငါးခူ၊ ငါးရှဉ့်အစရှိသော ငါးများမှာ ပို၍ရောဂါအဖြစ်များပြီး ငါးရံ့၊ ငါးပြေမများသည် ဒုတိယအဖြစ်များကာ အကြေးခွံရှိသော ငါးကြင်း၊ ငါးသိုင်း၊ ငါးမြစ်ချင်း၊ တီလားဗီးယား၊ ငါးခုံးမအစရှိသည့် ငါးများသည် တတိယအဖြစ်များဆုံး ဖြစ်ပါသည်။
ဆောင်းရာသီဝင်ရောက်ချိန်နှင့် နွေရာသီကူးပြောင်းချိန်တို့၌ ရောဂါအများဆုံး ဖြစ်ပွားနိုင်သော်လည်း ကန်ရေအရည်အသွေး ညံ့ဖျင်းမည်ဆိုပါက ရာသီမရွေး ရောဂါဖြစ်ပွားနိုင်ပါသည်။ ငါးများ၌ ရောဂါစတင်ဖြစ်ပွားလာပြီဆိုပါလျှင် ရေပေါ်တွင်ပေါ်လာခြင်း၊ ကူးခပ်ပုံနှေးကွေးလာခြင်း၊ အစားအစာကောင်းစွာမစားခြင်း၊ ရေပေါ်လွှာနှင့်ရေအောက်လွှာတွင် နေထိုင်ကျက်စားသော အကြေးခွံရှိသည့် ငါးမြစ်ချင်း၊ ငါးကြင်း၊ တီလားဗီးယားငါးများသည် ရေမျက်နှာပြင်အောက် တစ်ပေခန့်မှာ မကူးခပ်ဘဲတန့်နေခြင်း၊ ငါး၏ ခန္ဓာကိုယ်ပေါ်တွင် အနီကွက်များဖြစ်ပေါ်ခြင်း၊ မီးလောင်ထားသကဲ့သို့ဖြစ်နေခြင်းနှင့် ပါးဟက်များ မည်းနေခြင်းစသည့် လက္ခဏာများဖြစ်ပေါ်လာမည်ဖြစ်သဖြင့် သတိပြုရမည်ဖြစ်ပါသည်။
ငါး၊ ပုစွန်ရောဂါအမျိုးအစားများကို ထပ်မံခွဲခြားရလျှင် မကူးစက်တတ်သောရောဂါများနှင့် ကူးစက်တတ်သောရောဂါများဟူ၍ နှစ်မျိုးရှိရာတွင် မကူးစက်တတ်သောရောဂါများမှာ ပတ်ဝန်းကျင်အခြေအနေကြောင့်ဖြစ်သည့် ရောဂါနှင့် အစာအာဟာရကြောင့် ဖြစ်ပွားသည့်ရောဂါဟူ၍ လည်းကောင်း၊ ကူးစက်တတ်သော ရောဂါများ၌ ဗိုင်းရပ်ပိုးကြောင့် ဖြစ်ပွားသောရောဂါများ၊ ဗက်တီးရီးယားကြောင့်ဖြစ်သောရောဂါများ၊ မှိုကြောင့်ဖြစ်သော ရောဂါများနှင့် ကပ်ပါးပိုးကြောင့်ဖြစ်ပွားသောရောဂါများဟူ၍ ဖြစ်ပါသည်။
မကူးစက်တတ်သောရောဂါများ
-ပတ်ဝန်းကျင်အခြေအနေကြောင့်ဖြစ်သည့်ရောဂါ-
ရောဂါဖြစ်ပွားရသည့် ပတ်ဝန်းကျင် အခြေအနေများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
- ရေအပူချိန်- ရေနေသတ္တဝါများသည် ရေအပူချိန်ကျဆင်းခြင်းကို ခံနိုင်ရည်ရှိသော်လည်း အပူချိန်မြင့်မားပါက ရောဂါပိုမိုဖြစ်စေနိုင်ပြီး ရေအပူချိန်လျင်မြန်စွာ ပြောင်းလဲပါက ဖိစီးမှုဒဏ်ပိုမိုဖြစ်စေနိုင်ခြင်း။
- အောက်ဆီဂျင်နှင့်ကာဗွန်ဒိုင်အောက်ဆိုက်- ငါးငယ်များသည် ငါးကြီးများထက် အောက်ဆီဂျင် ပိုမိုလိုအပ်သဖြင့် အောက်ဆီဂျင်မလုံလောက်ပါက ပါးဟက်များတွင် ကပ်ပါးပိုးမွှားများစုနေတတ်ပြီးနောက် ပါးဟက်မျှင်များပျက်စီးခြင်းကိုဖြစ်စေနိုင်ခြင်း။
- အမိုးနီးယား- ရေတွင် အမိုးနီးယားမြင့်တက်လျှင် ချဉ်ဖန်နှုန်းကိုပြောင်းလဲစေနိုင်ပြီး ငါးများ၏ ပါးဟက်နှင့် အခြားသော အင်္ဂါများကို ပျက်စီးစေနိုင်ခြင်း။
- နိုက်ထရိတ်နှင့်နိုက်ထရိုက်- နိုက်ထရိတ်သည် ငါးများကို အဆိပ်အတောက် မဖြစ်စေနိုင်သော်လည်း နိုက်ထရိုက်မှာ အဆိပ်အတောက်ဖြစ်စေနိုင်ကာ မတ်ဟီမိုဂလိုဘင်ဓာတ်ကို ထုတ်ယူပြီး သွေးရောဂါဖြစ်စေနိုင်ခြင်း။
- ကာဗွန်ဒိုင်အောက်ဆိုက်- ငါးများ၏သွေးထဲတွင် ကာဗွန်ဒိုင်အောက်ဆိုက် မြင့်မားနေပါက အောက်ဆီဂျင်ကို ဟန့်တားမှုဖြစ်စေနိုင်သကဲ့သို့ ကျောက်ကပ်ကို ပျက်စီးစေနိုင်ခြင်း။
- ကလိုရင်း- ရေထဲတွင် ကလိုရင်းများနေပါက သို့မဟုတ် ပျော်ဝင်မှု အားကောင်းခြင်းမရှိပါက ငါးများ၏ပါးဟက်ကို ထိခိုက်စေနိုင်ခြင်း (ရေ ၁ လီတာတွင် ဆိုဒီယမ်သိုင်အို ဆာလဖိတ် ၁ ဂရမ်နှုန်းဖြင့် ကလိုရင်းပြယ်စေရန် ဆောင်ရွက်နိုင်ပါသည်။)
အစာအာဟာရကြောင့် ဖြစ်ပွားသည့်ရောဂါ
- အစာငတ်မွတ်ခြင်း- သင့်လျော်သောအစာအာဟာရနှင့် အရည်အသွေးပြည့်ဝမှုမရှိခြင်း။
- အာဟာရလျော့နည်းခြင်း- ထည့်သွင်းဖော်စပ်ထားသော အာဟာရတန်ဖိုးများ လျော့နည်းခြင်းကြောင့် ခေါင်းကြီးကိုယ်သေးခြင်း၊ အရိုးပုံပျက်ခြင်း၊ ကြီးထွားမှု နှေးကွေးခြင်းတို့ဖြစ်စေနိုင်ပါသဖြင့် အစာကျွေးသည့်အခါ သို့မဟုတ် ဖော်စပ်စာများပြုလုပ်ချိန်တွင် မွေးမြူမည့်ငါးမျိုးစိတ်အလိုက် အာဟာရလိုအပ်ချက် ထည့်သွင်း၍ ကျွေးခြင်း၊ မွေးမြူကန်ရေ နောက်ကျိမှုမရှိစေရန် အတွက် လိုအပ်သော ကန်ပြုပြင်စီမံဆောင်ရွက်ခြင်းနှင့် ရေအရည်အသွေးပုံမှန်စစ်ဆေးရန် လိုအပ်ခြင်း။
ငါး၊ ပုစွန်မွေးမြူရေး ဖွံ့ဖြိုးတိုးတက်မှုနှင့် ရောဂါကြိုတင်ကာကွယ်မှု
ငါး၊ ပုစွန်ရောဂါသည် ဖြစ်ပွားမှကုသခြင်းထက် ကြိုတင်ကာကွယ်ခြင်းက ပိုမိုထိရောက်ပြီး အကျိုးရှိစေပါသည်။ ပိုမိုကောင်းမွန်သော စီမံခန့်ခွဲမှု အလေ့အကျင့်များကို အကောင်အထည်ဖော်ခြင်းသည် ငါး၊ ပုစွန်များ ရောဂါမကြာခဏဖြစ်ပွားမှုနှင့် ထုတ်လုပ်မှုဆုံးရှုံးမှုများကို ကာကွယ်ရန် အရေးကြီးဆုံးဖြစ်ပါသည်။ နေအပူချိန် မြင့်မားလွန်ကဲမှုကြောင့် ငါးမွေးမြူရေးကန်များရှိ ရေများရေငွေ့ပြန်ပြီး ရေလျော့နည်း ကျဆင်းလာသဖြင့် ကန်ထဲရှိငါးများ၏ စွန့်ပစ်အညစ်အကြေးကြောင့်သော် လည်းကောင်း၊ မွေးမြူထားသောငါးများကို အစာလွန်ကဲသဖြင့် စားကြွင်းစားကျန်များကြောင့်သော် လည်းကောင်း၊ရေထုညစ်ညမ်းပြီး ဆက်စပ်၍ ငါးရောဂါများကျရောက်တတ်သဖြင့် သြဇာဓာတ်ထည့်သွင်းခြင်းနှင့် ငါးအစာများ အလွန်အကျွံကျွေးခြင်းများကို လျှော့ချရန် လိုအပ်ပါသည်။ ထို့အတူ ရာသီဥတုအပြောင်းအလဲများကြောင့် နံနက်ပိုင်းမိုးအုံ့သောရက်များ၊ နှင်းကျသောရက်များနှင့် နေထွက်နောက်ကျသော ရက်များတွင် ငါးများ ခေါင်းထောင်လျက် ကူးခပ်ခြင်း၊ ကမ်းစပ်သို့စုပြုံလာခြင်းမျိုးဖြစ်ပါက ကန်အတွင်းသို့ ရေသွင်းခြင်း၊ ရေပန်းချပေးခြင်း၊ ရေဒလက်များမောင်းပေးခြင်း၊ လှေလှော်ပေးခြင်း စသည့်နည်းလမ်းများဖြင့် ရေတွင်ပျော်ဝင် အောက်ဆီဂျင်မြင့်တက်စေရေး ဆောင်ရွက်ပေးရန် လိုအပ်ပါသည်။ ငါးမွေးမြူရေးကန်များရှိ ရေများသည်အပူချိန်ကြောင့် ရေခန်းခြောက်လာမည်ဆိုပါက သန့်ရှင်းသောရေသစ်များ ပြန်လည်ဖြည့်သွင်းပေးရန်၊ ရေအသစ်လဲလှယ်နိုင်ရန်၊ ရေကောင်းရေသန့် သိုလှောင်ကန်ထည့်ထားသည့် အရန်ကန်စီစဉ်ထားရှိရန်၊ ရေအသစ်သွင်းရန် အခက်အခဲရှိပါက မွေးမြူထားသော ငါးများကို အရေအတွက်လျှော့ချပေးရန်၊ ရေအပူချိန်မြင့်မားသော အချိန်များတွင် ရေထုညစ်ညမ်းမှုကို ဖြစ်စေသည့် ကစော်ဖတ်၊ ဝါစေ့ကြိတ်ဖတ်များကျွေးခြင်းကို ရှောင်ကြဉ်၍ ပုံမှန်အစာများကိုသာ ကျွေးရန်နှင့် အစာကျန်ရှိ/မရှိပုံမှန်စစ်ဆေးရန်၊ ကန်အခြေအနေနှင့် ကန်ရေအရည်အသွေး ပြောင်းလဲမှုအခြေအနေများကို နေ့စဉ် နံနက် ၆ နာရီမှ ၇ နာရီကြားတွင် ပုံမှန်စစ်ဆေးပေးရန် စသည့်အချက်များကို လိုက်နာဆောင်ရွက်ပေးမည်ဆိုပါလျှင် မိမိတို့မွေးမြူထားသော ငါးများမှာကြီးထွားနှုန်း ကောင်းမွန်ပြီး အထွက်နှုန်းတိုးတက်မည်မှာ မလွဲဧကန်ဖြစ်ပါကြောင်း ရာသီဥတုပြောင်းလဲမှုက ငါး၊ ပုစွန်ရောဂါအပေါ် သက်ရောက်မှုနှင့် ပတ်သက်သည့် အချက်အလက်များကို ပြန်လည်၍ မျှဝေရေးသား တင်ပြလိုက်ရပါသည်။ ။