စွမ်းရည်သတ္တိပြည့်ဝရှိ သတိနှင့် ယှဉ်တိုက်စွမ်းအင် ကျွမ်းကျင်စဉ်မြဲလေသူရဲ

 

စွမ်းရည်သတ္တိပြည့်ဝရှိ သတိနှင့် ယှဉ်တိုက်စွမ်းအင် ကျွမ်းကျင်စဉ်မြဲလေသူရဲ

 

     တပ်မတော်ဟုဆိုရာ၌ တပ်မတော်(ကြည်း)၊ တပ်မတော်(ရေ)နှင့် တပ်မတော်(လေ)တို့ အစုအဖွဲ့ပင်ဖြစ်သည်။ လူ့ဘဝသည် ရခဲလှသည်ဟု ဆိုကြသည်။ သို့ဆိုလျှင် တပ်မတော်သားဘဝသည် ပို၍ပင်ခက်ခဲမည်ဟု ဆိုချင်ပါသည်။ အဘယ်ကြောင့်ပါနည်း။ အမိမြန်မာပြည်တွင် လူသန်းပေါင်းများစွာတို့  လူ့ဘဝကိုရရှိလျက်ရှိနေပါသည်။ သို့ရာတွင် တပ်မတော်သားဘဝ ရောက်ရှိသူမှာ  အနည်းငယ်မျှပင် ရှိနေသောကြောင့်ဖြစ်သည်။  အခြေခံပညာ အထက်တန်းအောင်မြင်သော ကျောင်းသားလူငယ် အများအပြားရှိပေသည်။ သို့ရာတွင်  တပ်မတော်၌ ဗိုလ်လောင်းသင်တန်း   တက်ရောက်ခွင့်ရသူမှာ အနည်းငယ်မျှပင်ဖြစ်သည်။   ထို့ကြောင့်  တပ်မတော်သား တစ်ယောက်ဖြစ်ရန် ပို၍ခက်ခဲသည်ဟုဆိုလိုခြင်းဖြစ်သည်။ တပ်မတော်တွင် အမှုထမ်းဆောင်ရန် ဗိုလ်လောင်းသင်တန်း တက်ရောက်ခွင့်ရရှိပြီးသောအခါ တပ်မတော်(လေ)တွင် လေသူရဲတစ်ဦးဖြစ်ရန်မှာ ပိုမို၍ခက်ခဲရပြန်သည်။ လေသူရဲတစ်ဦးအတွက် ရှိသင့်ရှိထိုက်သည့် ကျန်းမာရေး အခြေအနေရှိမှ၊ ကောင်းမွန်မှသာ      လေသူရဲလောင်းအဖြစ် ရွေးချယ်ခံရမည်ဖြစ်သည်။ ထို့ကြောင့် လေသူရဲတစ်ယောက်ဖြစ်ရန် ခက်ခဲလှသည်ဟု ဆိုခြင်းဖြစ်သည်။

လေသူရဲလောင်းတစ်ဦးအဖြစ် ရွေးချယ်ခံရပြီးသောအခါ  လေကြောင်းအတတ်သင် လေတပ်စခန်းဌာနချုပ်တွင် လေယာဉ်မောင်းသင်တန်း တက်ရောက်ရမည်ဖြစ်သည်။ လေယာဉ်မောင်းသင်တန်းကျောင်းတွင် ပျံသန်းမှုနှင့် ပတ်သက်သည့် သင်ခန်းစာများကို စာတွေ့လက်တွေ့ သင်ယူရမည်ဖြစ်သည်။ လေယာဉ်မောင်း သင်တန်းသားများအနေဖြင့် အခြေခံလေယာဉ်မောင်းသင်တန်း၊ အကြိုတန်းမြင့်လေယာဉ်မောင်း သင်တန်းနှင့် တန်းမြင့်လေယာဉ်မောင်း သင်တန်းတို့ကို တက်ရောက်ကြရမည်ဖြစ်သည်။ လေသူရဲလောင်းများအနေဖြင့် တစ်ဦးချင်း ပျံသန်းနိုင်စေရန် ပျံသန်းချိန်နာရီ ၁၅ နာရီသတ်မှတ်ပြီး လက်တွေ့ပျံသန်း လေ့ကျင့်ကြရသည်။   လေသူရဲလောင်း သင်တန်းသားများ အမှန်တကယ်ပျံသန်းမှု မပြုလုပ်မီ   လေယာဉ်တု(Simulator)ဖြင့် လေ့ကျင့်သင်ယူ ဆောင်ရွက်ကြရသည်။ ပျံသန်းမှုသင်ကြားချိန် ၁၅ နာရီမှ ၁၈  နာရီအတွင်းတွင် တစ်ဦးတည်းမောင်းနှင် ပျံသန်းနိုင်အောင်ကြိုးစားကြရပေသည်။ လေသူရဲလောင်းများအနေဖြင့်  တစ်ဦးချင်းမောင်းနှင်မှုကို  အောင်မြင်စွာ ကျော်ဖြတ်မောင်းနှင်နိုင်ရေး အစွမ်းကုန်ကြိုးစား ကြရမည်ဖြစ်သည်။ သို့မှသာ   လေယာဉ်ကျွမ်းထိုးပျံသန်းခြင်း၊ ခရီးဝေးလေ့ကျင့်ပျံသန်းခြင်း၊ ချိန်ခွက်လေ့ကျင့် ပျံသန်းခြင်း၊ အုပ်ဖွဲ့လေ့ကျင့် ပျံသန်းခြင်းနှင့်  ညလေ့ကျင့်ပျံသန်းခြင်း အစရှိသည့်ပျံသန်းမှု သင်ခန်းစာများကို  ဆက်လက် သင်ယူကြရမည်ဖြစ်သည်။

ဒုတိယအဆင့်မှာ အကြိုတန်းမြင့်လေယာဉ်မောင်း သင်တန်းဖြစ်သည်။   ထိုသင်တန်းတွင် တိုက်လေယာဉ်မောင်းနှင်မည့် လေသူရဲလောင်းများသည် တိုက်လေယာဉ်ဖြင့် လေ့ကျင့်သင်ယူရမည်ဖြစ်သည်။

သယ်ယူပို့ဆောင်ရေး    လေသူရဲလောင်းများနှင့် ရဟတ်ယာဉ်လေသူရဲလောင်းများသည် သက်ဆိုင်ရာ လေယာဉ်/ ရဟတ်ယာဉ်ဖြင့်  သတ်မှတ်နာရီချိန်ပြည့်မီအောင်  ပျံသန်းကြရမည်ဖြစ်သည်။ တတိယအဆင့်မှာ  တန်းမြင့်လေယာဉ်မောင်းသင်တန်းဖြစ်သည်။  ဒုတိယအဆင့်ကဲ့သို့ပင်  တိုက်လေယာဉ်လေသူရဲလောင်းများ၊ သယ်ယူပို့ဆောင်ရေး လေသူရဲလောင်းများနှင့် ရဟတ်ယာဉ် လေသူရဲလောင်းများသည် သက်ဆိုင်ရာ လေယာဉ်/ ရဟတ်ယာဉ်များဖြင့် ဆက်လက်လေ့ကျင့် ပျံသန်းကြရပေသည်။ တန်းမြင့်လေယာဉ်မောင်း သင်တန်းပြီးမြောက်ချိန်တွင်  လေသူရဲလောင်းအားလုံး အနေဖြင့် ပျံသန်းရေးသင်တန်း၏ သတ်မှတ်ပျံသန်းချိန် နာရီအတိုင်း   သင်ရိုးအလိုက်အောင်မြင်စွာ ပျံသန်းနိုင်ခဲ့ကြပြီဖြစ်သည်။

ထိုသို့တတ်မြောက်အောင်မြင်ပြီးမှသာ  ရွှေတောင်ပံပိုင်ရှင် လေသူရဲတစ်ဦးအဖြစ် ရောက်ရှိပြီး နိုင်ငံတော်တာဝန်များကို ဆက်လက်ထမ်းဆောင်ကြရမည်ဖြစ်သည်။  ရွှေတောင်ပံပိုင်ရှင် လေသူရဲတစ်ဦးဖြစ်လာသောအခါ ကိုယ်ရည်ကိုယ်သွေးပြည့်ဝသည့် လေသူရဲတစ်ဦးဖြစ်စေရေး ဆက်လက်ကြိုးပမ်းရပေဦးမည်။ 

လေသူရဲတစ်ဦးအဖြစ်   နိုင်ငံတော်မှပေးအပ်သော တာဝန်ကို  ကျေပွန်စွာ ထမ်းဆောင်ရမည်ဖြစ်သည်။ မိမိတို့ထမ်းဆောင်ကြရမည့် ပျံသန်းရေးတာဝန်များကို စွန့်လွှတ်စွန့်စားသည့်စိတ်ဓာတ်ဖြင့်   ပြီးမြောက်အောင်မြင်သည်အထိ ဆောင်ရွက်နိုင်ရမည်ဖြစ်သည်။ မိမိတို့တာဝန်ကျသည့်   လေတပ်စခန်းဌာနချုပ်၊ လေတပ်စခန်း၊ ပျံသန်းရေးအုပ်ရှိ လေယာဉ်/ ရဟတ်ယာဉ်ကို ကောင်းမွန်စွာ ပျံသန်းနိုင်ရမည်ဖြစ်သည်။

လေယာဉ်အသစ်၊    ရဟတ်ယာဉ်အသစ်များဖြင့်   လွှဲပြောင်းသင်တန်းများ     တက်ရောက်ကြရမည်ဖြစ်သည်။ တပ်မတော်(လေ)သည်   အမိမြန်မာပြည်၏ ဝေဟင်ပိုင်နက်အတွင်းမှ ကာကွယ်စောင့်ရှောက်လျက်ရှိသည်။ တိုင်းပြည်၏  မြေပြင်ပိုင်နက်၊ ရေပြင်ပိုင်နက် နှင့်  မြေပေါ်မြေအောက်   အဖျက်ရန်စွယ်များကို ချေမှုန်းသုတ်သင်ရမည်ဖြစ်သည်။ ပြည်သူလူထုအား လေဘေး၊ ရေဘေး၊ သဘာဝဘေးအန္တရာယ် အမျိုးမျိုးမှ   ကာကွယ်စောင့်ရှောက်ပေးရမည်ဖြစ်သည်။ တပ်မတော်၏   ကောင်းမြတ်သည့်အစဉ်အလာကို ထိန်းသိမ်း စောင့်ရှောက်ရမည်ဖြစ်သည်။ ပျံသန်းမှု အတတ်ပညာကိုလည်း ဆက်လက်လေ့လာ သင်ကြားရပေမည်။ ဒေသတွင်းနိုင်ငံများ၏    လေယာဉ်/ ရဟတ်ယာဉ်များ၊ တိုးတက်နေသည့်နိုင်ငံများ၏ လေယာဉ်/ရဟတ်ယာဉ်များကိုလည်း   ကိုယ်စွမ်း ဉာဏ်စွမ်းရှိသမျှ လေ့လာနေရမည်ဖြစ်သည်။ မိမိသိထားတတ်ထားသမျှ ပျံသန်းမှုဆိုင်ရာပညာရပ် များကိုလည်း လက်ဆင့်ကမ်း ဖြန့်ဝေနေရမည်ဖြစ်သည်။

လေသူရဲတစ်ဦးအနေဖြင့် မိမိ၏လေယာဉ်၊ မိမိ၏စစ်လက်နက်ပစ္စည်းများကို ချစ်ခင်တွယ်တာရမည်ဖြစ်သည်။  ပျံသန်းမှုဆိုင်ရာ စည်းကမ်းများကို တိကျစွာလိုက်နာရပေမည်။   ပျံသန်းမှု ပညာရပ်များအနက် ဗဟုသုတများကို စဉ်ဆက်မပြတ်ဆည်းပူး လေ့လာနေကြရပေမည်။  ပျံသန်းမှုဆိုင်ရာ ဆွေးနွေးပွဲများ၊ အသိပညာဖလှယ်ပွဲများ မပြတ် လုပ်ဆောင်ရမည်ဖြစ်သည်။ ရောက်ရှိရာ လေတပ်စခန်းဌာနချုပ်၊ လေတပ်စခန်း၊ ပျံသန်းရေးအုပ်ရှိ လေယာဉ်/ရဟတ်ယာဉ်များကို ကျွမ်းကျင်ပိုင်နိုင်စွာ ပျံသန်းနိုင်ရေး  လေ့ကျင့်ထားရပေမည်။ လေယာဉ်ပျံသန်းရာတွင်လည်း မိမိအား ပေးအပ်သည့်တာဝန်ကို  အန္တရာယ်ကင်းရှင်းစွာနှင့် အောင်မြင်စွာ ထမ်းဆောင်နိုင်ရေး   အစဉ်တွေးခေါ် မြော်မြင်နေရပေမည်။   လေသူရဲတစ်ဦးအနေဖြင့် ပျံသန်းရေးစိတ်ဓာတ် အစဉ်အမြဲမြင့်မားနေရမည်ဖြစ်သည်။ မိမိ၏ကိုယ်ရည်ကိုယ်သွေး မြင့်မားရေး အမြဲသင်ယူ၊ အမြဲလေ့ကျင့်နေရပေမည်။

လေသူရဲတစ်ဦး  ကိုယ်ရည်ကိုယ်သွေးပြည့်ဝစေရေးအတွက် ဘက်စုံထောင့်စုံမှ   ဖြည့်ဆည်းကြရမည် ဖြစ်သည်။ လေသူရဲတစ်ဦးအတွက် ကိုယ်နှုတ်အမူအရာ ယဉ်ကျေးသိမ်မွေ့မှုလည်း  လိုအပ်လှပေသည်။

အထက်အကြီးအကဲများနှင့် ပြောဆိုခြင်း၊ တန်းတူရွယ်တူများနှင့် လက်အောက်ငယ်သားများသို့ ပြောဆိုခြင်းတို့တွင်  အပြုအမူမှစ၍   သတိပြုအပ်ပေသည်။    စကားပြောဆိုရာတွင်လည်း    လူကြီးလူကောင်းတစ်ယောက်၏  အပြောအဆို အသုံးအနှုန်းများအတိုင်း   ယဉ်ကျေးစွာပြောဆိုရမည်၊ ဆက်ဆံရမည်ဖြစ်သည်။ မိမိ၏အသွင်အပြင် လက္ခဏာသည်    ခေတ်ဆန်လွန်းပြီး အရာရှိတစ်ဦးနှင့် မလျော်ညီသည့်အပြင်အဆင်မျိုး မရှိသင့်ပေ။   ခေတ်နှင့်လျော်ညီစွာ သင့်တင့်မျှတသည့်  ဝတ်စားဆင်ယင်မှုမျိုးသာ ဝတ်ဆင်သင့်ပေသည်။ လူကြားသူကြား၌ တင့်တယ်သည့် အသွင်မျိုးသာရှိသင့်သည်။   သပ်ရပ်သန့်ရှင်းစွာ ဖြီးလိမ်း၍ တစ်ကိုယ်ရေသန့်ရှင်းမှုကို ဂရုပြုလုပ်ဆောင်သင့်ပေသည်။  လေသူရဲအရာရှိ တစ်ဦးဖြစ်သည်နှင့်အညီ   အထက်မှပေးအပ်လာသည့် တာဝန်များကို  ပေါ့ပါးဖျတ်လတ်စွာ ဆောင်ရွက်တတ်သူဖြစ်စေရန် လိုအပ်လှပေသည်။ လုပ်ငန်းတာဝန်များ ဆောင်ရွက်ရာ၌ နှေးကွေးလေးလံကာ ပျင်းရိပျင်းတွဲသည့် လှုပ်ရှားမှုမျိုးမဖြစ်စေရန် မိမိကိုယ်မိမိ အမြဲပြင်ဆင်နေကြရပေသည်။ ပျံသန်းရေးတာဝန်တွင်သာမက မည်သည့်လုပ်ငန်းတွင်မဆို   အမြဲအသင့်ဖြစ်နေရပေမည်။

လုပ်ငန်းလုပ်ဆောင်ရန် အမြဲတက်ကြွသည့် စိတ်ဓာတ်ရှိနေရမည်ဖြစ်သည်။ အရာရှိတစ်ဦးဖြစ်သည်နှင့်အညီ လူမှုဆက်ဆံရေး နယ်ပယ်သည်လည်း  ကျယ်ပြန့်နေမည်ဖြစ်သည်။     ပျံသန်းရေးနယ်ပယ်၌ဖြစ်စေ၊ တပ်တွင်းမိသားစု အသိုင်းအဝိုင်း၌ဖြစ်စေ၊ အခြားသော အရပ်ဘက်ဆိုင်ရာဌာနများနှင့်  ဆက်သွယ်ရာ၌ဖြစ်စေ၊  ဆွေမျိုးမိတ်သင်္ဂဟများနှင့်ဖြစ်စေ ချောမောပြေပြစ်စွာ ဆက်ဆံနိုင်ရပေမည်။ မိမိအလုပ်နှင့်တာဝန်ကို အထင်သေးထိခိုက်စေမည့် ဆက်ဆံရေးပုံစံများ မဖြစ်စေရေး အထူးဂရုပြုရမည်ဖြစ်သည်။

လေသူရဲများသည်  ပျံသန်းရေးတာဝန်များကို  နေ့၊ည အချိန်မရွေး ထမ်းဆောင်နေကြရသူများဖြစ်သည်။

ထိုသို့ထမ်းဆောင်နိုင်ရေးအတွက်    အစဉ်အမြဲ ကျန်းမာကြံ့ခိုင်နေရန် လိုအပ်လှပေသည်။ ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်မှသာလျှင် စိတ်ကျန်းမာမည်ဖြစ်သည်။ စိတ်ကျန်းမာမှသာလျှင် စိတ်ဓာတ်ခွန်အားကောင်းမည်ဖြစ်သည်။ စိတ်ဓာတ်ခွန်အား တောင့်တင်းခြင်းသည် ဆုံးဖြတ်ချက်မှန်ကန်စွာ ချမှတ်ရာ၌ အရေးပါလှသည်။ အရေးပေါ်အခြေအနေများတွင် ဆုံးဖြတ်ချက်ကို မှန်မှန်ကန်ကန်ဖြင့်  မြန်ဆန်စွာချမှတ်နိုင်မည်ဖြစ်သည်။ ကျန်းမာကြံ့ခိုင်ရေးအတွက် အချိန်မှန်စွာ စားသောက်ကြရမည်ဖြစ်သည်။ အိပ်ရေးပျက်ခြင်းမဖြစ်စေရန်  အထူးဂရုပြုရမည်ဖြစ်သည်။ လေသူရဲတစ်ဦးအနေဖြင့် အသိဉာဏ်နှင့် မှတ်ဉာဏ်ကောင်းမွန်ရေး အမြဲလေ့ကျင့်နေရမည်ဖြစ်သည်။  မြန်မာစကား၌ “အသက်ကို ဉာဏ်စောင့်” ဟူသည့် ဆိုရိုးစကားရှိပေသည်။  လေသူရဲများသည် အသက်နှင့်ခန္ဓာကိုရင်းလျက် တာဝန်ထမ်းဆောင်နေရသူများဖြစ်သည်။ ထို့ကြောင့်  အသိဉာဏ်ကောင်းရန်၊ ထက်မြက်သောမှတ်ဉာဏ်ရှိရန် အလွန်ပင်လိုအပ်လှပေသည်။ ပျံသန်းရေးလုပ်ငန်းနှင့်ပတ်သက်၍    အရာရာကို ထိုးထွင်းသိမြင်တတ်ရပေမည်။ အရေးပေါ်အခြေအနေနှင့် ရင်ဆိုင်ကြုံတွေ့လာရပါက မှန်ကန်မြန်ဆန်စွာ ဆုံးဖြတ်နိုင်ရေးအတွက်  လျှပ်တစ်ပြက်ဖြတ်ထိုးဉာဏ် ကောင်းမွန်ရမည်ဖြစ်သည်။  မိမိ၏လုပ်ငန်း၌ ကျွမ်းကျင်ပိုင်နိုင်ပြီး နည်းလမ်းကျနစွာ တွေးခေါ်ဆင်ခြင် တတ်ရမည်ဖြစ်သည်။ အရေးပေါ်ကိစ္စရပ်များအတွက် ကြိုတင်တွေးဆနိုင်ရေး၊ အရေးပေါ်ကိစ္စ ပေါ်ပေါက်လာချိန်၌ တိကျမှန်ကန်စွာ ဆုံးဖြတ်နိုင်ရေး၊ အောင်မြင်စွာဖြတ်ကျော်နိုင်ရေးတို့ အတွက် သင်ယူ၊ လေ့ကျင့်မှုများ အမြဲပြုလုပ်နေရမည်ဖြစ်သည်။

“တတ်လိုလျှင်သင်၊ တော်လိုလျှင်ကျင့်၊ မမှားလိုလျှင်ပြင်၊ အောင်မြင်လိုလျှင် ဝီရိယထား”ဆိုသည့် စကားနှင့်အညီ လုပ်ဆောင်ကြရပေမည်။ အတတ်ပညာဟူသည် ပြည့်စုံပြီဟူ၍ မဆိုသာပေ။ သို့ဖြစ်၍ အတတ်ပညာများ တတ်ကျွမ်းစေရေး အမြဲသင်ယူနေကြရမည်ဖြစ်သည်။ မိမိ၏လုပ်ငန်းများတွင် တော်လိုလျှင်လည်း   အထပ်ထပ်အခါခါ   လေ့ကျင့်နေကြရပေမည်။  လုပ်ငန်းဆောင်တာများကို လုပ်ကိုင်ဆောင်ရွက်နေသူများအဖို့ အမှားဟူသည်တွေ့ကြုံနေရမည်မှာ မလွဲဧကန်ဖြစ်သည်။ အမှားမရှိစေရေးအတွက် ပြင်ဆင်လုပ်ဆောင်ကြရမည်ဖြစ်သည်။  အမှန်သို့ရောက်အောင်   အထပ်ထပ်အခါခါ လေ့ကျင့်ကြရပေမည်။        

လေယာဉ်မောင်းသင်ဘဝမှစ၍ အတွေ့အကြုံ များစွာ တွေ့ကြုံကြရမည်ဖြစ်သည်။ ထိုအတွေ့အကြုံများမှ    သင်ခန်းစာရယူတတ်ရန်ဖြစ်သည်။ အတွေ့အကြုံများကို ကိုယ်တိုင်ရင်း၍ ရယူရမည်ဟုမဆိုလိုပေ။ အခြားသူများ၏  အတွေ့အကြုံများ၊ နိုင်ငံရပ်ခြားဒေသများမှ အတွေ့အကြုံများကို သင်ခန်းစာအဖြစ် ရယူနိုင်ရမည်ဖြစ်သည်။  ထိုသို့သော အတွေ့အကြုံများဖြင့်  မိမိ၏အရည်အသွေး၊ အရည်အချင်းမြင့်မားစေရေး  လုပ်ဆောင်သွားရမည်ဖြစ်သည်။ ပျံသန်းမှုအတွေ့အကြုံကို ပျံသန်းချိန်နာရီဖြင့် တိုင်းတာသည့်အလျောက် အတွေ့အကြုံရရှိမည်ဖြစ်သည်။   ပျံသန်းချိန်နာရီများနှင့် ညီမျှသည့်    အတွေ့အကြုံဗဟုသုတရရှိရေး အစဉ်ဂရုစိုက် ပျံသန်းကြရမည်ဖြစ်သည်။ သို့မှသာ အရည်အသွေး၊ အရည်အချင်းများ    တိုးတက်လာမည်ဖြစ်သည်။

ဗဟုသုတဆိုရာတွင်လည်း ပျံသန်းမှုကို  အထောက်အကူပြုသည့်  စာပေများ၊ နည်းပညာများ၊  လေယာဉ်ပျံသန်းရာ၌     ဘေးအန္တရာယ်ကင်းရှင်းရေးကို အထောက်အကူဖြစ်စေမည့်    ပညာရပ်များကို ဆိုလိုခြင်းဖြစ်သည်။    ကမ္ဘာအရပ်ရပ်ရှိ    နိုင်ငံအသီးသီး၏ တီထွင်ဆန်းသစ်မှုများ၊  လေကြောင်းဆိုင်ရာ သတင်းအချက်အလက်များ၊  နိုင်ငံတကာ၏လေကြောင်းဆိုင်ရာ   သတင်းများ၊ ဗဟုသုတများကို လက်လှမ်းမီသမျှ ဖတ်ရှုလေ့လာရမည်ဖြစ်သည်။

လေသူရဲတစ်ဦးအနေဖြင့် ရဲစွမ်းသတ္တိရှိရန်လည်းလိုအပ်လှပေသည်။ ရဲစွမ်းသတ္တိကို လိုအပ်သည့်နေရာ၌ အကျိုးရှိစွာ အသုံးချတတ်ရမည်ဖြစ်သည်။ မြန်မာစကားတွင် “မရောင်ရာဆီလူး” ဟူသောဆိုရိုးစကားရှိသည်။ ရဲစွမ်းသတ္တိကို အကြောင်းမဟုတ်သည့် နေရာ၌ ပြရန်မလိုအပ်ပေ။ အချည်းနှီးဖြစ်ရုံမျှမက  ဘေးအန္တရာယ်နှင့်ပင် ရင်ဆိုင်ရတတ်

သည်။ ရဲစွမ်းသတ္တိရှိသူ  လေသူရဲတစ်ဦးအနေဖြင့် ပိုင်းခြားဝေဖန်နိုင်မှု စွမ်းရည်ရှိရမည်ဖြစ်သည်။  ပြဿနာတစ်ရပ်ကို ဉာဏ်နှင့်ယှဉ်၍   သိမြင်တတ်ရပေမည်။  လေသူရဲကောင်းတစ်ဦးအနေဖြင့် ကိုယ်ရည်ကိုယ်သွေးပြည့်ဝနေရမည်ဖြစ်သည်။ ဗလငါးတန်နှင့် ပြည့်ဝနေရမည်ဖြစ်သည်။  သို့မှသာ မိမိကိုယ်မိမိယုံကြည်စိတ်ချမှု   အပြည့်အဝရှိမည်ဖြစ်သည်။

ယုံကြည်စိတ်ချမှုပြည့်ဝခြင်းသည်    ဆုံးဖြတ်နိုင်မှုစွမ်းအားကိုမြင့်မားစေမည်ဖြစ်သည်။ လေသူရဲတစ်ဦးအနေဖြင့် စိတ်ပိုင်းဆိုင်ရာစွမ်းရည် အဆင့်မြင့်မားနေရန်လိုအပ်လှသည်။ အဓိကပိုင်ဆိုင်သည့်မြင့်မားသော စိတ်စွမ်းရည်ကသာ မှန်ကန်၊ မြန်ဆန်သည့်   ဆုံးဖြတ်ချက်ကို ချမှတ်နိုင်မည်ဖြစ်သည်။ လေယာဉ်/ရဟတ်ယာဉ်ဟူသည် ကမ္ဘာမြေ၏ဆွဲအားကို ဆန့်ကျင်၍ ဝေဟင်အထက်၌   လှုပ်ရှားနေရသော အရာဖြစ်သည်။ လေသူရဲများသည်လည်း မမြင်တွေ့နိုင်သော အန္တရာယ်များကြား၌ ထူးခြားစွာလုပ်ကိုင် ဆောင်ရွက်နေရသူများဖြစ်သည်။  စက္ကန့်ပိုင်းမျှသော  အချိန်အတိုင်းအတာအတွင်း  ဆုံးဖြတ်ချက်တစ်ခုကို မှန်မှန်ကန်ကန်ချမှတ်နိုင်ရန်  အရေးကြီးလှပေသည်။

ဆုံးဖြတ်ချက်တစ်ခုမှားသည်နှင့် ဆုံးရှုံးမှုအတိုင်းအတာ မည်မျှကြီးမားသည်ကို သဘောပေါက်ထားရမည်ဖြစ်သည်။

လေသူရဲတစ်ဦးဖြစ်လာသည်နှင့်အမျှ တာဝန်ဝတ္တရားသည်လည်း   ကြီးမားပေသည်။ လုပ်ငန်းသဘာဝအရ တန်ဖိုးကြီးမားသည့်   နိုင်ငံတော်ပိုင်လေယာဉ်/ရဟတ်ယာဉ်များကို ကိုင်တွယ်မောင်းနှင်ကြရမည်ဖြစ်သည်။ ယုံကြည်စိတ်ချစွာ အပ်နှံခြင်းခံကြရသူများဖြစ်သည်။   တာဝန်အပြည့်အဝယူလျက် ဆောင်ရွက်ရသူများလည်း ဖြစ်သည်။ သို့ဖြစ်၍ မိမိကိုယ် မိမိယုံကြည်မှု အပြည့်အဝရှိရန်မှာ  အရေးပါလှပေသည်။ ထို့ပြင်  နိုင်ငံတော်နှင့်တပ်မတော်က ယုံကြည်စိတ်ချရသည့် လေသူရဲတစ်ဦးလည်း ဖြစ်ရပေမည်။   

လေသူရဲဟုဆိုရာ၌     တိုက်ခိုက်ရေးလေယာဉ်/ရဟတ်ယာဉ်များကိုလည်း   မောင်းနှင်ရပေမည်။

သယ်ယူပို့ဆောင်ရေး   လေယာဉ်များကိုလည်း မောင်းနှင်နိုင်ရပေမည်။ ပျံသန်းရေးတာဝန်အမျိုးမျိုးကို ထမ်းဆောင်နိုင်ရမည်ဖြစ်သည်။ အထူးပေးအပ်သည့်တာဝန်၊ စစ်ဆင်ရေးတာဝန်များကို ရာနှုန်းပြည့် ပြီးမြောက်အောင်မြင်သည်အထိ ဆောင်ရွက်နိုင်ရေး    ကြိုးပမ်းအားထုတ်ကြရမည်ဖြစ်သည်။  တပ်မတော်သားတစ်ဦးဖြစ်သည့်အလျောက် အထက်အကြီးအကဲများ၏ ယုံကြည်စိတ်ချခြင်းခံရသည့်  လေသူရဲတစ်ဦးဖြစ်လာစေရေး   အစဉ်ကြိုးစားနေရမည်ဖြစ်သည်။

နိုင်ငံတော်နှင့်တပ်မတော်က  အားထားရသော လေသူရဲတစ်ဦးအနေဖြင့် ရဲစွမ်းသတ္တိရှိရန်မှာ အရေးကြီးကြောင်းဆိုခဲ့ပြီးဖြစ်သည်။ ပျံသန်းရေးတွင် ထိုသို့သောသတ္တိကို ဗျတ္တိဟုခေါ်သောနှလုံးရည်နှင့်ယှဉ်တွဲလျက်   အသုံးပြုသင့်ပေသည်။ ရန်သူကို ပျံသန်းတိုက်ခိုက်ရာ၌ နည်းပညာနှင့် ရဲစွမ်းသတ္တိ၊ လက်ရုံးရည်၊ နှလုံးရည်တို့ပြည့်ဝစွာ တိုက်ခိုက်ရပေမည်။ မည်သည့်ပျံသန်းမှုမျိုး၌မဆို ရဲစွမ်းသတ္တိကို အကြောင်းပြုလျက် “ဆင်ကန်းတောတိုး” မလုပ်သင့်ကြောင်း ဆိုလိုခြင်းဖြစ်သည်။ လေယာဉ်တစ်စင်းပျံသန်း လှုပ်ရှားရာ၌ လေယာဉ်စက်ပစ္စည်း၊ သဘာဝဘေးအန္တရာယ်နှင့်    ရာသီဥတုအခြေအနေတို့မှာ ရင်ဆိုင်ရစမြဲဖြစ်သည်။ ရဲစွမ်းသတ္တိကိုအကြောင်းပြု၍  မျက်စိမှိတ်ရင်ဆိုင်ခြင်းမျိုးမဖြစ်သင့်ပေ။

မိမိလေယာဉ်/ရဟတ်ယာဉ်၏ ကန့်သတ်ချက်များ၊ မိမိထမ်းဆောင်ရသည့်တာဝန်၏   အတိမ်အနက်၊ မိမိကိုယ်တိုင်၏စွမ်းရည်၊   အခြားလုပ်ဖော်ကိုင်ဖက်လေယာဉ်သားများ၊ ခရီးသည်များ စသည်တို့ အပေါ်မူတည်၍ ရင်ဆိုင်သင့်၊ မသင့်ကို မှန်ကန်စွာ ဆုံးဖြတ်ချက်ချမှတ်ရပေမည်။

အချုပ်အားဖြင့်ဆိုသော် လေသူရဲတစ်ဦးဖြစ်လာရန်မှာ လွန်စွာခဲယဉ်းလှပေသည်။ ပျံသန်းရေးတာဝန်ဆိုသည်မှာလည်း အခြားသောလုပ်ငန်း တာဝန်များနှင့်မတူပေ။ အဆုံးအစမရှိသော ဟင်းလင်းပြင်ဝေဟင်တွင်း၌ သွားလာလှုပ်ရှားနေရခြင်းဖြစ်သည်။ အချိန်မရွေးတွေ့ကြုံလာနိုင်သည့်     အန္တရာယ်များအကြား၌   ထူးခြားစွာ လုပ်ကိုင်ဆောင်ရွက်နေရသူများဖြစ်သည်။    “သတိကိုတမံဉာဏ်ကိုမြေကတုတ်” ဆိုသကဲ့သို့       အမြဲသတိရှိနေရန် လိုအပ်လှပေသည်။ အမြဲတစေဉာဏ်ဖြင့်ယှဉ်၍ လှုပ်ရှားသွားလာနေရပေသည်။ နေ့စဉ်နှင့်အမျှ အချိန်တိုင်း၊ နာရီ၊ မိနစ်၊ စက္ကန့်တိုင်း လေ့လာနေရပေမည်။ သင်ယူနေကြရပေသည်။ မိမိ၏အရည်အသွေး၊ အရည်အချင်းပြည့်ဝနေစေရေး ကြိုးပမ်းအားထုတ်နေကြရသူများဖြစ်သည်။ တပ်မတော်(လေ)၏အားထားရသော လေသူရဲကောင်းတစ်ယောက်ဖြစ်ရပေမည်။   တပ်မတော်ကအားကိုးရသည့် တိုက်စွမ်းရည်ကောင်းသော လေသူရဲတစ်ဦးဖြစ်ရပေမည်။ နိုင်ငံတော်အတွက်လိုအပ်လာလျှင် မိမိ၏အသက်ကိုပင် စွန့်လွှတ်ပေးလှူရဲသည့် လေသူရဲကောင်းတစ်ဦးဖြစ်ရပေမည်။ ထို့ကြောင့် “စွမ်းရည်သတ္တိပြည့်ဝရှိ သတိနှင့်ယှဉ်တိုက်စွမ်းအင် ကျွမ်းကျင် စဉ်မြဲလေသူရဲ” ဆောင်းပါးဖြင့် တပ်မတော်(လေ)၏လေသူရဲအပေါင်းနှင့် လေယာဉ်မောင်းသင်တန်း အမှတ်စဉ်(၈၆) ကျောင်းဆင်းတောင်ပံအပ်နှင်းပွဲအား ဂုဏ်ပြုရေးဖွဲ့လိုက်ရပါသည်။     ။