MSME တို့အတွက် ဒစ်ဂျစ်တယ်နည်းပညာ

 

MSME တို့အတွက် ဒစ်ဂျစ်တယ်နည်းပညာ

 

      ယနေ့ခေတ် ဒစ်ဂျစ်တယ်အခင်းအကျင်း ပြောင်းလဲဖြစ်ပေါ်မှုက   မြန်ဆန်သည်။  အသေးစား၊   အငယ်စား၊   အလတ်စား စီးပွားရေးလုပ်ငန်း     (MSME)များ အောင်မြင်ရေးတွင် ဒစ်ဂျစ်တယ်ကျွမ်းကျင်မှုက မလွှဲမရှောင်သာအောင် လိုအပ်လာ၏။   ဒစ်ဂျစ်တယ်နည်းပညာ ပြောင်းလဲလာမှုက      ခေတ်လူတို့၏နေပုံထိုင်ပုံ၊ အလုပ်လုပ်ပုံနှင့်  လုပ်ငန်းဆောင်ရွက်ပုံတို့တွင် ကစားကွက်များ ပြောင်းလဲလာစေ၏။ ဒစ်ဂျစ်တယ်နည်းပညာက MSME များ လုပ်ငန်းတိုးတက်ရေး၊ တိုးချဲ့ရေးအတွက် ကြီးမားသော အခွင့်အလမ်းများပေးနေသည်။  သို့သော်   စစ်မှန်သည့်ကျွမ်းကျင်မှု၊ အသိပညာတို့ဖြင့် ကျော်လွှား ရမည့်စိန်ခေါ်မှုများလည်း    ရှိနေ၏။ ဤဆောင်းပါး၏ ရည်ရွယ်ချက်မှာ MSME များအတွက်    ဒစ်ဂျစ်တယ်နည်းပညာ ဘာကြောင့်အရေးကြီးသည်၊ ဒစ်ဂျစ်တယ် အသွင်ကူးပြောင်းရေးကို   လက်ကမ်းကြိုဆိုခြင်းဖြင့် အကျိုးကျေးဇူး မည်သို့ရနိုင်သည်ကို တွေးဆနိုင်ရန်ဖြစ်သည်။

MSME များအပေါ်သက်ရောက်မှု စတုတ္ထမြောက်စက်မှုတော်လှန်ရေး ပေါ်ထွန်းလာမှုက စီးပွားရေးကဏ္ဍကြီးတစ်ရပ်လုံး လျင်မြန်လှသည့် ဒစ်ဂျစ်တယ်အသုံးချမှုဖြစ်စဉ်ကြီးကို ဆောင်ကြဉ်းလာ၏။ အဆိုပါဒစ်ဂျစ်တယ်အသွင်ကူးပြောင်းမှုသည် MSME များအတွက် ဝင်ပေါက်သစ်များပွင့်လာစေသည်။ ယခင်က စိတ်ပင်မကူးရဲသည့် ကမ္ဘာ့ဈေးကွက်သို့ ဝင်ရောက်ခွင့်များ   လက်တစ်ကမ်းသို့ရောက်လာ၏။ စီးပွားရေးကစားကွင်း၌ လုပ်ငန်းကြီးများနှင့်တစ်ပြေးညီ   ကစားနိုင်စွမ်းရှိလာစေသည်။

သို့သော် MSME လုပ်ငန်းများအနေဖြင့် ဒစ်ဂျစ်တယ်နည်းပညာ လက်တွေ့အသုံးချနိုင်စွမ်းမရှိလျှင် လုပ်ငန်းတိုးတက်ကြီးပွားရေးအတွက် အခွင့်အလမ်းအလားအလာများ လက်လွှတ်ရကာ လုံးပါးပါးသွားမည့် အခြေအနေမျိုးသို့ ဆိုက်ရောက်လိမ့်မည်ဟု လေ့လာသူများကဆိုကြ၏။

MSME အောင်မြင်မှုအတွက် ဒစ်ဂျစ်တယ်နည်းပညာယနေ့ ဒစ်ဂျစ်တယ်စီးပွားရေး ခေတ်ကြီးတွင် MSME များရှင်သန်နိုင်စွမ်းရှိရေးအတွက်ဆိုလျှင် လိုအပ်ချက်ဖြစ်သော ဒစ်ဂျစ်တယ်နည်းပညာပိုင်း ကျွမ်းကျင်လာစေရေးနှင့် ပတ်သက်၍ မိမိတို့ရင်ဆိုင်နေရသည့်စိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းရေးက အလွန်ပင်အရေးကြီးသည်။

MSME  များတွင် ဒစ်ဂျစ်တယ်နည်းပညာ ကျွမ်းကျင်မှုရှိလာရေးနှင့် ပတ်သက်သည့် အစီရင်ခံစာတစ်ရပ်၌ ဒစ်ဂျစ်တယ်နည်းပညာကို ထဲထဲဝင်ဝင်အသုံးပြုလိုစိတ်များ ရှိလာရေးအတွက် လက်တွေ့ကျသော၊ သက်ဆိုင်သောအဆိုပြုချက်များ၊ ဥစ္စာရင်လို ဥစ္စာရင်ခဲ အားထုတ်လိုစိတ်များဖြစ်ပေါ်စေမည့်အဆိုပြုချက်များ   လိုအပ်သည်ဟု မီးမောင်းထိုးပြထားသည်။

ထိုလိုအပ်ချက်နှင့် အံဝင်ခွင်ကျရေးဆွဲထားသည့်  သင်တန်းများပေးခြင်း၊ လက်တွေ့ကျသည့်စီမံချက်များဖြင့် ကနဦးပံ့ပိုးပေးခြင်းတို့ဖြင့်  အတားအဆီးများ  ကျော်လွှားကာ ဒစ်ဂျစ်တယ်နည်းပညာ နယ်ပယ်အတွင်းသို့ အင်ပြည့်အားပြည့် ဝင်ရောက်နိုင်မည်ဖြစ်၏။

ကျွမ်းကျင်မှုကွာဟချက်နှင့် အကောင်းဆုံး အလေ့အကျင့်သုတေသန တစ်ခုကျယ်ကျယ်ပြန့်ပြန့်လုပ်ခြင်း၊ လုပ်ငန်းလုပ်ကိုင်နေသူများနှင့် တိုင်ပင်ဆွေးနွေးခြင်းတို့မှ  ရရှိလာသည့် အဖိုးတန်အသိအမြင်တို့ဖြင့်  ဒစ်ဂျစ်တယ်စီးပွားရေး၌ MSME များယှဉ်ပြိုင်နိုင်ရေးနှင့် ကြီးပွားတိုးတက်ရေးအတွက် လိုအပ်သောကျွမ်းကျင်မှုများကို ဖော်ထုတ်ရရှိခဲ့၏။ AI၊ Cloud၊ ဆိုက်ဘာလုံခြုံရေးနှင့် Data Science   ကဲ့သို့သော  နည်းပညာပိုင်း တတ်ကျွမ်းနားလည်မှုသည် တစ်ဟုန်ထိုးတိုးတက်လာနေသည့်   ကမ္ဘာကြီးတွင် လုပ်ငန်းများ စနစ်တကျလည်ပတ်ရေးအတွက် အရေးပါသည်။    အရာလည်းရောက်သည်။သို့သော် လက်ရှိကျွမ်းကျင်မှုများနှင့် နည်းပညာဆိုင်ရာ ဒစ်ဂျစ်တယ်ကျွမ်းကျင်မှုတို့အကြား ကွာဟချက်ကြီးမားနေသည်ဆို၏။ ယနေ့လုပ်ငန်းခွင်များ၌ ဒစ်ဂျစ်တယ်ပိုင်းကျွမ်းကျင်မှု ပို၍လိုအပ်လာသလို ဒစ်ဂျစ်တယ်မဟုတ်သော ကျွမ်းကျင်မှုများလည်း လိုအပ်ချက်ကကြီးမားသည်။ ဒစ်ဂျစ်တယ်မဟုတ်သော ကျွမ်းကျင်မှုများဟူသည် ခေါင်းဆောင်မှု၊ တီထွင်ဖန်တီးမှု၊  စိတ်ခံစားချက်ထိန်းချုပ်မှု၊ ပြဿနာဖြေရှင်းမှု၊ ခွဲခြမ်းစိတ်ဖြာစဉ်းစားမှု၊ လိုက်လျောညီထွေကျင့်သုံးနိုင်မှု၊ ပူးပေါင်းဆောင်ရွက်မှုနှင့် ဆက်သွယ်ရေးတို့ဖြစ်ပြီး ယင်းတို့ကို Non-digital skills သို့မဟုတ် Transversal skills ဟု သုံးနှုန်း၏။

ဒစ်ဂျစ်တယ်ကျွမ်းကျင်မှု မဖြစ်မနေလိုအပ်သည်ဆိုပြီး ထိုအပိုင်းကိုချည်း ဖိမလုပ်ဘဲ  ဒစ်ဂျစ်တယ်မဟုတ်သော ကျွမ်းကျင်မှုအတွက်လည်း အာရုံစိုက်ပေးရန်လိုမည်။ တစ်ဖက်ကလည်း ဒစ်ဂျစ်တယ်ကျွမ်းကျင်   လုပ်သားအင်အားစုများ ပျိုးထောင်မွေးထုတ်ပေးရန်    လိုသလို ထိုကျွမ်းကျင်မှုနှစ်မျိုးကြား ကွာဟချက်ကို ပေါင်းကူးပေးရန် သင်တန်းများနှင့် အရည်အသွေးမြှင့်တင်ရေးတို့ကို စဉ်ဆက်မပြတ် လုပ်ဆောင်ရန်လိုမည်ဖြစ်၏။

အကျိုးကျေးဇူးများ

      ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းမှုကို မောင်းနှင်ပေးမည့် ရင်းမြစ်စွမ်းအားစုများအတွက် အခက်အခဲအချို့ရှိနိုင်သော်လည်း ဒစ်ဂျစ်တယ်နည်းပညာ ကျွမ်းကျင်ပိုင်နိုင်ခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးကမူ ထိုနည်းပညာအတွက် ကောင်းကောင်းကြီး ရင်းနှီးမြှုပ်နှံထိုက်သည်။   ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းမှုသည် MSME  များကို အခြေခံကျကျ ပြုပြင်ပြောင်းလဲနိုင်မည်။ ဒစ်ဂျစ်တယ် နည်းပညာမြင့်မားသည့် MSME များသည် ပွင့်လင်းမြင်သာမှု၊  စီမံခန့်ခွဲရေးဆိုင်ရာ အဆုံးအဖြတ်များအပေါ် သဘောတူလက်ခံသည့်နှုန်းထား မြင့်မားသည်ဆို၏။

ထို့ပြင် ဒစ်ဂျစ်တယ်နည်းပညာ မြင့်မားသည့် လုပ်ငန်းများမှ အလုပ်သမားများသည် ယင်းတို့၏ အနာဂတ်အလုပ်အကိုင်အတွက် ပို၍အကောင်းမြင်ကြောင်းလည်း လေ့လာတွေ့ရှိရ၏။ ယင်းမှာ အသက်မွေးဝမ်းကျောင်းနှင့်  ဘဝတိုးတက်ရေးအပေါ် ဒစ်ဂျစ်တယ်နည်းပညာ ကျွမ်းကျင်မှု၏ အပြုသဘောသက်ရောက်မှုကို ထင်ဟပ်နေခြင်းဖြစ်၏။ ဒစ်ဂျစ်တယ်ပိုင်းကျွမ်းကျင်မှုသည် အလုပ်သမားများ၏ တစ်ဦးချင်းလုပ်နိုင်စွမ်း မြင့်တက်လာစေသလို MSME များ၏  အလုံးစုံယှဉ်ပြိုင်နိုင်စွမ်းအတွက်လည်း  များစွာအထောက်အကူဖြစ်စေသည်။

ဒစ်ဂျစ်တယ်နည်းပညာပိုင်းကို အရှိန်မြှင့်ခြင်းဖြင့်   စီးပွားရေးလုပ်ငန်းများ၏ လုပ်ငန်းလည်ပတ်မှုကို သွက်လက်မြန်ဆန်စေသည်။ ရင်းမြစ်စွမ်းအားစုကို အကျိုးအရှိဆုံးအသုံးချကာ အမြင့်ဆုံးထုတ်လုပ်မှု စွမ်းအားရရှိစေနိုင်သည်။ ဖောက်သည်များ အပေါ် ပို၍အာရုံစိုက်လာနိုင်သည်။ သာဓကအားဖြင့် ဈေးကွက်ရှာဖွေရေးတွင် ဒစ်ဂျစ်တယ်နည်းပညာ အသုံးပြုခြင်းဖြင့် မိမိ၏ရည်စူးဖောက်သည်များနှင့် ပို၍ထိတွေ့နိုင်စွမ်းရှိစေသည်။ အချက်အလက်သရုပ်ခွဲ ကျွမ်းကျင်မှုသည် ဆုံးဖြတ်ချက်ချမှတ်ခြင်းနှင့်   ရေရှည်နှင့် ဆက်စပ်လွှမ်းခြုံသည့် လုပ်ငန်းအောင်မြင်ရေး ရည်မှန်းချက်များ ချမှတ်ရာ၌ အဖိုးမဖြတ်နိုင်သော ထိုးထွင်းသိမြင်မှုများ ရရှိစေ၏။

အတားအဆီးများ  ကျော်လွှားခြင်းနှင့် လက်ကမ်းကြိုဆိုခြင်း

     ဒစ်ဂျစ်တယ် အသွင်ကူးပြောင်းမှုကို အပြည့်အဝလက်ခံအသုံးပြုရန် MSME များသည် ဒစ်ဂျစ်တယ်နည်းပညာ ရယူအသုံးချရေး    အဟန့်အတားများကို ကျော်လွှားရန် လိုအပ်သည်။ ဒစ်ဂျစ်တယ်ပညာတတ်ကျွမ်းသည့်  အလုပ်သမားများမရှိခြင်းက  များစွာသောလုပ်ငန်းများအတွက် ကြီးမားသော အတားအဆီးတစ်ခုဖြစ်၏။    ဥရောပနိုင်ငံများ၌ပင် အခြေခံဒစ်ဂျစ်တယ်   နည်းပညာပိုင်း ကျွမ်းကျင်မှုတွင် အားနည်းမှုရှိနေသည်ဟု လေ့လာသူများကဆိုသည်။ ထိုအချက်က လုပ်သားအင်အားစုများ အတွင်း ထိုနည်းပညာပိုင်း ကျွမ်းကျင်မှုမြှင့်တင်ရန် အရေးတကြီးလိုအပ်နေကြောင်း   မီးမောင်းထိုးပြနေခြင်းဖြစ်သည်ဟုလည်းဆို၏။

ဒစ်ဂျစ်တယ်အတွက် ရက်ရွေးမနေသင့်MSME များသည် ဒစ်ဂျစ်တယ်နည်းပညာ ကျွမ်းကျွမ်းကျင်ကျင် အသုံးပြုရေးကို မြန်နိုင်သမျှမြန်မြန် စတင်သင့်သည်။

ယနေ့ ဒစ်ဂျစ်တယ်ကမ္ဘာကြီးတွင် မိမိလုပ်ငန်း ရှင်သန်အောင်မြင်ရေးအတွက် မဖြစ်မနေလိုအပ်သော   နည်းပညာဖြစ်၏။ ဒစ်ဂျစ်တယ်အသွင် ကူးပြောင်းမှုကို ယုံကြည်မှုရှိရှိဖြင့်လုပ်ရမည်။    အမှန်တကယ်လိုအပ်သော၊    အရေးပါသော၊ အရာလည်းရောက်စေသော အဆိုပါအရည်အသွေးဖြင့် မိမိတို့ကိုယ်မိမိတို့ တပ်ဆင်ရမည်။ သို့မှသာ MSME များသည် အခွင့်အလမ်းသစ်များ ရယူခြင်းဆိုသည့် ရွှေတံခါးကိုဖွင့်နိုင်သည်။ ယှဉ်ပြိုင်မှုများ အောင်မြင်နိုင်မည်။   မိမိလုပ်ငန်းကို ရှေ့သို့လှမ်းချီနိုင်မည်။   ဒစ်ဂျစ်တယ်နည်းပညာ အသုံးချမှု၏ အကျိုးကျေးဇူးကို တစ်ဦးချင်းစီ၏စွမ်းပကား၊ ကော်ပိုရိတ်အလေ့အထ၊ အလုပ်သမားကျေနပ်မှုနှင့် အလုံးစုံလုပ်ငန်း စွမ်းဆောင်ရည်တို့အထိ ဆက်ချဲ့ရမည်။

ဒစ်ဂျစ်တယ်နည်းပညာပိုင်း ကျွမ်းကျင်မှု တည်ဆောက်ရာ၌ အတားအဆီးများကို ကျော်လွှားရန် MSME များသည် သင့်တော်သော လေ့ကျင့်သင်ကြားရေး အစီအစဉ်များရေးဆွဲသင်ကြားရန်   လိုအပ်သည်။ နည်းပညာ   အခြေခံသင်တန်းများနှင့် ကျွမ်းကျင်မှုမြှင့်တင်ရေး   သင်တန်းများအတွက် ငွေသုံးသင့်သည်။ သို့မှသာ လုပ်ငန်းထိရောက်မှုနှင့်   ထုတ်လုပ်မှုစွမ်းအား မြင့်တက်မည်။ ရှေ့မှဦးဆောင် ယှဉ်ပြိုင်နိုင်မည်။ ဒစ်ဂျစ်တယ်စီးပွားရေးတွင် ရေရှည်အောင်မြင်စွာ ရပ်တည်နိုင်မည်ဖြစ်ပါသည်။

အနှစ်ချုပ်ဆိုရလျှင်     ဒစ်ဂျစ်တယ် နည်းပညာကျွမ်းကျင်မှုသည် ရွေးစရာတစ်ခုမဟုတ်ပါ။ ဒစ်ဂျစ်တယ်ခေတ်တွင် MSME တို့ ရှင်သန်ကြီးထွားရေးအတွက် လုပ်ကိုလုပ်ရမည့်   နည်းပညာဖြစ်၏။

ဒစ်ဂျစ်တယ်နည်းပညာ  အသုံးချရေးကို မြန်နိုင်သမျှ   မြန်မြန်စတင်လိုက်ခြင်းက အကောင်းဆုံးပင်ဖြစ်ပါသည်။   ။