
မြန်မာနိုင်ငံ၌ ကင်ဆာရောဂါဓာတ်ရောင်ခြည် ကုသရေးကဏ္ဍ တိုးတက်ရေးအတွက် ကျန်းမာရေး ဝန်ကြီးဌာန၏ ဆောင်ရွက်ချက်များ
(မြန်မာနိုင်ငံကင်ဆာရောဂါဆိုင်ရာ ဓာတ်ရောင်ခြည်ဆေးကု ပညာရှင်များ၏ ဒုတိယအကြိမ်မြောက် ညီလာခံဂုဏ်ပြု ဆောင်းပါး)
ကမ္ဘာလုံးဆိုင်ရာ ကင်ဆာရောဂါဖြစ်ပွားမှုနှုန်းနှင့် ကင်ဆာရောဂါကြောင့် သေဆုံးမှုနှုန်း တိုးတက်များပြားလာမှုသည် ကမ္ဘာ့နိုင်ငံအသီးသီးရှိ ကျန်းမာရေးစနစ်များအတွက် အရေးကြီးသောစိန်ခေါ်မှု တစ်ခုဖြစ်ပြီး အရည်အသွေးမြင့်
ကင်ဆာကုသမှုများရရှိရန်မှာ ကင်ဆာလူနာများအတွက် မရှိမဖြစ်လိုအပ်လာသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ထုတ်ပြန်ချက်များအရ ၂၀၂၂ ခုနှစ်တွင် ကမ္ဘာတစ်ဝန်း ကင်ဆာလူနာအသစ်စုစုပေါင်း သန်း၂၀ ခန့်ရှိသည်။ ကင်ဆာရောဂါကြောင့် သေဆုံးမှုမှာ ၉ ဒသမ ၆ သန်းအထိ ရှိနိုင်ပြီး မြန်မာနိုင်ငံ၌လည်း ၂၀၂၂ ခုနှစ်အတွင်း ကင်ဆာလူနာအသစ် ၇၇၆၀၃ ဦးခန့်ရှိနိုင်ကာ ကင်ဆာကြောင့် သေဆုံးသူ ၅၄၆၃၁ ဦးခန့်ရှိနိုင်သည်ဟု ခန့်မှန်းထားပါသည်။ နေပြည်တော်လူဦးရေ အခြေပြုကင်ဆာ စာရင်းအင်း(၂၀၁၃-၂၀၁၇)များအရ အမျိုးသားများတွင်အဖြစ်များသော ကင်ဆာများမှာ အဆုတ်ကင်ဆာ၊ အသည်းကင်ဆာ၊ ခံတွင်းနှင့်လည်ချောင်းကင်ဆာ၊ အစာအိမ်ကင်ဆာ၊ အူမကြီးနှင့် အစာဟောင်းအိမ် ကင်ဆာတို့ဖြစ်ပြီး အမျိုးသမီးများတွင် အဖြစ်များသော ကင်ဆာများမှာ ရင်သားကင်ဆာ၊ သားအိမ်ခေါင်းကင်ဆာ၊ အဆုတ်ကင်ဆာ၊ အစာအိမ်ကင်ဆာ၊အူမကြီးနှင့် အစာဟောင်းအိမ်ကင်ဆာတို့ဖြစ်သည်။ သေဆုံးမှုအများဆုံး ကင်ဆာများမှာ အသည်းကင်ဆာ၊ အဆုတ်ကင်ဆာ၊ ခံတွင်းနှင့်လည်ချောင်းကင်ဆာ၊ အစာအိမ်ကင်ဆာ၊ အူမကြီးနှင့် အစာဟောင်းအိမ်ကင်ဆာတို့ဖြစ်သည်။
ဓာတ်ရောင်ခြည်ကုသမှုသည် ကင်ဆာရောဂါများအတွက် အရေးပါသော ကုသမှုတစ်ခုဖြစ်သည်။ ကင်ဆာရောဂါကိုပျောက်ကင်းစေခြင်း၊ ရောဂါကိုထိန်းချုပ်နိုင်ခြင်း၊ ကင်ဆာကြောင့်ဖြစ်သော ဝေဒနာများကို သက်သာစေခြင်း စသည်ဖြင့် ကင်ဆာပျောက်ကင်းမှုနှုန်း မြင့်မားစေရေးနှင့် ကင်ဆာလူနာများ၏ လူမှုဘဝအရည်အသွေး မြင့်မားစေရေးတွင် ဓာတ်ရောင်ခြည်ကုသမှုသည် အရေးပါသော ကုသမှုတစ်ခုဖြစ်သည်။ ကင်ဆာအမျိုးအစားနှင့် ရောဂါဖြစ်ပွားမှု အဆင့်အလိုက်ပေါ် မူတည်ပြီး ဓာတ်ရောင်ခြည်ကုသမှုကို သီးသန့်အသုံးပြုနိုင်သလို ခွဲစိတ်ကုသမှုနှင့်ကင်ဆာဆေးသွင်းကုသမှုများနှင့်လည်း တွဲဖက်အသုံးပြုနိုင်သည်။ သုတေသနလေ့လာ တွေ့ရှိချက်များအရ ကင်ဆာလူနာစုစုပေါင်း၏ အနည်းဆုံး ၅၀-၆၀ ရာခိုင်နှုန်းမှာ ဓာတ်ရောင်ခြည်ဖြင့် ကုသရန်လိုအပ်သည်။ ၎င်းလူနာများထဲမှ အနည်းဆုံး ၁၀ ရာခိုင်နှုန်းမှာ နောက်တစ်ကြိမ် ဓာတ်ရောင်ခြည်ကုသမှု ထပ်မံလိုအပ်နိုင်သည်။
ကျန်းမာရေးဝန်ကြီးဌာနသည် နိုင်ငံတော်အစိုးရ၏ ဦးဆောင်မှုဖြင့် မူဝါဒများ၊ ဦးတည်ချက်များချမှတ်ကာ ပြည်သူ့ကျန်းမာရေး လုပ်ငန်းများ၊ ရောဂါကာကွယ်နှိမ်နင်းရေး လုပ်ငန်းများ၊ အခြေခံကျန်းမာရေး စောင့်ရှောက်မှုများနှင့် ကုသရေးလုပ်ငန်းများကို တိုးတက်အောင် ဆောင်ရွက်လျက်ရှိသလို လူနာများ ငွေကြေးကုန်ကျမှုလျော့နည်းစေရေးနည်းလမ်းမျိုးစုံဖြင့် ဆောင်ရွက်ပေး လျက်ရှိသည်။ ကင်ဆာလူနာများအတွက် ဓာတ်ရောင်ခြည်ကုသမှုနှင့် ရောဂါရှာဖွေရေးဆိုင်ရာ စက်ပစ္စည်းများကိုလည်း နှစ်စဉ်ဖြည့်ဆည်းပေးလျက်ရှိသည်။ ထို့ပြင် ဓာတ်ရောင်ခြည်ကုသမှု နည်းပညာဆိုင်ရာများနှင့် ဓာတ်ရောင်ခြည်ဝန်ထမ်း လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရေး၊ အစိုးရ-ပုဂ္ဂလိကဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးမဟာဗျူဟာ လုပ်ငန်းများ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင်အေဂျင်စီ အစရှိသော နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် မြန်မာနိုင်ငံ၌ရေရှည်တည်တံ့သော ဓာတ်ရောင်ခြည်ကုသမှု တိုးတက်အောင်မြင်မှုများ ရရှိစေနိုင်ရေးအတွက် ကြိုးစားဆောင်ရွက်လျက်ရှိသည်။ ၂၀၀၅ ခုနှစ်တွင် မြန်မာတစ်နိုင်ငံလုံး၌ ဓာတ်ရောင်ခြည်ကုသမှုစင်တာလေးခုနှင့် ဓာတ်ရောင်ခြည်စက်ခြောက်လုံးသာ ရှိခဲ့ပြီး ၂၀၁၅ ခုနှစ်တွင် ဓာတ်ရောင်ခြည်ကုသမှုစင်တာ ခြောက်ခုနှင့်ဓာတ်ရောင်ခြည်စက် ၁၀ လုံးတိုးတက်လာခဲ့သည်။ ၂၀၂၅ ခုနှစ်တွင် မြန်မာတစ်နိုင်ငံလုံး၌ ဓာတ်ရောင်ခြည်ကုသမှုစင်တာ ၁၄ ခုနှင့် ဓာတ်ရောင်ခြည်စက် ၂၅ လုံးအထိ တိုးတက်လာခဲ့သည်။ ဓာတ်ရောင်ခြည်ကုသမှုစင်တာ ၁၄ ခုမှာ ကျန်းမာရေးဝန်ကြီးဌာန၌ စင်တာငါးခု (၃၅ ဒသမ၇ ရာခိုင်နှုန်း)၊ ပုဂ္ဂလိကကဏ္ဍတွင် စင်တာငါးခု (၃၅ ဒသမ ၇ ရာခိုင်နှုန်း) နှင့် ကာကွယ်ရေးဝန်ကြီးဌာန၌ စင်တာလေးခု (၂၈ ဒသမ ၆ ရာခိုင်နှုန်း)ဖြစ်သည်။
ကင်ဆာဓာတ်ရောင်ခြည်ကုသမှုများ အနေဖြင့်လည်း မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ အထက်ပါ ဓာတ်ရောင်ခြည်ဌာနများ၌ ၂၀၂၃ ခုနှစ်တွင် စုစုပေါင်းလူနာ ၁၀၆၆၄ ဦးအတွက် ပျမ်းမျှဓာတ်ရောင်ခြည် အကြိမ်ပေါင်း ၂၆၆၆၀၀ နှင့် ၂၀၂၄ ခုနှစ်တွင် စုစုပေါင်းလူနာ ၁၁၁၅၈ ဦးအတွက် ပျမ်းမျှဓာတ်ရောင်ခြည်အကြိမ်ပေါင်း ၂၇၈၉၅၀ ကြိမ် ကုသမှုများပေးနိုင်ခဲ့သည်။
ဓာတ်ရောင်ခြည်ကုသမှုနည်းပညာအနေဖြင့် သုံးဖက်မြင်ချိန်ညှိ (Three Dimensional Conformal Radiotherapy Technique) 3DCRT နှင့် ရောင်ခြည်စွမ်းအားလိုသလို တိုးလျော့နည်းပညာ (Intensity-Modulated Radiation Therapy) IMRT ကို ဓာတ်ရောင်ခြည်စင်တာ အများစု၌အသုံးပြုနေပြီး လာမည့်နှစ်များတွင် ပုံရိပ်လမ်းညွှန်ဓာတ်ရောင်ခြည်နည်းပညာ(Image Guided Radiotherapy) IGRTနှင့် Stereotactic Body Radiotherapy (SBRT) စသည့်နည်းလမ်းများကို ပိုမိုတိုးချဲ့သွားရန် ရည်မှန်းထားသည်။ အချိန်တိုအတွင်း ကုသမှုပြီးစီးနိုင်သော စွမ်းအားမြှင့်ရက်တို (Hypofractionated Radio-therapy) HFRT နည်းပညာကိုလည်း သင့်လျော်သော ကင်ဆာရောဂါအချို့တွင် ပြုလုပ်သွားမည်ဖြစ်သည်။ ဉာဏ်ရည်တုနည်းပညာ (Artificial Intelligence) ကိုလည်း လက်ရှိတပ်ဆင်လျက်ရှိသော ဓာတ်ရောင်ခြည်စက်များတွင် ပေါင်းစပ်အသုံးပြုပြီး ကင်ဆာရောဂါ ဓာတ်ရောင်ခြည်ကုသမှုများ ပိုမိုအစွမ်းထက်စေရန် ကြိုးပမ်းလျက်ရှိသည်။
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ရန်ကုန်တိုင်းဒေသကြီး ဒဂုံဆိပ်ကမ်းမြို့နယ်၌ တည်ဆောက်လျက်ရှိသော အမျိုးသားကင်ဆာကုသရေး ဌာနကို ၂၀၂၅ ခုနှစ်အတွင်းစတင်ဖွင့်လှစ်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ အမျိုးသားကင်ဆာကုသရေး ဌာန၌ လက်ရှိကာလတွင် ဓာတ်ရောင်ခြည်စက်သုံးလုံး တပ်ဆင်လျက်ရှိပြီး စက်များအားလုံးပြီးစီးပါက နေ့စဉ်ကင်ဆာလူနာ ၃၀၀ ခန့်အား ကုသမှုပေးနိုင်ရန် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်သည်။ ဆက်လက်၍ ၂၀၂၅ ခုနှစ်အတွင်း နေပြည်တော်ပြည်သူ့ဆေးရုံကြီး(ခုတင်-၁၀၀၀)နှင့် တောင်ကြီးမြို့ စဝ်စံထွန်းပြည်သူ့ဆေးရုံကြီးတို့၌ ဓာတ်ရောင်ခြည်စက်တစ်လုံးစီ ထပ်မံတပ်ဆင်သွားမည်ဖြစ်သည်။ ရောဂါရှာဖွေရေးနှင့် ရောဂါပျံ့နှံ့မှုစိစစ်ရေးအတွက် နေပြည်တော်တွင် PET/CT စက်နှင့် Cyclotron စက်တပ်ဆင်မည်ဖြစ်ပြီး ကင်ဆာရောဂါရှာဖွေရေးနှင့် ကင်ဆာပျံ့နှံ့မှုစိစစ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးနိုင်မည်ဖြစ်သည်။
နည်းပညာကိုအခြေခံသော ဓာတ်ရောင်ခြည်ကုသမှုများသည် ကမ္ဘာကြီးတွင် နေ့စဉ်နှင့်အမျှ တိုးတက်ပြောင်းလဲလျက်ရှိသည်။ ဓာတ်ရောင်ခြည်ကုသစက်များ၊ ကုသမှုနည်းပညာများ၊ ကုသမှုဆိုင်ရာ အထောက်အပံ့ပစ္စည်းများ၊ ကင်ဆာရောဂါတစ်ခုချင်းစီ အလိုက် နိုင်ငံတကာ ဓာတ်ရောင်ခြည် ကုသမှုစံနှုန်းနှင့်လက်စွဲများမှာလည်း တိုးတက်ပြောင်းလဲလျက်ရှိသဖြင့် ဓာတ်ရောင်ခြည်ဝန်ထမ်းများ၏ စဉ်ဆက်မပြတ် ပညာသင်ကြားရေး အစီအစဉ်များကိုလည်း ကျန်းမာရေးဝန်ကြီးဌာနက စီစဉ်ဆောင်ရွက်ပေးလျက်ရှိသည်။ ပြည်ပသို့ လေ့လာရေး စေလွှတ်ခြင်း၊ ပြည်ပပညာရှင်များဖိတ်ကြား၍ နည်းပညာဖလှယ်ခြင်း၊ ပြည်တွင်း၌ ကင်ဆာရောဂါကုသမှုဆိုင်ရာ ဆေးပညာရှင်များနှင့် အထောက်အကူပြု ဆေးဘက်ကျွမ်းကျင်ဝန်ထမ်းများ လေ့ကျင့်မွေးထုတ်ခြင်း စသည်တို့ကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိသည်။
ကင်ဆာရောဂါလူနာများကို တစ်နိုင်ငံလုံးတွင် တစ်ပြေးညီ မှတ်ပုံတင်နိုင်ရေးနှင့် မလိုအပ်ဘဲ မှတ်ပုံတင်ထပ်နေခြင်းများ မဖြစ်ပေါ်စေရေးအတွက် နိုင်ငံတကာသုံး ကင်ဆာမှတ်ပုံတင်စနစ်ကို တစ်နိုင်ငံလုံးရှိ ဓာတ်ရောင်ခြည်ဌာနများ၌ တစ်ပြေးညီအသုံးပြုနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိသည်။ ကင်ဆာဆေးမှတ်တမ်း ထိန်းသိမ်းရေးစနစ်အတွက်လည်း ကွန်ပျူတာ အခြေပြုဒစ်ဂျစ် တယ်နည်းပညာ စနစ်ကိုအသုံးပြုရန် ကြိုးပမ်းလျက်ရှိသည်။
ကျန်းမာရေးဝန်ကြီးဌာနအောက်ရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့် ပြည်သူ့ဆေးရုံကြီးများ၌ ကင်ဆာဆေးပညာဆိုင်ရာ အထူးကုဆရာဝန်များခန့်ထား၍ တာဝန်ထမ်းဆောင်စေလျက်ရှိပြီး အဆိုပါဆေးရုံများ၌ ကင်ဆာရောဂါလူနာများ အတွက် ဆေးသွင်းကုသမှုများသာမက ကင်ဆာခွဲစိတ်ကုသမှုများကို ကင်ဆာခွဲစိတ်ဆရာဝန်များက ဆောင်ရွက်ပေးလျက်ရှိသည်။
ကင်ဆာရောဂါနာကျင်မှုနှင့် ဝေဒနာသက်သာပြုစုကုသမှုများကို ၂၀၁၆ ခုနှစ်မှစ၍ ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ ပြင်ပလူနာဌာန ဖွင့်လှစ်ထားရှိပြီး ကင်ဆာရောဂါနာကျင်မှု အမျိုးမျိုးကို ကုသပေးခြင်း၊ နာကျင်မှုအပြင် ခံစားရခက်သည့် အခြားဝေဒနာအမျိုးမျိုးကို လျော့ပါးနိုင်အောင်ကုသပေးခြင်း၊ လူနာများ သက်သောင့်သက်သာဖြစ်စေရန်၊ စိတ်ပိုင်းဆိုင်ရာလူမှုရေးပြဿနာများ လျော့နည်းစေရန် ဦးတည်ကုသပြုစု စောင့်ရှောက်မှုပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိသည်။ ရှင်သန်နေထိုင်ချိန် ဘဝအရည်အသွေးမြင့်မားစေနိုင်ရေး အတွက် ဘဝနေဝင်ချိန်များကို ရင်ဆိုင်နေရသည့် လူနာများအတွက်လည်း ဆွေးနွေးနှစ်သိမ့်အကြံပေးခြင်း၊ ဆေးဝါးကုသမှုပေးခြင်း၊ စိတ်ပိုင်းဆိုင်ရာလူမှုရေး စောင့်ရှောက်ပေးခြင်းများ ပြုလုပ်ပေးခြင်းဖြင့် နောက်ဆုံးနေဝင်ချိန်ကို ဝေဒနာနည်းစွာ၊ ဂုဏ်သိက္ခာရှိစွာဖြတ်သန်းနိုင်အောင် ကုသပြုစုစောင့်ရှောက်ပေးလျက်ရှိသည်။
ကင်ဆာလူနာများအတွက် ရနိုင်သမျှ အကောင်းဆုံးကုသမှုများ ပေးနိုင်ရန်မှာ နိုင်ငံတော်၏ ပံ့ပိုးကူညီမှု၊ ကျန်းမာရေး ဝန်ကြီးဌာန၏ဦးဆောင်မှုဖြင့် ကျန်းမာရေး ဝန်ထမ်းများ၏ တာဝန်ဝတ္တရားများဖြစ်သည်။ စိန်ခေါ်မှုအခက်အခဲများ ရှိသော်လည်း မြန်မာနိုင်ငံ၌ ကင်ဆာရောဂါဓာတ်ရောင်ခြည်ကုသရေး ကဏ္ဍတိုးတက်စေရေးအတွက် ကျန်းမာရေးဝန်ကြီးဌာန၏ လက်ရှိဆောင်ရွက်နေသော ကြိုးပမ်းမှုများသည် နိုင်ငံ၏ကင်ဆာကုသရေးအနာဂတ်နှင့် ကင်ဆာလူနာများအတွက် ဘဝမျှော်လင့်ချက်များ ရရှိစေသည့် လက္ခဏာကောင်းများ ဖြစ်ကြောင်း ရေးသား တင်ပြလိုက်ရပါသည်။ ။