၂၀၂၅ ခုနှစ်အတွင်း စောင့်ကြည့်ရမည့် ဒေါ်နယ်ထရမ့် အစိုးရ၏ ဆောင်ရွက်မှုများ

 

၂၀၂၅ ခုနှစ်အတွင်း စောင့်ကြည့်ရမည့် ဒေါ်နယ်ထရမ့် အစိုးရ၏ ဆောင်ရွက်မှုများ

 

     အမေရိကန်ပြည်ထောင်စု၌ ၂၀၂၅ခုနှစ် ဇန်နဝါရီလ၂၀ ရက်တွင် ဒေါ်နယ်ထရမ့်သမ္မတအဖြစ် ကျမ်းသစ္စာ ကျိန်ဆိုသည်နှင့် တစ်ပြိုင်နက် ၎င်းဦးဆောင်သည့် အစိုးရအနေဖြင့် ကမ္ဘာ့ရေးရာများအနက် အချို့ကိစ္စရပ်များကို ဦးစားပေးအဖြစ် အဓိကထား ကိုင်တွယ်ရန် စီစဉ်ထားသည်။ ထရမ့်အတွက်    အဓိကဦးစားပေး ကိုင်တွယ်ဖြေရှင်းရမည့် အရေးကိစ္စများတွင် နေတိုးအဖွဲ့ဝင်နိုင်ငံများအား ကာကွယ်ရေး အသုံးစရိတ် အနည်းဆုံး သတ်မှတ်ထားသည့် ပမာဏကို ထည့်ဝင်ကြရန် ထပ်မံတိုက်တွန်းခြင်း၊ တရုတ်နှင့် အဆုံးမသတ်နိုင်သေးသည့် ကုန်သွယ်ရေး သဘောတူညီမှု ကွဲလွဲမှု သို့မဟုတ် ကုန်သွယ်ရေးစစ်ပွဲနှင့် ရုရှားနှင့်နျူကလီးယား ထိန်းချုပ်ရေး သဘောတူညီချက်သစ် တစ်ရပ်ချမှတ်ရေးတို့ပင်ဖြစ်သည်။

ထို့ပြင်   America First မူဝါဒကို ဖော်ဆောင်၍ အမေရိကန်၏ အကျိုးစီးပွားကို အဓိကထားသူလည်းဖြစ်၊ စီးပွားရေးသမား တစ်ဦးလည်းဖြစ်သည့် ထရမ့်အနေဖြင့် တရုတ်နှင့်ကုန်သွယ်မှု ဆက်ဆံရေးတွင် တင်းမာသည့်သဘောထားများ ဆက်လက်ပြသမည်ဟုတ်၊ မဟုတ်ကိုလည်း ကမ္ဘာ့နိုင်ငံအများအပြားက စောင့်ကြည့်လျက်ရှိသည်။

အမေရိကန်အနေဖြင့် အခြားနိုင်ငံများမှ တင်သွင်းလာသည့် ကုန်ပစ္စည်းများအပေါ် အခွန်   ၁၀ ရာခိုင်နှုန်းမှ  ၂၀ ရာခိုင်နှုန်းနှင့် တရုတ်ကုန်ပစ္စည်းများအပေါ် အခွန် ၆၀ ရာခိုင်နှုန်းကောက်ခံမည် ဆိုပါက    ယင်းလုပ်ဆောင်ချက်သည် ကမ္ဘာ့နိုင်ငံများ၏ စီးပွားရေးအပေါ်   များစွာသက်ရောက်စေမည်ဖြစ်သည်။   ထရမ့်အစိုးရက  ထိုသို့လုပ်ဆောင်ခဲ့ပါက ကမ္ဘာ့နိုင်ငံများ အနေဖြင့် အမေရိကန်၏  လုပ်ဆောင်ချက်ကို တုံ့ပြန်မည်  သို့မဟုတ် ထရမ့်အစိုးရနှင့် စေ့စပ်ဆွေးနွေးမည် သို့မဟုတ် နည်းလမ်းနှစ်မျိုးစလုံးကို    ပေါင်းစပ်အသုံးပြုမည်စသည့် ကိစ္စရပ်များအတွက် ဆုံးဖြတ်ချက်ချမှတ် ရတော့မည်ဖြစ်သည်။

တရုတ်နိုင်ငံကမူ အမေရိကန်၏ အဆိုပါအခွန်တိုးမြှင့်ကောက်ခံမှုကို    ခေါင်းငုံ့မခံကြောင်းကို ယခင်ကတည်းက လက်တုံ့ပြန်၍ သက်သေပြသခဲ့ပြီးဖြစ်သည်။ တရုတ်နိုင်ငံအပေါ် အခွန်တိုးမြှင့်ကောက်ခံမည့် ထရမ့်၏ကြိုးပမ်းချက်ကို ရီပတ်ဘလစ်ကန်အမတ်များ ထိန်းချုပ်ထားသည့် ကွန်ဂရက်နှင့်    တရုတ်အပေါ် သဘောထားတင်းမာသည့်    အမေရိကန်အဖွဲ့အစည်းများက ထောက်ခံနိုင်ဖွယ် ရှိသော်လည်း အမေရိကန်နှင့် တရုတ်တို့ကြား ကုန်သွယ်ရေးဆက်ဆံမှုကို ပိုမိုဆိုးရွားလာစေနိုင်သည်။

ထို့ပြင် အခြားနိုင်ငံများအပေါ်သို့ပါ အခွန်   ၁၀ ရာခိုင်နှုန်းနှင့် ၂၀ ရာခိုင်နှုန်း တိုးမြှင့်မည့်အစီအစဉ်သည်   အာဆီယံဒေသတွင် ရင်းနှီးမြှုပ်နှံမှုများ  လုပ်ဆောင်နေသည့် အမေရိကန်ကုမ္ပဏီ ၆၀၀၀ နီးပါးအပေါ် သို့လည်း သက်ရောက်မှု အနည်းနှင့်အများ ရှိလာစေနိုင်သည်။   ထို့ကြောင့် ထရမ့်၏ အခွန်တိုးမြှင့်ကောက်ခံမည့်   အစီအစဉ်သည် ကမ္ဘာ့နိုင်ငံများအတွက် သတိထား စောင့်ကြည့်စရာဖြစ်လာခဲ့သည်။

ထရမ့်၏အခွန်တိုးမြှင့်ကောက်ခံမည့် အစီအစဉ်သည် ကမ္ဘာ့ခေါင်းဆောင်များ၏ တုံ့ပြန်မှုအပေါ်မူတည်၍ ကောင်းခြင်းနှင့် ဆိုးခြင်းတို့ကို  ဖြစ်ပေါ်လာစေနိုင်သည်။

ကမ္ဘာ့ခေါင်းဆောင်များ၏ စုပေါင်းတုံ့ပြန်မှုသည် ၂၀၂၅ ခုနှစ်၏ အလားအလာကို ပုံဖော်ပေးနိုင်ဖွယ်ရှိသည်။

ထို့ပြင် မကြာမီ ရာထူးမှထွက်ခွာတော့မည့်   ဂျိုးဘိုင်ဒင်အစိုးရ လက်ထက်တွင် ရုရှားနှင့် တရုတ်နိုင်ငံကြား ဆက်ဆံရေးသည်   ယခင်ကထက် ပိုမိုကောင်းမွန် တိုးတက်လာခဲ့သည်။    ထရမ့်အနေဖြင့် ရုရှားနှင့်ဆက်ဆံရေးကောင်းမွန်နေသည့် တရုတ်နိုင်ငံ၏ လွှမ်းမိုးမှုကို အသုံးချခြင်း အားဖြင့် ယူကရိန်းပဋိပက္ခအား အဆုံးသတ်နိုင်စေရေးအတွက်   တရုတ်အစိုးရအား ဖျောင်းဖျနိုင်ခြင်းရှိ၊မရှိကိုလည်း ကမ္ဘာ့နိုင်ငံများက စောင့်ကြည့်လျက်ရှိသည်။ သေချာသည့်အချက်မှာ ထရမ့်အနေဖြင့် သမ္မတရာထူးလက်ခံရယူပြီးနောက်  ရုရှားနှင့်တရုတ်ကဲ့သို့သော    နိုင်ငံကြီးများမှ ခေါင်းဆောင်များနှင့်    ဆွေးနွေးမှုများလုပ်ဆောင်လာနိုင်သည်။

ထရမ့်အနေဖြင့် ရုရှားနိုင်ငံနှင့် ဆွေးနွေးမှုများ အနှေးနှင့်အမြန် လုပ်ဆောင်ရမည့် အခြေအနေတွင်ရှိနေသည်။ ယင်းအခြေအနေမှာအခြားမဟုတ်။ သက်တမ်းကုန်ဆုံးတော့မည်ဖြစ်သည့်    START  သဘောတူညီချက်သစ် တစ်ရပ်ချမှတ်ရန် လိုအပ်နေသောကြောင့်ပင်ဖြစ်သည်။ အမေရိကန်အနေဖြင့်   နျူကလီးယားဖျက်သိမ်းရေး သဘောတူညီချက်တစ်ရပ်ကို     ရုရှားနှင့်ချမှတ်ရန်    နီးစပ်နေပြီဖြစ်သည်ဟု ရွေးကောက်ပွဲမဲဆွယ် ကာလအတွင်း၌ ထရမ့်ကပြောထားသည်။

ရုရှားနှင့် အမေရိကန်တို့ကြားရှိ START သဘောတူညီချက်သည်       မဟာဗျူဟာမြောက် နျူကလီးယားထိပ်ဖူးများ တပ်ဆင်ထားသည့်  ဒုံးကျည်များဖြန့်ကြက်ခြင်းကို ကန့်သတ်ထားပြီး    ယင်းသဘောတူညီချက်သည် လာမည့် ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလတွင် သက်တမ်းကုန်ဆုံးမည်ဖြစ်သည်။ လက်ရှိသဘောတူညီချက်ကို  ရုရှားနှင့် အမေရိကန်တို့က ၂၀၁၀ ပြည့်နှစ်တွင် လက်မှတ်ရေးထိုး၍ သက်တမ်း တိုးထားခြင်းဖြစ်သည်။

ထို့ပြင်  ဘိုင်ဒင်အစိုးရသည်  နိုင်ငံ၏ နျူကလီးယားလက်နက်များ အဆင့်မြှင့်တင် ရေး ဆောင်ရွက်မှုများကို     လုပ်ဆောင်ရန် ကြိုးပမ်းခဲ့သောကြောင့် မကြာမီတက်ရောက်လာမည့် ထရမ့်အစိုးရအနေဖြင့် ရုရှားနှင့် လုပ်ဆောင်မည့် လက်နက်ထိန်းချုပ်ရေး ဆွေးနွေးပွဲများ၌ အရှိန်အဝါကို အသုံးချနိုင်ဖွယ်ရှိကြောင်း အမေရိကန်အမျိုးသား လုံခြုံရေးလက်ထောက် အကြံပေး ဂျွန်ဖိုင်းနားက ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်း၌ ပြောကြားထားသည်။

နေတိုးအဖွဲ့ဝင်နိုင်ငံများနှင့် စပ်လျဉ်း၍လည်း ထရမ့်က တင်းမာသည့် သဘောထားကို    ဆက်လက်ပြသနေဆဲဖြစ်သည်။

နေတိုးအဖွဲ့ဝင်များအနေဖြင့်  ကာကွယ်ရေးအတွက် သက်ဆိုင်ရာနိုင်ငံများ၏ ဂျီဒီပီအနက်မှ ၅ ရာခိုင်နှုန်း အသုံးပြုသင့်ကြောင်း ထရမ့်က ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းက တိုက်တွန်းခဲ့သည်။

 နေတိုးအဖွဲ့ဝင်နိုင်ငံများအတွက် လက်ရှိသတ်မှတ်ထားသည့် ကာကွယ်ရေး အသုံးစရိတ်မှာ   ဂျီဒီပီ၏ ၂ ရာခိုင်နှုန်းဖြစ်သည်။ အဆိုပါပမာဏသည် နေတိုးအဖွဲ့ဝင်နိုင်ငံအားလုံးက တတ်နိုင်သည့် ငွေကြေးပမာဏ ဖြစ်သည်ဟု ထရမ့်ကယူဆလျက်ရှိသည်။ သို့သော် အဆိုပါ အသုံးစရိတ်တိုးမြှင့်ရေး တောင်းဆိုချက်ကို    ဂျာမနီဝန်ကြီးချုပ် အိုလက်ရှို့က   ပယ်ချထားခြင်းကြောင့် အမေရိကန်ပြည်ထောင်စုတွင်   ထရမ့် တက်ရောက်လာသည်နှင့် တစ်ပြိုင်နက် ထရမ့်ဦးဆောင်သည့် အမေရိကန် အစိုးရသစ်၏ ဆောင်ရွက်ချက်များကို အင်အားကြီးနိုင်ငံများ အပါအဝင် ကမ္ဘာ့နိုင်ငံ အများအပြားက စောင့်ကြည့်နေမည်ဖြစ်ကြောင်း ရေးသား တင်ပြလိုက်ရပါသည်။