ဆောင်းရာသီနှင့်ကျန်းမာရေး

ဆောင်းရာသီနှင့်ကျန်းမာရေး

 

ဆောင်းရာသီတွင် မြူနှင်းများကျ၍ ခန္ဓာကိုယ် ပြင်ပ၌ ချမ်းအေးလှသော်လည်း ခန္ဓာကိုယ်တွင်း၌ ကား ပူလှသည်။

တိုင်းရင်းဆေးပညာ၏ အယူအဆများမှာ နက်နဲ၍ ဆန်းကြယ်လှသည်။ ပြင်ပလောက ဗဟိဒ္ဓတွင် ချမ်းအေးနေသောအခါ ထိုအအေးဓာတ်၏ပတ်ဖွဲ့မှုကြောင့် ခန္ဓာကိုယ်အရေပြားရှိ မွေးညင်းပေါက်များ ကျဉ်းပြီး  ကျုံ့သွားသဖြင့် ကိုယ်တွင်းမှအပူ၊   အခိုး အငွေ့များ အပြင်သို့မထွက်နိုင်ဘဲ ပိတ်လှောင်ထား သကဲ့သို့ဖြစ်ကာ ကိုယ်တွင်းအပူချိန်တက်လာတတ် သည်။ ထိုအခါမျိုးတွင် ပါးစပ်ဟလျှင်ပင် အာခံတွင်း မှ အခိုးအငွေ့များထွက်သည်ကို မြင်ရသည်။

တချို့သူများတွင်  အခိုးအငွေ့အထွက်နည်းပြီး မွေးညင်းပေါက်များပိတ်မိသဖြင့် အရေပြားခြောက် သွေ့ကာ' အသားပပ်ခြင်း'ဖြစ်သည်။ ဝေဒနာတစ်မျိုးမှာ 'ကြာဆူး' ခေါ် ယားဖုများထွက်ခြင်း၊ အရေပြားခြောက်သွေ့ခြင်း၊    ကွဲအက်ခြင်းဖြစ်တတ်သည်။ အလှဆီခေါ် အဆီတစ်မျိုးလိမ်း၍ ဆောင်းတွင်းအသားပပ်ခြင်း၊   ခြေဖနောင့်ကွဲအက်ခြင်းများကို ကာကွယ်ကြသည်။ တချို့ကလည်း လေ့ကျင့်ခန်းပြုလုပ်ခြင်း၊ အားကစားပြုလုပ်ခြင်း၊ လမ်းလျှောက်ခြင်း၊  ပြေးခြင်းဖြင့်  ချွေးထွက်အောင်ပြုလုပ်ပြီး အရေပြား အစိုဓာတ်ရအောင်လုပ်ကြသည်။

ခန္ဓာကိုယ်တွင်းမှအပူများ ချွေးအဖြစ် ပြင်ပသို့ ထွက်သွားလျှင်  ခန္ဓာကိုယ်အတွင်းနှင့်အပြင်  အပူအအေးမျှတပြီး နေထိုင်ကောင်း၍ ကျန်းမာကြသည်။ ချွေးမထွက်သောသူများမှာ ကိုယ်တွင်းအောင်းနေသောအပူများကြောင့် ဆောင်းရာသီတွင် ချောင်းဆိုးခြင်း၊ နှာချေခြင်း၊ နှာရည်ယိုခြင်း၊ သလိပ်၊ တံတွေးပျစ်ချွဲခြင်း၊ ဆီးပူခြင်း၊ ဆီးသွားများခြင်း၊ ရင်ပူခြင်း၊ ရေငတ်ခြင်း၊ အာခေါင်ခြောက်ခြင်း၊ နှုတ်ခမ်းကွဲခြင်း၊ နှုတ်ခမ်းခြောက်ခြင်း၊ သွားနှင့်သွားဖုံးတွင် အပူကန်ခြင်း စသည့်ဆိုးကျိုးများခံစားရသည်။

'ဥသမ္မာ'ခေါ် ကိုယ်စောင့်ဓာတ်မီးကို ခန္ဓာကိုယ် တွင်းမှ အမြဲချိန်ညှိပေးရန် ချွေးမထွက်လျှင် ဆီးသွားများသည်မှာ ဓမ္မတာပင်ဖြစ်သည်။ ယင်းမှာ ရောဂါမဟုတ်၊ အတွင်းတွင် လွန်ကဲသော၊ ပိုသောအပူကို ဆီးအဖြစ်ထုတ်ပစ်ခြင်းကြောင့်   ဆီးအပူသွားလျှင် ခန္ဓာကိုယ်တွင်းမှအပူများ ပါသွားသဖြင့် ကိုယ်တွင်း အပူလွန်ကဲခြင်းများကို လျှော့ချနိုင်သည်။

တချို့လူကြီး အမျိုးသားများတွင် ဆီးကျိတ်ကြီး သဖြင့် မကြာခဏဆီးသွားရလေ့ရှိရာ ဆောင်းရာသီ ညပိုင်းတွင် ဆီးထသွားရာမှ အအေးပတ်ပြီး လေဖြတ် သူများလည်းရှိကြောင်း  တွေ့ရသည်။

လေဖြတ်သူအတော်များများမှာ လူကြီးများ နံနက်စောစောထ ဆီးသွားချိန်တွင် ဖြစ်လေ့ရှိကြောင်း လေ့လာတွေ့ရှိရသည်။ နံနက် ဆီးထသွားရင်း မူးမိုက် လဲကျသဖြင့်  အရိုးကျိုးလျှင်  ပေါင်ဆုံထိပ်ရိုးနှင့် လက်ကောက်ဝတ်ရိုးများမှာ အကျိုးအများဆုံး ဖြစ်သည်ဟု အရိုးအထူးကုဆရာဝန်ကြီးများ၏ မှတ်တမ်းများအရ သိရသည်။ ဆောင်းရာသီကာလ နံနက်စောစောထပြီး    ညသိပ်ထားသောရေဖြင့် မျက်နှာသစ်လျှင် ပါးရွဲ့(မျက်နှာတစ်ခြမ်းလေဖြတ်ခြင်း) တတ်သောကြောင့် အေးသောရေဖြင့် မျက်နှာမသစ်ရန် သတိထားသင့်သည်။ ပါးရွဲ့ခြင်းမှာ အမျိုးသမီးများနှင့်    အသက်ငယ်ရွယ်သူများတွင်   ပို၍ဖြစ်လေ့ရှိသည်။ ထို့ကြောင့် ဆောင်းရာသီတွင် ရေနွေးအနည်းငယ်စပ်၍ မျက်နှာသစ်လျှင် အကောင်းဆုံးဖြစ်သည်။

ထိုထက်ပို၍ အရေးကြီးသောအရာမှာ လူ၏'နှလုံး' ပင်ဖြစ်သည်။ လူ၏အသက်ရှင်နေမှုမှာ နှလုံးခုန်နေ ခြင်းကြောင့်ပင်ဖြစ်သည်။  မွေးသည်မှ သေသည့် အချိန်ထိ အနားမရသော လူတို့၏အင်္ဂါမှာ နှလုံးပင် ဖြစ်သည်။ နှလုံးမှ ညှစ်ပို့သောသွေးသည် ခန္ဓာကိုယ် အနှံ့အပြားသို့ရောက်ရှိပြီးနောက် ခန္ဓာကိုယ်မှ မသန့်စင်သော သွေးဟောင်းများသည် နှလုံးသို့ တစ်ဖန်ပြန်လည်စီးဝင်သည်။ ထိုသွေးဟောင်းသွေးညစ်များကို ပြန်လည်သန့်စင်ရန် အဆုတ်သို့ပို့သည်။

အဆုတ်သည် သွေးကို သန့်စင်သောကိရိယာဖြစ် သည်။ အဆုတ်မှ သန့်စင်ပြီးနောက် သွေးပြန်ပို့ကာ တစ်ဖန် ခန္ဓာကိုယ်အနှံ့အပြား အရေပြားအထိ ပို့ပေး သည်။ ဤသို့ လူသားတို့အသက်ရှင်နေသမျှ အဆုတ် နှင့်နှလုံးက စက္ကန့်မလပ် တာဝန်ယူဆောင်ရွက်ပေး နေခြင်းဖြစ်သည်။

ချမ်းအေးသောဆောင်းရာသီတွင် ခန္ဓာကိုယ်တွင်း အပူလွန်ကဲသောအခါ   နှလုံးအိမ်မှာလည်း   အပူလွန်ကဲသက်ရောက်မှုကို  ခံစားရသည်။  ထိုအခါ နှလုံးခုန်မြန်လာသည်။ ဆောင်းရာသီတွင် လူကြီးများ  သွေးပေါင်ချိန်ကြည့်သောအခါ  ပုံမှန်ထက်သွေးပေါင်ချိန်ပိုတက်နေလေ့ရှိသည်။ မူလသွေးတိုးရောဂါအခံရှိသူ  လူကြီးများမှာ   ဆောင်းရာသီတွင်  လည်ကုပ်၊ နဖူး၊ ဦးခေါင်း စသည်တို့တွင် ချွေးပြန်လေ့ ရှိသည်။ ဤသည်မှာ သွေးကြောများကျဉ်းပြီး အဆီ တက်နေသူ၊     နှလုံးသွေးကြောများ    ကျဉ်းနေသူ၊ သွေးတိုးရောဂါကို နှစ်ကြာရှည်စွာ ခံစားနေရသူများ၏ လက္ခဏာပင်ဖြစ်သည်။ ယင်းမှာ 'လေဖြတ်နိုင်သည့်လက္ခဏာ'ဖြစ်သည်။

နှလုံးရောဂါရှိသူများ အထူးသဖြင့် နှလုံးသွေးကြော ကျဉ်းသူများမှာလည်း ဆောင်းရာသီတွင် ရင်တွင်းမှ ပူခြင်း၊ နောက်ကြောနှင့် လည်ကုပ်တွင်ပူပြီး နောက် ကြောတက်ခြင်း၊ အာခေါင်ခြောက်ပြီး မကြာခဏ ရေငတ်ခြင်းဝေဒနာများကို   ခံစားရတတ်သည်။ ရေငတ်ခြင်းသည် တချို့တွင် နှလုံးရောဂါ စဝင်လာ သည့် ရှေ့ပြေးလက္ခဏာဖြစ်နေတတ်သည်။

'ရေငတ်၊ ရင်ပူ၊ မောဟိုက်သူကို ကူညီနိုင်ရေး အချိုပေးလော့'၊ 'ခြေဆီမထွက် ချွေးခြောက်လျက်နှင့် အက်ကွဲနှုတ်ခမ်း  ကြမ်းသည့်အသားပပ်သူအား အချဉ်ပေးလော့...' ဟု ရှေးဆရာကြီးများ၏ ဆိုရိုးအတိုင်း လူကြီးများ ရေငတ်၊ ရင်ပူ၊ မောဟိုက်လက္ခဏာများဖြစ်လာလျှင် ချိုသော၊ အေးသောအစာ ဥပမာ-ကမ္ဗလာသီး၊ လိမ္မော်သီးဖျော်ရည်၊ သင်္ဘောသီးမှည့်၊ ငှက်ပျောသီးမှည့်၊  ပင်မှည့်သီးဖျော်ရည်၊  နာနတ်သီးဖျော်ရည်နှင့် ကြံရည်ချိုချို တိုက်ကျွေးခြင်းဖြင့် ရင်ပူ၊   နှလုံးအိမ်ပူခြင်းကို  ကာကွယ်ပေးနိုင်သည်။ ယင်းမှာ ဓာတ်စာဖြင့် ကာကွယ်ခြင်းဖြစ်သည်။

လူငယ်၊  လူလတ်ပိုင်းများတွင်   ဖြစ်လေ့ရှိသော ဆောင်းရာသီတွင် ခြေဆီမထွက်ခြင်း၊ နှုတ်ခမ်းကွဲခြင်း၊ အသားပပ်ခြင်းများအတွက် ဓာတ်စာမှာ အချဉ်ဖြစ်သည်။  သံပရာရည်၊  ရှောက်သီး၊  ရှလပတ်ရည်၊ မန်ကျည်းသီးဖျော်ရည် စသည်တို့မှာ ဆောင်းရာသီ နှင့်တည့်သောအစာများဖြစ်သည်။

'နွေ-ချို၊ မိုး-ခါး၊  ဆောင်း-ချဉ်စား၊   မှတ်သား အဖြေဓာတ်' ဟူသောဆေးစာနှင့်အညီ ဆောင်းတွင် အချဉ်ဓာတ်ပါသော   ကင်ပွန်းချဉ်ရွက်ဟင်းချို၊ မန်ကျည်းရွက်ချဉ်ဟင်း၊ ချဉ်ပေါင်ဟင်း၊ မုန်ညင်းချဉ် ဟင်းရည် စသည်များကို ချက်ပေးခြင်းဖြင့် လူကြီး များအတွက် 'နှလုံးပူ၊ ရင်ပူ၊ ကျောအောင့်'ဝေဒနာ များ သက်သာစေသည့်အပြင်  လူငယ်၊ လူလတ်ပိုင်း များအတွက်လည်း အသားပပ်ခြင်း၊ နှုတ်ခမ်းကွဲခြင်း၊ အာခေါင်ခြောက်ခြင်း၊ သွားနှင့်ခံတွင်း အပူကန်ခြင်း စသောရောဂါများကိုပါ ကာကွယ်ပေးနိုင်သည်။

ဆောင်းရာသီတွင် အအေးဓာတ်ကြောင့် သွေးကြောများအတွင်း စီးဆင်းမှုနှေးကွေးသဖြင့် နံနက်စောစောထ လမ်းလျှောက်ခြင်းဖြင့် သွေးလည်ပတ် စီးဆင်းမှုကောင်းစေနိုင်သည်။ လမ်းမလျှောက်သူ များမှာ ခြေသလုံးသွေးကြော၊ သွေးပြန်ကြောကြီး များအတွင်း သွေးစီးဆင်းမှုအားနည်းခြင်းကြောင့် ညောင်းညာကိုက်ခဲသောဝေဒနာများ၊   ခြေနှစ်ဖက် ထုံကျဉ်သောဝေဒနာများ ခံစားရနိုင်သည်။

တစ်ညလုံး အအေးဓာတ်ကြောင့် စောင်ထူထူခြုံပြီး ငြိမ်သက်စွာ အိပ်စက်ခဲ့ခြင်းကြောင့် တောင့်တင်း အေးခဲနေသော ကြွက်သားများနှင့် အကြောအခြင် များကို    ဖြေလျှော့ပေးနိုင်ရန်   နံနက်စောစောထ လမ်းလျှောက်သင့်သည်။  ဆောင်းရာသီတွင်  အနှိပ်၊ အနင်းမခံသင့်ဟု ရှေးလူကြီးများက ပြောကြသည်။ လမ်းလျှောက်ခြင်းဖြင့်သာ   အညောင်းအညာကို ဖြေဖျောက်သင့်သည်။

'စောစောအိပ်ထ  ပြုကျင့်က၊  တွင်းပကိုယ်ခန္ဓာ၊ ရောဂါခပ်သိမ်း ရှောင်ခွာတိမ်း၊ ကင်းငြိမ်းလွန်ချမ်းသာ' ဟူသောစာဆိုနှင့်အညီ ညဉ့်ဦးပိုင်းတွင် ၉ နာရီထက် နောက်မကျဘဲ အိပ်ရာဝင်လျှင် အကောင်းဆုံးဖြစ်ပြီး နံနက်အရုဏ်တက်ချိန် ၅ နာရီခန့်တွင် အိပ်ရာမှထပြီး   လမ်းလျှောက်လျှင်  ကျန်းမာရေးအတွက် အကောင်းဆုံးဖြစ်သည်။

ထို့ကြောင့် နွေရာသီနှင့် မိုးရာသီများတွင် လမ်းမလျှောက်ခဲ့သူများမှာ  ဆောင်းရာသီတွင် နံနက် စောစောထလမ်းလျှောက်ခြင်းဖြင့်  ရောဂါဝေဒနာအပေါင်းမှ ကာကွယ်နိုင်ကြောင်း ရေးသားလိုက်ရပါ သည်။      ။

ကြည်လွင်မြင့်(မုဒြာ)