
ပြည်သူလူထု၏ သယံဇာတအား ပြည်သူလူထုထံသို့ အပိုင်း(၂)
၂၀၂၅ ခုနှစ်သည် စွမ်းအင်ဝန်ကြီးဌာန စတင်ဖွဲ့စည်းတည်ထောင်ခဲ့သည့် နှစ်(၄၀) ပြည့် ပတ္တမြားရတုနှစ် တစ်နှစ်ဖြစ်သကဲ့သို့ အနာဂတ်စွမ်းအင်ကဏ္ဍအတွက် သမိုင်းမှတ်တိုင်သစ် စိုက်ထူနိုင်မည့် နှစ်တစ်နှစ်ဖြစ်သောကြောင့် စွမ်းအင်ဝန်ကြီးဌာနအတွက် ထူးခြားသောနှစ်တစ်နှစ်ဖြစ်သည်။
စွမ်းအင်ဝန်ကြီးဌာနသည် နိုင်ငံ၏ စွမ်းအင်ကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးအတွက် ပြည်တွင်းရှိ ကုန်းတွင်းနှင့် ကမ်းလွန်လုပ်ကွက်များမှ ရေနံနှင့်သဘာဝဓာတ်ငွေ့များကို တိုးမြှင့်ရှာဖွေခြင်း၊ ထွက်ရှိလာသည့် ရေနံနှင့်သဘာဝဓာတ်ငွေ့တို့ကို ကုန်ကြမ်းနှင့်လောင်စာအဖြစ် အသုံးပြု၍ နိုင်ငံအတွက် လိုအပ်သည့် ရေနံထွက်ပစ္စည်းများနှင့် ယူရီးယားဓာတ်မြေဩဇာများ ထုတ်လုပ်ဖြန့်ဖြူးခြင်း၊ လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်ရေးနှင့် စက်ရုံ အလုပ်ရုံများ၏ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် လိုအပ်သည့်သဘာဝ ဓာတ်ငွေ့များဖြန့်ဖြူးပေးခြင်း၊ မော်တော်ယာဉ်များအတွက် မော်တော်ယာဉ်သုံး သဘာဝဓာတ်ငွေ့များ ဖြန့်ဖြူးရောင်းချပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိသည်။
ထို့ပြင် ပြည်တွင်းစက်သုံးဆီဖူလုံမှု ရှိစေရေးနှင့် ပြည်ပမှ စက်သုံးဆီ တင်သွင်းနေရမှုကိုလျှော့ချ၍ စက်သုံးဆီလိုအပ်ချက်ကို အပြည့်အဝဖြည့်ဆည်း ပေးနိုင်ရေးတို့အတွက် ပြည်တွင်း၌ ရေနံချက်စက်ရုံအသစ်များ တည်ဆောက်ခြင်း၊ လက်ရှိ ရေနံချက်စက်ရုံများကို အဆင့်မြှင့်တင်ခြင်းနှင့် ပြည်ပမှရေနံစိမ်းတင်သွင်း၍ အရည်အသွေးမြှင့် စက်သုံးဆီများကို ပြည်တွင်းတွင်ထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်းများ ဆောင်ရွက်သွားနိုင်ရေးအတွက် အစီအမံများချမှတ်၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ လက်ရှိတွင် ပြည်တွင်းစက်သုံးဆီသုံးစွဲမှု၏ ၉၇ ရာခိုင်နှုန်းခန့်ကို ပြည်ပမှတင်သွင်းလျက်ရှိပြီး သုံးရာခိုင်နှုန်းခန့်ကိုသာ စွမ်းအင်ဝန်ကြီးဌာန မြန်မာ့ရေနံဓာတုဗေဒ လုပ်ငန်းက ထုတ်လုပ်ဖြန့်ဖြူး ပေးလျက်ရှိသည်။
၂၀၂၅ ခုနှစ်တွင်ကျရောက်သည့် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုသောအားဖြင့်လည်းကောင်း၊ နိုင်ငံတော်နှင့် ပြည်သူတို့၏ စွမ်းအင်သယံဇာတကို ပြည်သူလူထုထံသို့ လက်ဝယ်ရောက်ရှိစေရေးအတွက် လည်းကောင်း စွမ်းအင်ဝန်ကြီးဌာန မြန်မာ့ရေနံဓာတုဗေဒ လုပ်ငန်း သိုလှောင်ဖြန့်ဖြူးရေးဌာန လက်အောက်ရှိ စက်သုံးဆီ အရောင်းဆိုင်များအနက် ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ အရောင်းဆိုင်အမှတ်(၀၃၅၃)၊ မန္တလေးမြို့ရှိ အရောင်းဆိုင်အမှတ်(၀၆၁၁)နှင့် (၀၆၁၄)တို့တွင် ၄-၁-၂၀၂၅ ရက်မှစ၍ ရေနံဓာတုဗေဒစက်ရုံစု(သံပရာကန်)မှ ချက်လုပ်ထွက်ရှိ သည့် ပြည်တွင်းထုတ်ဓာတ်ဆီကို ဒေသန္တရပေါက်ဈေးထက် သက်သာသောဈေးနှုန်းဖြင့် ပြည်သူလူထုထံ တိုက်ရိုက်ရောင်းချဖြန့်ဖြူးပေးလျက်ရှိသည်။
ထို့ပြင် ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့ရှိ ဟင်းငုတ်ပင်စက်သုံးဆီအရောင်းဆိုင်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်း)လွိုင်လင်စက်သုံးဆီ အရောင်းဆိုင်တို့ကိုလည်း ဆက်လက်ဖွင့်လှစ်၍ လည်းကောင်း၊ အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင်လည်း ပြည်သူလူထုအနေဖြင့် ပြည်တွင်းထုတ်ဓာတ်ဆီကို ဈေးနှုန်းချိုသာစွာ တိုက်ရိုက်ဝယ်ယူရရှိနိုင်ရေး စက်သုံးဆီအရောင်းဆိုင်များ ဖွင့်လှစ်၍လည်းကောင်း ရောင်းချပေးသွားရန် စွမ်းအင်ဝန်ကြီးဌာနက စီစဉ်ဆောင်ရွက်လျက်ရှိသည်။
ပြည်တွင်းထုတ်ဓာတ်ဆီ၏ အောက်တိန်းအမှတ်မှာ RON 68 ဖြစ်သည်။
အောက်တိန်းအမှတ်(Research Octane Number - RON)၏ အကျိုးသက်ရောက်မှု အောက်တိန်းအမှတ်(Research Octane Number - RON)ဆိုသည်မှာ အင်ဂျင်အတွင်း၌ ပေါက်ကွဲလောင်ကျွမ်းမှုဖြစ်ချိန်တွင် ဖြစ်ပေါ်လာသည့် ဖိအားဒဏ်နှင့်အင်ဂျင် ခေါက်ခြင်းတို့ကို ခံနိုင်ရည်ရှိမှုတို့အတွက် သတ်မှတ်ချက်ပင်ဖြစ်သည်။ အောက်တိန်းအမှတ် စမ်းသပ်ခြင်းများ မပြုလုပ်မီကာလတွင်ထုတ်လုပ်သော မော်တော်ယာဉ်များ၏ အင်ဂျင်များသည် အင်ဂျင်ခေါက်ခြင်းကို ရှောင်ရှားနိုင်ရေးအတွက် အလွန်နိမ့်သော ဖိသိပ်မှုအချိုးဖြင့်လည်ပတ်စေရန် ဒီဇိုင်းထုတ်ထားပြီး ၎င်းတို့၏ စွမ်းဆောင်ရည်ကို ကန့်သတ်ထားရှိသည်။ အောက်တိန်းအမှတ်သည် လောင်စာကိုဖိအားပေးချိန်တွင် အလိုအလျောက် မီးထလောင်မှုခံနိုင်ရည် ပိုမိုမြင့်မားခြင်းနှင့်လည်း တိုက်ရိုက်သက်ဆိုင်မှုရှိကြောင်း တွေ့ရှိရသည်။
မော်တော်ယာဉ်များတွင် ပါရှိသော လက်စွဲစာအုပ်များ၌ အင်ဂျင်ခေါက်နှုန်းကို ကန့်သတ်နိုင်ရန် အသုံးပြုရမည့်ဆီတွင် ပါရှိရမည့် အောက်တိန်းအမှတ် သတ်မှတ်ထားသည်။ အောက်တိန်းအမှတ်မြင့်မားပါက အင်ဂျင်၏လောင်စာဆီ လောင်ကျွမ်းမှုနှင့် အငွေ့ပြန်မှုနှုန်းမြင့်မားလာပြီး ဆီစားနှုန်းပမာဏ မြင့်တက်စေနိုင်သည်။ အင်ဂျင်အတွက် သတ်မှတ်ထားရှိသည့် အောက်တိန်းအမှတ်ထက် နိမ့်သော ဓာတ်ဆီကိုအသုံးပြုပါက မော်တော်ယာဉ်အင်ဂျင်၏သက်တမ်းကို တိုစေနိုင်သကဲ့သို့ အောက်တိန်းအမှတ်ပို၍ မြင့်မားသောဓာတ်ဆီကို ပုံမှန်ဓာတ်ဆီအသုံးပြုရမည့် မော်တော်ယာဉ်၌ ထည့်သွင်းအသုံးပြုမိပါက အပြည့်အဝမီးလောင်မှု မဖြစ်နိုင်ဘဲ ဆီစားနှုန်းပိုမိုဖြစ်ပေါ်စေပြီး မော်တော်ယာဉ်မောင်းနှင်ရာတွင် အခြားသိသာထင်ရှားသည့် စွမ်းဆောင်ရည်များကို ရရှိနိုင်မည်မဟုတ်ပါ။ သို့ဖြစ်၍ မော်တော်ယာဉ်များတွင် သင့်လျော်သည့်ဓာတ်ဆီကို ရွေးချယ်အသုံးပြုတတ်ရန် အလွန်အရေးကြီးသည်။
ဓာတ်ဆီအင်ဂျင်၏ လုပ်ဆောင်ပုံ
ဓာတ်ဆီအင်ဂျင်ဆိုသည်မှာ လေနှင့်လောင်စာဖြစ်သော ဓာတ်ဆီအရောအနှောကို အင်ဂျင်၏ ပစ္စတင်ထိပ်တွင် ဖိအားပေး၍ ပလတ်မှတစ်ဆင့် မီးတောက်ပြုလုပ်ကာ မီးလောင်မှုကိုအစပျိုးပြီး စွမ်းအင်ထုတ်ယူသော အင်ဂျင်အမျိုးအစားဖြစ်သည်။ လေနှင့်လောင်စာအရောအနှောကို ဖိအားပိုမိုပေး၍ လောင်ကျွမ်းမှုပြုလုပ်လျှင် အင်ဂျင်စွမ်းအင်ပိုမိုရရှိကြောင်း တွေ့ရှိရသည့်အတွက် ဖိအားဖြစ်ပေါ်စေသည့် ဖိသိပ်မှုအချိုးကိုမြှင့်တင်၍ ဓာတ်ဆီအင်ဂျင်များကို ဒီဇိုင်းပြုလုပ် တည်ဆောက်လာခြင်းဖြစ်သည်။
အင်ဂျင်ဒီဇိုင်းများအပေါ် မူတည်၍ ဖိသိပ်မှုအချိုး ပြောင်းလဲမှုရှိသည့်အတွက် ထိုအချိုးအပေါ်မူတည်၍ စက်သုံးဆီအမျိုးအစားကို သတ်မှတ်သုံးစွဲကြသည်။ သို့ဖြစ်၍ ဖိသိပ်မှုအချိုးနှင့်ကိုက်ညီသည့် စက်သုံးဆီအမျိုးအစားများကို ရွေးချယ်သုံးစွဲ ရမည်ဖြစ်သည်။ ဥပမာအားဖြင့် အောက်တိန်းအမှတ်မြင့်မားသော ဓာတ်ဆီသည် ဖိသိပ်မှုအချိုးမြင့်မားသော အင်ဂျင်များတွင် မီးခေါက်သံဖြစ်ပေါ်မှုနည်းပါးပြီး အင်ဂျင်စွမ်းဆောင်ရည် ပိုမိုကောင်းမွန်စေပါသည်။
ဓာတ်ဆီအင်ဂျင်များတွင် မီးလောင်ပေါက်ကွဲမှုဖြစ်ပေါ်ချိန်၌ အင်ဂျင်၏ပစ္စတင်သည် သတ်မှတ်နေရာရောက်ချိန် ပလတ်၏ မီးပွားဖြစ်ပေါ်သောနေရာမှ စတင်မီးလောင် ပေါက်ကွဲမှသာလျှင် အင်ဂျင်၏အသံ ကောင်းမွန်မှုနှင့်အတူ စွမ်းဆောင်မှုကောင်းမွန်မည်ဖြစ်သည်။ ထိုသို့ဖြစ်စေရန် အင်ဂျင်၏ ဖိသိပ်မှုအချိုးမြင့်လာသည်နှင့်အမျှ ဓာတ်ဆီ၏ RON သတ်မှတ်ချက် မြင့်မားလာရန်လိုအပ်ပါသည်။ ဖိသိပ်မှုအချိုးမြင့်မားသောအင်ဂျင်တွင် RON နိမ့်သော ဓာတ်ဆီများအသုံးပြုပါက ပစ္စတင်သတ်မှတ်နေရာမရောက်မီ အလိုအလျောက် မီးထလောင်မှုဖြစ်ပေါ်ပြီး မီးခေါက်သံ ထွက်ပေါ်လာနိုင်ပါသည်။
အင်ဂျင်တစ်လုံးတွင် ဝန်နှင့်အားမမျှတသည့် အချိန်အခါမျိုးတွင်လည်း အင်ဂျင်မီးခေါက်သံ ထွက်ပေါ်လေ့ရှိသည်။ မီးခေါက်သံထွက်ပေါ်မှုသည် အင်ဂျင်ကိုရုတ်တရက်ဆိုးရွားစွာ ထိခိုက်ပျက်စီးခြင်းမျိုးမဟုတ်ဘဲ ရေရှည်တွင် အင်ဂျင်သက်တမ်း လျော့ကျစေမည်ဖြစ်သည်။
ဓာတ်ဆီကို အခြေခံအားဖြင့် အုပ်စုသုံးမျိုး ခွဲခြားသတ်မှတ်အောက်တိန်းအမှတ် (RON 90) အောက်ရှိသော ဓာတ်ဆီများကို ပုံမှန်ဓာတ်ဆီအဖြစ်သတ်မှတ်ပြီး မီးစက်များ၊ လယ်ယာသုံးစက်ပစ္စည်းများ၊ မော်တော်ဆိုင်ကယ်များ၊ သုံးဘီးယာဉ်များနှင့် မော်ဒယ်နိမ့်သောကားများတွင် အသုံးပြုနိုင်ကြောင်း တွေ့ရှိရသည်။ ပုံမှန်ဓာတ်ဆီများကို ဖိသိပ်မှုအချိုး ၉ အချိုး ၁ ဝန်းကျင်ရှိ ကာဗရက်တာ တပ်ဆင်ထားသောအင်ဂျင်များတွင် အသုံးပြုရန်သင့်လျော်ကြောင်း တွေ့ရှိရသည်။
အောက်တိန်းအမှတ် (RON 91) မှ (RON 93) ဝန်းကျင်ရှိသော ဓာတ်ဆီများကို အဆင့်မြင့်ဓာတ်ဆီများအဖြစ် သတ်မှတ်ပြီး လက်ရှိ မော်ဒယ်မြင့်ကားများတွင် အသုံးပြုလျက်ရှိကြောင်း တွေ့ရှိရသည်။ အဆင့်မြင့်ဓာတ်ဆီများကို ဖိသိပ်မှုအချိုး ၁၀ အချိုး ၁ မှ ၁၁ အချိုး ၁ ဝန်းကျင်ရှိသော အင်ဂျင်များတွင် အသုံးပြုရန် သင့်လျော်ကြောင်း တွေ့ရှိရသည်။
အောက်တိန်းအမှတ်(RON 95)အထက်ရှိသော ဓာတ်ဆီများကို အလွန်အဆင့်မြှင့်ဓာတ်ဆီများအဖြစ် သတ်မှတ်ကြပြီး တန်ဖိုးမြင့်ဇိမ်ခံကားအင်ဂျင်များနှင့် ပြိုင်ကားများတွင် အသုံးပြုကြောင်း တွေ့ရှိရသည်။ ၎င်းတို့ကို ဖိသိပ်မှုအချိုး ၁၁ အချိုး ၁ အထက်ရှိသော အထူးပြုအင်ဂျင်များတွင် အသုံးပြုရန်သင့်လျော်ကြောင်း တွေ့ရှိရသည်။
ပုံမှန်ဓာတ်ဆီ ၏ Self-ignition အပူချိန်သည် ၄၅၀ ဒီဂရီဆဲစီးယပ် မှ ၅၅၀ ဒီဂရီဆဲစီးယပ် အတွင်းရှိပြီး Premium Gasoline ၏ မီးတောက်မှုအပူချိန်သည် ၄၈၀ ဒီဂရီဆဲစီးယပ်မှ ၇၀၀ ဒီဂရီဆဲစီးယပ် အတွင်းရှိသည့်အတွက် ဖိသိပ်မှုအချိုး နိမ့်သည့် အင်ဂျင်များတွင် အောက်တိန်းအမှတ်မြင့်သော ဓာတ်ဆီများကို အသုံးပြုမည်ဆိုပါက အပြည့်အဝ လောင်ကျွမ်းမှုမဖြစ်နိုင်ဘဲ အင်ဂျင်၏စွမ်းဆောင်ရည်မကောင်းခြင်း၊ မီးခိုးထုတ်လွှတ်မှု များခြင်းနှင့် ဆီစားခြင်းစသည်တို့ကိုလည်း ဖြစ်ပေါ်စေသည်။ ဖိသိပ်မှုအချိုး နိမ့်သောအင်ဂျင်များတွင် အောက်တိန်းအမှတ်မြင့်မားသော ဓာတ်ဆီများကို ထည့်သွင်းအသုံးပြုခြင်းသည် ကုန်ကျစရိတ်များသည့်အပြင် လေထုညစ်ညမ်းမှုကိုပါ ဖြစ်ပေါ်စေနိုင်ကြောင်း တွေ့ရှိရသည်။ ထို့ကြောင့် ဖိသိပ်မှုအချိုးနိမ့်သော အင်ဂျင်များတွင် ပုံမှန်ဓာတ်ဆီကိုသာအသုံးပြုသင့်ပါသည်။
ပြည်တွင်းထုတ်ဓာတ်ဆီကို နှစ်ဘီးတပ်နှင့် သုံးဘီးတပ်ယာဉ်များအပြင် အင်ဂျင်ခေါက်နှုန်းကို သီးသန့်ကန့်သတ်ဖော်ပြထားခြင်း မရှိသော မော်တော်ယာဉ်များ၌ အသုံးပြုမည်ဆိုပါက ပိုမိုသင့်လျော်မည်ဖြစ်သည်။ လက်တွေ့အသုံးပြုသူများ အတွက်လည်း အကျိုးများစွာရှိနေသည်ဖြစ်ရာ စွမ်းအင်ဝန်ကြီးဌာနမှ ဖြန့်ဖြူးရောင်းချပေးလျက်ရှိသည့် စက်သုံးဆီအရောင်းဆိုင်များတွင် တစ်ပတ်အတွင်း ဝယ်ယူသုံးစွဲသူပမာဏိသာစွာများပြားလာလျက်ရှိပြီး မော်ဒယ်နိမ့်မော်တော်ယာဉ်များ၊ မီးစက်၊ စက်လှေစသည့် ယာဉ်ယန္တရားများအတွက်ပါ ရောင်းချပေးရန် တောင်းဆိုမှုများ ရှိလာသည့်အတွက် စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် စံလုပ်ထုံးလုပ်နည်းရေးဆွဲရှိပြီး ဖြန့်ဖြူးသွားနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိသည်။
သို့ဖြစ်ပါ၍ ယခုဖွင့်လှစ်ရောင်းချလျက်ရှိသည့် စက်သုံးဆီအရောင်းဆိုင်များမှ ပြည်တွင်းထုတ်ဓာတ်ဆီကို ပြည်သူများက ယုံကြည်မှုရှိစွာ ဈေးနှုန်းသက်သက်သာသာဖြင့် ဝယ်ယူ၍မိမိတို့၏ယာဉ်များအတွက် သုံးစွဲနိုင်သည့် အခွင့်အရေးတစ်ရပ်ကို စွမ်းအင်ဝန်ကြီးဌာနက ကြိုးပမ်းဖော်ဆောင်ခဲ့မှုအပေါ်ုဒိတာပွား၍ တင်ပြလိုက်ရပါသည်။ ။
ကကပြည်မှပေးပို့သောဆောင်းပါးဖြစ်ပါသည်။