သတိထားစရာ HMPV အသက်ရှူလမ်းကြောင်းရောဂါ

 

သတိထားစရာ HMPV အသက်ရှူလမ်းကြောင်းရောဂါ

 

      ဆောင်းရာသီ၏အေးမြမှုနှင့်အတူ အအေးမိတုပ်ကွေးဝေဒနာများ မကြာခဏ ခံစားကြရလေ့ရှိသည်။ ထိုအအေးမိတုပ်ကွေးနှင့် ဆင်တူသော Human Metapneumo virus ရောဂါ တရုတ်နိုင်ငံ၌ ဖြစ်ပွားနေမှုအပေါ် လူအများမှ စိတ်ဝင်တစားဖြစ်ခဲ့ရသည်။ ကိုဗစ်-၁၉ ရောဂါကဲ့သို့ အသေ အပျောက်များမည်ကိုလည်း    စိုးရိမ်နေကြသကဲ့သို့ တရုတ်နှင့်မြန်မာ နယ်နိမိတ်ချင်းထိစပ်နေသဖြင့် မိမိနိုင်ငံသို့ ပျံ့နှံ့ဝင်ရောက်လာမည်ကို လည်း သတိထား စောင့်ကြည့်နေရသည်။

HMPV ဗိုင်းရပ်စ်ပိုးသည် တုပ်ကွေးအအေးမိသကဲ့သို့ လက္ခဏာများကို ခံစားရစေသော  အသက်ရှူလမ်းကြောင်းကိုထိခိုက်စေသည့် ရောဂါပိုး ဖြစ်သည်။ Respiratory syncytial virus နှင့်တူသော Pneumoviridae မိသားစုတွင်ပါဝင်သည့်  RNA  ဗိုင်းရပ်စ်ဖြစ်သည်။  ၂၀၀၁  ခုနှစ်မှစ၍ နယ်သာလန်နိုင်ငံ၌ စတင်တွေ့ရှိခဲ့သော်လည်း သုတေသနပညာရှင်များက  ထိုဗိုင်းရပ်စ်ပိုးသည်  လူများတွင်  ဝင်ရောက်ဖြစ်ပွားနေမှုမှာ အနည်းဆုံး နှစ်  ၆၀ ခန့်ပင်ရှိမည်ဟု ခန့်မှန်းကြသည်။   အထူးသဖြင့် အေးသောရာသီများ၊ ဆောင်းအကုန်နွေအကူးကာလများတွင် ရောဂါပိုး ပျံ့နှံ့ဖြစ်ပွားနှုန်းပိုခဲ့သည်။ ထိုဗိုင်းရပ်စ်ပိုးသည် အေးသောအခြေအနေတွင်ပို၍အသက်ရှည်နိုင်ပြီး အိမ်တွင်းရှိလူများကို တစ်ဦးမှတစ်ဦးသို့ လျင်မြန် စွာကူးစက်စေနိုင်သည်။  ၂၀၂၄  ခုနှစ်  ဒီဇင်ဘာလတတိယပတ်မှစ၍ တရုတ်နိုင်ငံမြောက်ပိုင်း၌  ဖြစ်ပွားမှုများတွေ့ရှိရသဖြင့်  ကိုဗစ်-၁၉ ရောဂါကဲ့သို့ ကမ္ဘာ့ကပ်ရောဂါသဖွယ်မဖြစ်အောင် ရောဂါထိန်းချုပ်ရေး ဌာနများမှ ကာကွယ်ရေးနည်းလမ်းများကို လူထုအားသတိပေးဆောင် ရွက်လျက်ရှိသည်။ ယခုအခါ မလေးရှား၊ ဟောင်ကောင်၊ ကာဂျစ္စတန်၊ အိန္ဒိယနိုင်ငံတို့၌လည်း ရောဂါဖြစ်ပွားသူများတွေ့ရှိရသည်။

ရောဂါ၏သဘောသဘာဝမှာ လက်ရှိ ပြင်းထန်မှုမရှိဘဲ ပြန့်ပွားနှုန်း လည်း နည်းပါးနေသေးသော်လည်း  အသက်   ငါးနှစ်အောက်ကလေး ငယ်များ၊ အသက် ၆၅ နှစ်အထက်လူကြီးများ၊  HIV၊ ကင်ဆာရောဂါများ ကြောင့် ကိုယ်ခံစွမ်းအားစနစ်အားနည်းသူများ၊ ခုခံအားကျဆင်းစေသည့် ဆေးဝါးများသောက်သုံးနေရသူများ၊ မူလက အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါရှိသူများတွင်  ရောဂါပြင်းထန်ပြီး  လေပြွန်ရောင်ခြင်း၊ အဆုတ်ရောင်ခြင်းများဖြစ်ပွားကာ  ဆေးရုံတက်ရောက်ကုသမှုခံယူရန်  လိုအပ်သည်အထိ ဖြစ်ပွားနိုင်သည်။

ရောဂါလက္ခဏာအနေဖြင့် ရောဂါပိုးဝင်ရောက်ပြီး ဝေဒနာမခံစားရသူများရှိနိုင်သကဲ့သို့  ဝေဒနာခံစားရပါကလည်း နှာစေး၊ ချောင်းဆိုး၊ ကိုယ်လက်ကိုက်ခဲ၊ ဖျားနာ၊ လည်ချောင်းနာ၊  အစားအသောက်ပျက်ခြင်းများ ခံစားရပြီး များသောအားဖြင့် ရက်ပိုင်းအတွင်း အလိုအလျောက် သက်သာနိုင်သည်။   ဝေဒနာပြင်းထန်သောလူနာများတွင်  အသက်ရှူရခက်ခဲခြင်း၊  အသက်ရှူကျပ်ခြင်း၊ အသံပြောင်းခြင်းနှင့်  အဆုတ်ရောင်လက္ခဏာများခံစားရနိုင်သည်။  မူလက ပန်းနာရင်ကျပ်၊ အဆုတ်ပွရောဂါရှိသူများတွင် ရင်ကျပ်ဝေဒနာ ပိုမိုဆိုးရွားစွာခံစားရနိုင်သည်။  ရောဂါတစ်ကြိမ်ဖြစ်ပွားပြီးပါကလည်း  ထပ်မံဖြစ်နိုင်ခြေရှိသည်ဟုဆိုသည်။

ကမ္ဘာလုံးဆိုင်ရာစစ်တမ်းများအရ ကလေးသူငယ်များတွင် အသက် ရှူလမ်းကြောင်းဆိုင်ရာရောဂါ၏ ၁၀-၁၂ ရာခိုင်နှုန်းခန့်သည်  HMPV ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်ရပြီး  ရောဂါခံစားရသူ၏  ၅ - ၁၆  ရာခိုင်နှုန်းမှာအဆုတ်ရောင်ဝေဒနာခံစားရနိုင်သည်ဟုဆိုကြသည်။ တရုတ်နိုင်ငံရောဂါ ထိန်းချုပ်ရေးနှင့်ကာကွယ်ရေးဗဟိုဌာနမှ ထုတ်ပြန်ချက်အရ HMPV ဗိုင်းရပ်စ်ပိုးသည် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါခံစားရသူများတွင် ပိုးတွေ့ရှိမှု ၆ ဒသမ ၂ ရာခိုင်နှုန်းရှိပြီး အသက်ရှူလမ်းကြောင်း ဝေဒနာနှင့်ဆေးရုံတက်ရောက်ကုသမှု၏ ၅ ဒသမ ၄ ရာခိုင်နှုန်းရှိသည်ဟု သိရသည်။  ရောဂါလက္ခဏာများသည်  တစ်ပတ်၊   နှစ်ပတ်အတွင်းသက်သာသွားနိုင်သော်လည်း   ရောဂါပြင်းထန်သောလူနာများတွင် လနှင့်ချီ၍ပင် ခံစားရနိုင်သည်။

HMPV ဗိုင်းရပ်စ်ပိုးသည် ရောဂါရှိသူ နှာချေ၊ ချောင်းဆိုးခြင်းကြောင့် အသက်ရှူလမ်းကြောင်းမှတစ်ဆင့် တိုက်ရိုက်ဝင်ရောက်ခြင်း၊ ဗိုင်းရပ်စ် ပိုးပါဝင်သောနှာရည်၊ ချွဲသလိပ်များနှင့် တိုက်ရိုက်ထိတွေ့ခြင်း၊ ရောဂါ ပိုးကပ်ငြိနေသောဖုန်း၊ တံခါးလက်ကိုင်၊ ကွန်ပျူတာကီးဘုတ်၊ ကလေး ကစားစရာများ  ထိတွေ့ကိုင်တွယ်ခြင်း၊     လက်ဆွဲနှုတ်ဆက်ခြင်း၊ ပွေ့ဖက်နမ်းရှုပ်ခြင်းတို့သည်    ရောဂါကူးစက်စေနိုင်သောအကြောင်းများဖြစ်သည်။ ထို့ကြောင့် နှာရည်၊ သလိပ်၊ အသက်ရှူလမ်းကြောင်းမှ ထွက်လာသောအရည်များမှ  HMPV RNA  ကို  PCR  နည်းပညာဖြင့် စမ်းသပ်ရှာဖွေနိုင်သည်။

ရောဂါမကူးစက်စေရန် ရှောင်ကြဉ်ရမည့်နည်းလမ်းများမှာ အသက် ရှူလမ်းကြောင်းမှဝင်ရောက်သော ကိုဗစ်-၁၉ ရောဂါနှင့် ကူးစက်ပုံတူညီ သောကြောင့်   ကိုဗစ်-၁၉  ရောဂါကာကွယ်ထိန်းချုပ်ရေးကာလကကာကွယ်မှုနည်းလမ်းများအတိုင်း လိုက်နာဆောင်ရွက်နိုင်သည်။ လက်ကို ရေ၊ ဆပ်ပြာအသုံးပြု၍ သေချာစွာဆေးကြောပါ။ ထိုကဲ့သို့ မဆေးကြော နိုင်ပါက ရေမလိုလက်သန့်ဆေးရည်ကို အသုံးပြုနိုင်သည်။  နှာချေ၊ ချောင်းဆိုးချိန်တွင် ပါးစပ်နှင့်နှာခေါင်းကို တံတောင်ဆစ်ဖြင့်ဖုံးအုပ်ထား ရပါမည်။  လူထူထပ်သည့်နေရာများကို ရှောင်ကြဉ်ရန်လိုအပ်ပြီး   နေမကောင်းပါက သူတစ်ပါးအား ရောဂါမကူးစက်စေရန် ပါးစပ်နှင့်နှာခေါင်း စည်း(Mask) ကို  တပ်ဆင်ရမည်။  အပြင်သွားလျှင်လည်း ပါးစပ်နှင့်နှာခေါင်းစည်းတပ်ဆင်ရပါမည်။   စားသောက်ပန်းကန်ခွက်ယောက်၊ အသုံးအဆောင်များကို တခြားသူများနှင့် မျှဝေသုံးစွဲခြင်းမပြုသင့်ပေ။ မိမိ၏မျက်နှာ၊  နှာခေါင်း၊    ပါးစပ်ကို မကြာခဏကိုင်တွယ်ခြင်းကိုရှောင်ကြဉ်ရမည်ဖြစ်သကဲ့သို့   ရောဂါဖြစ်ပွားနေသူများနှင့် အနီးကပ် ထိတွေ့မှုကိုရှောင်ကြဉ်ရမည်။ ထိုဗိုင်းရပ်စ်ပိုးအတွက် သီးသန့်ကာကွယ် ဆေးမထုတ်နိုင်သေးသော်လည်း ရာသီတုပ်ကွေးကာကွယ်ဆေး ထိုးထား ခြင်းသည်လည်း အထိုက်အလျောက်သက်သာနိုင်မည်။

ရောဂါဝေဒနာခံစားရပါက   ရေများများသောက်ခြင်း၊  အိပ်ရေးဝဝ အိပ်စက်ခြင်း၊ ပူနွေးကြေညက်လွယ်သောအစာများစားကာ နွေးနွေး ထွေးထွေး နေအိမ်အတွင်းနေထိုင်သင့်သည်။  ဝေဒနာသက်သာစေသည့်  အဖျားကျဆေး၊ အကိုက်အခဲပျောက်ဆေး၊ နှာစေးချောင်းဆိုးသက်သာ စေမည့်ဆေးများ သောက်သုံးနိုင်သည်။ အဖျားကြီးပြီး အသက်ရှူခက်၊ အသက်ရှူကျပ်သည့်ဝေဒနာများခံစားရပါက၊   ကလေးငယ်များတွင် ခြေသည်းလက်သည်း၊ နှုတ်ခမ်းများပြာလာပါက၊ သွေးတွင်းအောက်ဆီဂျင် ကျလာပါက ကျန်းမာရေးဌာနများသို့ အမြန်ဆုံးသွားရောက်သင့်သည်။ ရောဂါဝေဒနာဆိုးရွားသောကလေးငယ်များတွင် အောက်ဆီဂျင်ပေးခြင်း သာမက အသက်ရှူကူကိရိယာများပင် တပ်ရနိုင်ပါသည်။ ကိုယ်ခံအား ကျနေသောလူနာများ  အထူးသဖြင့် ကင်ဆာရောဂါခံစားနေရသူများ၊  ရိုးတွင်းခြင်ဆီအစားထိုးထားသူများတွင် ပြင်းထန်အဆုတ်ရောင်ဖြင့်  သေဆုံးနှုန်းမှာ  ၁၀-၈၀ ရာခိုင်နှုန်းအထိရှိနိုင်သည်။

ကျွမ်းကျင်သူများ၏အဆိုအရ  ယင်းဗိုင်းရပ်စ်အဆုတ်ရောင်ရောဂါသည် ဆယ်စုနှစ်များစွာ ကလေးတိုင်းနီးပါးခံစားရပြီးဖြစ်သဖြင့် ကိုယ်ခံစွမ်းအားစနစ် ထိုက်သင့်သလောက်ရှိနေသောကြောင့် ကိုဗစ်-၁၉ ရောဂါ လောက် မပြင်းထန်နိုင်ပေ။  ကိုဗစ်-၁၉  ရောဂါမှာ မူလက လူများတွင် မခံစားဖူးဘဲ အသစ်ဖြစ်လာသောရောဂါပိုးဖြစ်ပြီး ကမ္ဘာအနှံ့ပြန့်ပွားမှု လျင်မြန်ခြင်း၊ ခန္ဓာကိုယ်တွင်းအနှံ့ရောင်ရမ်းစေခြင်းတို့ကြောင့် ထိခိုက် နစ်နာမှုများသကဲ့သို့ သေဆုံးမှုများလည်းရှိခဲ့ရသည်။ HMPV အသက် ရှူလမ်းကြောင်းဆိုင်ရာရောဂါသည် ရောဂါဆိုးနိုင်ခြေရှိသော လူနာများမှတစ်ပါး   အများစုမှာ    အလွယ်တကူသက်သာပျောက်ကင်းနိုင်သောကြောင့် လွန်ကဲစွာစိုးရိမ်ရန်မလိုပေ။ ရောဂါဖြစ်ပွားနေသောနိုင်ငံများ၌ ရောဂါ၏အခြေအနေ၊  ဖြစ်ပွားနှုန်းနှင့်ဆိုးကျိုးသက်ရောက်မှုများကိုအချိန်နှင့်တစ်ပြေးညီ      စောင့်ကြည့်လေ့လာနေရပါမည်။    တစ်ဦးတစ်ယောက်ချင်းစီမှလည်း ရောဂါကာကွယ်ရေးနည်းလမ်းများကိုကြိုတင်၍   စနစ်တကျလိုက်နာဆောင်ရွက်ရပါမည်။  သို့မှသာ  HMPVဗိုင်းရပ်စ်ပိုးသာမက ကိုဗစ်အသွင်ပြောင်းပိုးများ၊ အသက်ရှူလမ်းကြောင်း ကိုတိုက်ခိုက်နိုင်သည့် တခြားသောဗိုင်းရပ်စ်ပိုးမွှားများကြောင့် အသက် ရှူလမ်းကြောင်းဆိုင်ရာရောဂါများဖြစ်ပွားမှုကိုပါ ကာကွယ်နိုင်မည်ဖြစ် ကြောင်း အသိပေးရေးသားလိုက်ရပါသည်။      ။   

ဒေါက်တာဥမ္မာစော