
၂၀၂၄ ခုနှစ်အတွင်း စီးပွားရေးအရ ကြီးမားသည့်ဆုံးရှုံးမှုများကို ဖြစ်ပေါ်စေခဲ့သည့် ရာသီဥတုပြောင်းလဲမှု
ရာသီဥတုဖောက်ပြန်မှုကြောင့် ကမ္ဘာတစ်ဝန်းတွင် ရာသီဥတု အခြေအနေများပိုမိုဆိုးရွားလာရာ ၂၀၂၄ ခုနှစ်တွင် သဘာဝဘေးအန္တရာယ်များကြောင့် ဖြစ်ပေါ်ခဲ့သည့် အလုံးစုံဆုံးရှုံးမှုတန်ဖိုးမှာ ဒေါ်လာ ၃၂၀ ဘီလီယံ အထိမြင့်တက်လာခဲ့ကြောင်း ဂျာမနီအခြေစိုက် အာမခံကုမ္ပဏီကြီး တစ်ခုဖြစ်သည့် Munich Re က ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းက ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာတစ်စောင်တွင် ဖော်ပြသည်။
သဘာဝကပ်ဘေးများအနက် လူအသေအပျောက်များသော အပူပိုင်းဆိုင်ကလုန်းမုန်တိုင်းများ၊ ရေကြီးမှု၊ ရေလွှမ်းမိုးမှုများနှင့် ငလျင်လှုပ်ခတ်မှုများ အပါအဝင် ထိုသို့သော သဘာဝဘေးအန္တရာယ်များမှ အာမခံထားသည့် ဆုံးရှုံးမှုတန်ဖိုး စုစုပေါင်းမှာ ဒေါ်လာ ၁၄၀ ဘီလီယံဖြစ်ပြီး ကျန်ပမာဏမှာ အာမခံမထားသည့် ဆုံးရှုံးမှုများဖြစ်သည်။ ၎င်းပမာဏသည် ၁၉၈၀ ပြည့်နှစ် နောက်ပိုင်း သဘာဝဘေးကြောင့် ဆုံးရှုံးမှု တတိယအများဆုံးနှစ် ဖြစ်လာကြောင်း Munich Re က ၎င်း၏နှစ်ပတ်လည် သဘာဝကပ်ဘေးအစီရင်ခံစာတွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
သဘာဝဘေးအန္တရာယ်များကြောင့် လွန်ခဲ့သည့် ၂၀၁၄ မှ ၂၀၂၃ ခုနှစ် ဆယ်စုနှစ်တစ်ခုအတွင်း နှစ်စဉ် ပျမ်းမျှသေဆုံးသူ ၁၇၅၀၀ နှင့်နှိုင်းယှဉ်ပါက ၂၀၂၄ ခုနှစ်တွင် သဘာဝဘေးအန္တရာယ်များကြောင့် လူပေါင်း ၁၁၀၀၀ ခန့် သေဆုံးခဲ့ရသည်။ ထို့ပြင် လူသားတို့နေထိုင်သည့် လက်ရှိကမ္ဘာကြီး၏ ရာသီဥတုပြောင်းလဲမှုသည် ပိုမိုဆိုးရွားလာနိုင်သည့်အဆင့်သို့ ပြောင်းလဲလာလျက်ရှိကြောင်း Munich Re မှ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ သိပ္ပံပညာရှင်တစ်ဦးဖြစ်သူ တိုးဘီးယက် ဂရင်းက ပြောသည်။
အာရှဒေသတစ်ခုတည်းမှာပင် ပြီးခဲ့သည့်နှစ်အတွင်းက ဖြစ်ပွားခဲ့သည့် သဘာဝကပ်ဘေးများကြောင့် လူထောင်ကျော်သေဆုံးခဲ့ရပြီး ပျက်စီးဆုံးရှုံးမှုများကြောင့် ခန့်မှန်းခြေအားဖြင့် ဒေါ်လာ ၂၉ ဘီလီယံခန့်ရှိသည်။ ထို့ပြင် တရုတ်နိုင်ငံတွင် ဖြစ်ပွားသည့် ရေကြီးမှုများကြောင့် လူပေါင်း ၇၇ ဦးသေဆုံးပြီး အလုံးစုံပျက်စီး ဆုံးရှုံးမှုပမာဏမှာလည်း ဒေါ်လာ ၁၂ ဘီလီယံရှိသည်။
အမေရိကန်ပြည်သူအများစုသည် ဟာရီကိန်းဟယ်လန်နှင့် မီလ်တန်တို့ကို ယခုအချိန်အထိ အမှတ်ရနေမည်ဖြစ်သည်။
၎င်းမုန်တိုင်းများသည် အမေရိကန်ပြည်ထောင်စုအတွင်း လူသေဆုံးမှုများကို ဖြစ်ပေါ်စေရုံသာမက စီးပွားရေးအရလည်း အကြီးအကျယ် ထိခိုက်စေခဲ့သည်။
၂၀၂၄ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စု အတွင်းသို့ အဆိုပါမုန်တိုင်းများ ဝင်ရောက် တိုက်ခတ်မှုကြောင့် စီးပွားရေးအရ ဒေါ်လာ ၉၄ ဘီလီယံဆုံးရှုံးခဲ့ရသည်။
ဟာရီကိန်းမုန်တိုင်း ဟယ်လန်သည် အမေရိကန်ပြည်ထောင်စုကိုသာမက မက္ကဆီကို၊ ကျူးဘားနှင့်ဟွန်းဒူးရပ်နိုင်ငံများသို့လည်း ဝင်ရောက်တိုက်ခတ်ခဲ့သည်။ ထို့ပြင် အမေရိကန်၏ အိမ်နီးချင်းဖြစ်သည့် မက္ကဆီကိုနိုင်ငံသည် ဟာရီကိန်းမုန်တိုင်းမီလ်တန်၏ တိုက်ခတ်မှုဒဏ်ကိုပါ ဆက်လက်ကြုံတွေ့ခဲ့ရသည်။
ရာသီဥတုပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာသည့် သဘာဝဘေးအန္တရာယ်များကို စပိန်ကဲ့သို့သော ငွေကြေးကြွယ်ဝချမ်းသာသည့် ဥရောပနိုင်ငံများကလည်း ရှောင်လွှဲနိုင်ခြင်းမရှိခဲ့ပေ။ ယင်းနိုင်ငံတွင် ၂၀၂၄ခုနှစ် အောက်တိုဘာလအတွင်းဖြစ်ပွားခဲ့သည့် ရေကြီးရေလျှံမှုများကြောင့် ဒေါ်လာ ၁၁ ဘီလီယံခန့် ပျက်စီးဆုံးရှုံးခဲ့ရသည်။
လူသေဆုံးမှုမှာ ၂၀၀ ကျော်ရှိသည်။ ထို့ကြောင့် ငွေကြေးချမ်းသာကြွယ်ဝသော နိုင်ငံကြီးများသည် ရာသီဥတုပြောင်းလဲမှုကို လျှော့ချရာတွင် အထောက် အပံ့ပိုမိုပေးကြရန် ကုလသမဂ္ဂနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများက တိုက်တွန်းနေခြင်းဖြစ်သည်။
ယခုလက်ရှိကမ္ဘာကြီးတွင် ဖြစ်ပွားနေသည့် ရာသီဥတုပြောင်းလဲမှုသည် အဓိကအားဖြင့် ရုပ်ကြွင်းလောင်စာများ လောင်ကျွမ်းမှုမှ ထွက်ပေါ်လာသည့် ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ ထုတ်လွှတ်မှုကြောင့်ဖြစ်သည်ဟု နိုင်ငံတကာ သိပ္ပံပညာရပ်ဆိုင်ရာ ညှိနှိုင်းစေ့စပ်ရေး အဖွဲ့ကြီး ဖြစ်သည့် WWA က ထုတ်ပြန်ခဲ့သည်။
ရာသီဥတုပြောင်းလဲမှုကြောင့် ဟာရီကိန်းမုန်တိုင်း ဟယ်လန်တိုက်ခတ်မှုအတွင်း မိုးရေချိန်ကို ၁၀ ရာခိုင်နှုန်းအထိ မြင့်တက်လာစေခဲ့သည့်အပြင် မုန်တိုင်း၏ လေတိုက်ခတ်မှုနှုန်းကိုလည်း ၁၁ ရာခိုင်နှုန်း အထိမြင့်တက်၊ ပြင်းထန်လာစေခဲ့ကြောင်း WWA ကပြောသည်။
ထို့ပြင် စပိန်နိုင်ငံတွင် ဖြစ်ပွားခဲ့သည့် ရေကြီးရေလျှံမှုများအတွင်း ရာသီဥတုပြောင်းလဲလာမှုကြောင့် မိုးရွာသွန်းမှုနှုန်းကို ၁၂ ရာခိုင်နှုန်းအထိ ပိုမိုပြင်းထန်စွာရွာသွန်းစေခဲ့ကြောင်း ၎င်းအဖွဲ့က ဆက်လက်ထောက်ပြထားသည်။
သဘာဝဘေးအန္တရာယ်များကြောင့် ငွေကြေးဆုံးရှုံးမှုများဖြစ်ပေါ်လာနိုင်သည့် အလားအလာများကိုလည်း WWA အဖွဲ့က မီးမောင်းထိုးပြထားပြီး ရေကြီးမှုများနှင့် တောမီးလောင်ကျွမ်းမှုများ စသည့် သဘာဝဘေးများနှင့် ကြုံတွေ့နိုင်သည့် နိုင်ငံများ၊ အထူးသဖြင့် ငွေကြေးဓနအင်အား နည်းပါးသည့်နိုင်ငံများအတွက် ဖြစ်ပေါ်လာနိုင်သည့် ဆုံးရှုံးမှုများကိုလည်း သတိပေးထားခဲ့သည်။
ရာသီဥတုပြောင်းလဲမှုကို လျှော့ချနိုင်ရေးအတွက် အမေရိကန်ပြည်ထောင်စု၊ နယူးယောက်ပြည်နယ် အစိုးရက ရာသီဥတုပြောင်းလဲမှုလျှော့ချရေး ဥပဒေတစ်ရပ်ကို ပြဋ္ဌာန်းခဲ့သည်။ အဆိုပါဥပဒေကို ပြည်နယ် အုပ်ချုပ်ရေးမှူး ကက်သီဟိုချူက ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်တွင် လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။
ရာသီဥတုပြောင်းလဲမှုကို ဖြစ်ပေါ်စေသည့် အကြောင်းရင်းများစွာအနက် တစ်ချက်မှာ ရုပ်ကြွင်းလောင်စာကုမ္ပဏီများကြောင့်ဖြစ်သည်။ ထို့ကြောင့် ယင်းကုမ္ပဏီကြီးများမှ လေထုအတွင်းသို့ ထုတ်လွှတ်သည့် ဖန်လုံအိမ်ဓာတ်ငွေ့ပမာဏအပေါ် မူတည်၍ ပြည်နယ်အစိုးရက ဒဏ်ငွေချမှတ်မည်ဖြစ်ပြီး ယင်းငွေကြေးများကို ၂၀၂၈ ခုနှစ်တွင် တည်ထောင်မည့် ရာသီဥတုပြောင်းလဲမှု လျှော့ချရေးရန်ပုံငွေ အတွင်းသို့ ထည့်သွင်းမည်ဖြစ်သည်။
နယူးယောက်ပြည်နယ်အစိုးရ၏ ရာသီဥတုပြောင်းလဲမှုလျှော့ချရေး ဥပဒေအရ ပြည်နယ်အတွင်းရှိ တန်ချိန်ပေါင်း ဘီလီယံနှင့်ချီသည့် ကာဗွန်ဒိုင်အောက်ဆိုက် ဓာတ်ငွေ့ထုတ်လွှတ်သည်ဟု နယူးယောက်သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာနက ယူဆသည့် မည်သည့်ကုမ္ပဏီမျိုးမဆို အကျုံးဝင်မည်ဖြစ်သည်။
အမေရိကန်ပြည်ထောင်စုရှိ အဓိကရေနံကုမ္ပဏီကြီးများသည် ၂၀၂၁ ခုနှစ် ဇန်နဝါရီလမှစ၍ အကျိုးအမြတ်အဖြစ် ဒေါ်လာ တစ်ထရီလီယံကျော်အထိ ဝင်ငွေရရှိနေပြီး ၎င်းကုမ္ပဏီကြီးများ၏ ရုပ်ကြွင်းလောင်စာထုတ်ယူမှုနှင့် လောင်ကျွမ်းမှုကြောင့် ၁၉၇၀ ပြည့်နှစ်များမှစ၍ ရာသီဥတု ပြောင်းလဲမှုအပေါ် များစွာသက်ရောက်စေခဲ့သည်ဟု နယူးယောက်ပြည်နယ်မှ အထက်လွှတ်တော် အမတ်တစ်ဦးဖြစ်သူ လစ်ဇ်ခရူးဂါးကပြောသည်။
ယခုအခါ ရာသီဥတုပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာသည့် အကျိုးဆက်များကို ကမ္ဘာ့နိုင်ငံအများအပြားက ရင်ဆိုင်ကြုံတွေ့လာရပြီဖြစ်သည်။ အချို့အင်အားကြီးနိုင်ငံများက ရာသီဥတု ပြောင်းလဲမှုကို လျှော့ချနိုင်ရေးအတွက် သိသိသာသာ လုပ်ဆောင်လျက်ရှိသော်လည်း သဘာဝကပ်ဘေးများနှင့် ရင်ဆိုင်ရသည့် နိုင်ငံများအား ဘဏ္ဍာရေးအရ ထောက်ပံ့မှုများပေးအပ်ရာတွင် နိုင်ငံရေးအရ သဘောထားကွဲလွဲမှုများ ဆက်လက်ရှိနေဆဲဖြစ်သည်။
ထို့ကြောင့် လူသေဆုံးမှုများပြီး စီးပွားရေးအရ ဆုံးရှုံးမှုကြီးမားစွာဖြစ်ပွားစေသည့် သဘာဝဘေးအန္တရာယ်များကို လျှော့ချနိုင်ရန်အတွက် ကမ္ဘာပေါ်ရှိ နိုင်ငံများကစုပေါင်း၍ ကြိုးပမ်းလုပ်ဆောင်ကြရန် ကမ္ဘာ့အဖွဲ့အစည်းများက တိုက်တွန်းနေခြင်းဖြစ်ကြောင်း ရေးသား တင်ပြလိုက်ရပါသည်။ ။