
ဆေးဖက်၀င် ရှားစောင်းလက်ပပ်
ဆေးဖက်၀င်အပင်အဖြစ် လူသိများသော ရှားစောင်းလက်ပပ်ကို မြန်မာနိုင်ငံသာမက ကမ္ဘာ့နိုင်ငံအတော်များများ၌ ဆေးဝါးများတွင် ထည့်သွင်းအသုံးပြုရန် စိုက်ပျိုးလေ့ရှိကြသည်။ အထူးသဖြင့် အာဖရိက၊ အိန္ဒိယနှင့် ပူပြင်းခြောက်သွေ့သော အရပ်ဒေသများ၌ ရှင်သန်ကြီးထွားနှုန်းမြန်သည်။
အဆိုပါနိုင်ငံများ၌ ရှားစောင်းလက်ပပ်ကို အခြောက်လှန်း၊ အမှုန့်ကြိတ်ကာ ရေနွေးဆူဆူတွင် ခတ်သောက်ခြင်း၊ ပါးပါးလှီး၊ ကြိတ်၍ ပိတ်စပါးပါးဖြင့် အရည်ညှစ်ချပြီး ဆူအောင်တည်ကာ သကြား သို့မဟုတ် ပျားရည်ထည့်၍ ကျိုချက်သောက်ခြင်းတို့အပြင် အသင့်သောက်ဖျော်ရည်ဘူးများ ထုတ်လုပ်ကြသည်။ ထို့ပြင် အလှကုန်ပစ္စည်းအမျိုးမျိုးတွင်လည်း ထည့်သွင်းထုတ်လုပ်ကြသည်။
ပြည်ပ၀င်ငွေရရှိသော မြန်မာ့ရှားစောင်း လက်ပပ်ချက်ဆေးမြန်မာနိုင်ငံ၌ ရှေးအစဉ်အဆက်မှစ၍ အိမ်သုံးဆေးဝါးအဖြစ် အသုံးပြုသည့် သဘာ၀ရှားစောင်း လက်ပပ်ချက်ဆေးများကို ပြည်တွင်းစျေးကွက်တွင်သာမက ပြည်ပစျေးကွက်များအထိ တင်ပို့ရောင်းချလျက်ရှိသည်။ မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင် မြိုင်မြို့နယ် ထနောင်းခလှကျေးရွာမှ ထုတ်လုပ်သည့် သဘာ၀ရှားစောင်း လက်ပပ်ချက်ဆေးမှာ ပြည်တွင်းစျေးကွက်တွင်သာမက ဂျပန်၊ တောင်ကိုရီးယား၊ မလေးရှား၊ စင်ကာပူ၊ ထိုင်း၊ တရုတ်နိုင်ငံတို့အထိ တင်ပို့ရောင်းချနေရသည်။ အဆိုပါဒေသသည် မိုးခေါင်ရေရှားပြီး ပူပြင်းခြောက်သွေ့သည့် ဒေသဖြစ်သဖြင့် ရှားစောင်းလက်ပပ်ချက်ဆေး၏ ကုန်ကြမ်းများဖြစ်ကြသော ရှားစောင်းလက်ပပ်၊ ထန်းဖိုထန်းလျက်၊ ဆီးပျားရည်တို့ကို အလွယ်တကူ ပေါများစွာရရှိနိုင်သည့်ဒေသဖြစ်ရာ ချက်ဆေးပြုလုပ်ရန် အဆင်ပြေကြောင်း သိရသည်။
ရှားစောင်းလက်ပပ် ချက်ဆေးတာရှည်ခံစေရန် လှီးထားသည့်ရှားစောင်း လက်ပပ်များကို တစ်နေကုန်နေလှန်းပြီးမှ ထန်းလျက်၊ ဆီးပျားရည်၊ မန်ကျည်းမှည့်၊ စမုန်မျိုးငါးပါး၊ နှမ်းနက်ဆီတို့ထည့်၍ ရေ(အရည်)ကုန်သည်အထိ မီးကိုလိုအပ်သလို အတိုးအလျှော့ထားကာ ကျိုချက်ရသည်။ ရှားစောင်းလက်ပပ်ချက်ဆေးတစ်ဒယ်တွင် ရှားစောင်းလက်ပပ် ခြောက်ပိဿာ၊ ထန်းလျက်လေးပိဿာ၊ မန်ကျည်းမှည့် တစ်ပိဿာ ၂၅ ကျပ်သား၊ ပျားရည် ၁၀ ကျပ်သား၊ နှမ်းနက်ဆီ ၅၀ ကျပ်သား၊ စမုန်မျိုးငါးပါး ၁၀ ကျပ်သား ကို အချိုးကျထည့်၍ ကျိုချက်ရသည်။ အသုံးပြုသည့်ကုန်ကြမ်းများမှာ သဘာ၀အော်ဂဲနစ်စစ်စစ်များဖြစ်သည်။
စီးပွားဖြစ်စိုက်ပျိုးနည်း
ရှားစောင်းလက်ပပ်ပင်ကို မြေနီ၊ မြေကျစ်၊ မြေပွများတွင် အစိုဓာတ်အသင့်အတင့်ရရှိရုံဖြင့် စိုက်ပျိုးနိုင်သည်။ မြေပေါ်ချစိုက်သောအပင်က ပန်းအိုးထဲထည့်စိုက်သည့်အပင်ထက် ပို၍အပေါက်မြန်ပြီး ကြီးထွားသန်မာသည်။ လေဝင်လေထွက်ကောင်းသော မြေအမျိုးအစားနှင့် ရေစီးဆင်းမှုလွယ်ကူပြီး ရေဓာတ်သိုမှီးထားနိုင်သောမြေမျိုးတွင် ဖြစ်ထွန်းမှု မြန်ဆန်သည်။ ယင်းမြေတွင် သဲကြမ်းအနည်းငယ်၊ သစ်ရွက်ဆွေးအနည်းငယ်၊ မီးသွေးမှုန့်အနည်းငယ် ရောနှောစိုက်ပျိုးရသည်။ အပင်ခြေရင်းတွင် ပြာအနည်းငယ်ပုံပေးပါက ဖြစ်ထွန်းလွယ်သည်။
တစ်ပင်နှင့်တစ်ပင် ငါးပေခြားစိုက်ပျိုးပြီး တစ်နှစ်သားအရွယ်တွင် အလက်များ သန်မာထွားကျိုင်းကာ ဖြစ်ထွန်းအောင်မြင်လာသည်။ အဓိကအားဖြင့် နေရောင်ခြည်ကောင်းစွာရတတ်သော အရှေ့အရပ်နှင့် တောင်အရပ်တို့က ရှားစောင်းလက်ပပ်ပင်စိုက်ပျိုးသင့်သော နေရာကောင်းဖြစ်သည်။
ရေကြိုက်ပင်မဟုတ်၍ ရေလျှော့လောင်းသင့်
ရှားစောင်းလက်ပပ်ကို သားတက်ခွဲစိုက်နည်းဖြင့်လည်း စိုက်ပျိုးနိုင်သည်။ အပင်မကြီး၏အမြစ်ကို မထိခိုက်စေဘဲ သားတက်ကို အမြစ်ပါနုတ်ယူပြီး စိုက်ပျိုးနည်းဖြစ်သည်။ ပထမဆုံးသားတက်ကိုနုတ်ယူပါ။ လေဝင်လေထွက်ကောင်းပြီး အရိပ်ရသောနေရာတွင် ရက်သတ္တပတ်ခန့် အခြောက်ခံထားပါ။ သေသေချာချာ ခြောက်ပြီဆိုလျှင် မြေပေါ်ရွှေ့စိုက်ပါ။ ချက်ချင်းရေမလောင်းရပါ။ အမြစ်များ အသေအချာခိုင်လာမှ ရေလောင်းပါ။မကြာမီ အပင်သစ်မှ အမြစ်ထွက်လာပါလိမ့်မည်။ အပင်သစ်၏ အရွက်အနည်းငယ် အဝါရောင်သန်းလာလျှင်လည်း စိတ်မပူပါနှင့်။ အမြစ်တဖြည်းဖြည်း ရှည်ထွက်လာချိန်တွင် အရွက်လည်း ပို၍သန်လာမည်။ ယင်းနောက်တွင် အရွက်က အစိမ်းရင့်ရောင်ပြောင်းလဲလာမည်။ထိုအခါ အသေအချာစစ်ဆေးကြည့်ပြီးမှ ရေလောင်းပါ။
ရှားစောင်းလက်ပပ်၏ အကျိုးကျေးဇူးများ
ရှားစောင်းလက်ပပ်ပင်ထဲတွင် ဖန်သားကဲ့သို့ကြည်လင်သော အဖြူရောင် ဂျယ်လီများ ပြည့်သိပ်နေပြီး ယင်းတွင် ရေဓာတ် ၉၉ ရာခိုင်နှုန်းခန့် ပါ၀င်သည်။ ကျန် ၁ ရာခိုင်နှုန်းထဲတွင် ဗီတာမင်နှင့် သတ္တုဓာတ် အမျိုး ၂၀၊ အမိုင်နိုအက်စစ် ၁၈ မျိုး၊ phytonutrients နှင့် enzyme စသောဓာတ်ပေါင်းစု အမျိုးပေါင်း ၂၀၀ စီအသီးသီးပါရှိကြသည်။ ထို့ပြင် အပင်များတွင် တွေ့ရခဲသော ဗီတာမင် B-12 ကို ရှားစောင်းလက်ပပ်ထဲတွင် ရှားရှားပါးပါးတွေ့ရသည်။ ရှားစောင်းလက်ပပ်၏ သူမတူအောင် ဆေးဖက်၀င်ပုံကို အောက်ပါအတိုင်း လေ့လာသိရှိနိုင်ပါသည်။
- ဂျယ်လီအနှစ်ကို မျက်ခွံပေါ်အုံပေးပါက မျက်စိနာ၊ မျက်စိကိုက်၊ မျက်စိပူစပ်၊ မျက်စိယားယံခြင်းတို့ ပျောက်ကင်းစေသည်။
- နားထဲတွင်အနာပေါက်ခြင်း၊ နားကိုက်ခြင်းနှင့် နားပိုး၀င်၍ ရောင်ကိုင်းခြင်းတို့အတွက် ရှားစောင်းလက်ပပ်ကို ၂ လက်မအရွယ်ခန့်လှီးဖြတ်ကာ အလယ်မှထက်ခြမ်းခြမ်းပြီးတစ်ခြမ်းစီကို နား၏ရှေ့နှင့်နောက်တို့တွင်ကပ်ပါ။ ဂျယ်လီအနှစ်များဖြင့် နားအပြင်မှ ပွတ်ပေးခြင်းဖြင့်လည်း ရောင်ကိုင်းမှုများလျော့ကာ နာကျင်ကိုက်ခဲမှုများ ယူပစ်သလိုပျောက်ကင်းစေနိုင်သည်။
- ရှားစောင်းလက်ပပ်ကို ဖျော်ရည်သောက်ခြင်း သို့မဟုတ် ပါးပါးလှီး၍ ဟင်းချက်စားခြင်းဖြင့် အမျိုးသမီးများ ဓမ္မတာမှန်စေကာ သားအိမ်သန့်စေသည်။ သွေးဆုံးပြီးနောက် မီးယပ်ရောဂါလည်း မဖြစ်နိုင်တော့ပေ။
- ရှားစောင်းလက်ပပ် ဂျယ်လီသည် အရေပြားကြမ်းကာ အနီအပိမ့်များထွက်ခြင်း၊ အရေပြားတွင် ရေအိတ်တည်ခြင်း၊ အပူလောင်ခြင်း၊ ဗက်တီးရီးယားနှင့် ပွေး၊ ညှင်း စသည့် အရေပြားရောဂါအမျိုးမျိုးတို့ကို သက်သာပျောက်ကင်းစေသည်။
- ဓာတ်တိုးဆန့်ကျင်ပစ္စည်းများပါရှိသဖြင့် အစာခြေစနစ်ကိုအားပေးကာ အစာအိမ်နာခြင်း၊ အစာမကြေခြင်းကို သက်သာစေသည်။ အထူးသဖြင့် အူမကြီးကင်ဆာ အပါအ၀င် ကင်ဆာအကျိတ်များ ကြီးထွားလာမှုကို ရပ်တန့်စေသည်။ကိုယ်တွင်းကိုယ်ပရောင်ရမ်းနာများဖြစ်သော အစာအိမ်ပြည်တည်နာများ၊ အသည်းရောင်ခြင်း၊ အူရောင်ခြင်းဝေဒနာတို့ကို လျော့ကျစေနိုင်သည်။
- သွေးထဲရှိ အောက်ဆီဂျင်ကို ကောင်းစွာလည်ပတ်စေပြီး ဆဲလ်များကို ခွန်အားဖြစ်စေသည်
- အပင်ထဲရှိ Polysaccharide၊ Mannans၊ Anthraquinone နှင့် lectins စသော ဒြပ်ပေါင်းစုများသည် နှလုံးစွမ်းရည်ကို တိုးမြှင့်ပေးသည့်အပြင် သွေးတွင်း အဆီခဲ၊ သွေးခဲများ ပိတ်ဆို့ခြင်း၊ နှလုံးသွေးပျစ်ခြင်း စသောနှလုံးသွေးကြောပြဿနာများကို လွန်စွာကောင်းကျိုးပြုသည်။ ထို့ပြင် နှလုံးရောဂါနှင့်ဆက်စပ်သည့် လေဖြတ်ခြင်းကို ကာကွယ်ပေးသည်။
- သွေးဖိအားကို ထိန်းညှိပေးခြင်းကြောင့် သွေးတိုးရောဂါမဖြစ်နိုင်ပေ။
- အရေပြားပေါ်ရှိ ထိခိုက်ဒဏ်ရာ များနှင့် ပိုးဝင်ခြင်းတို့ကို သက်သာ ပျောက်ကင်းစေသည်။ မီးလောင်နာ၊ အရေကြည်ဖုနာ၊ ထိခိုက်ရှနာ၊ နေလောင်ဒဏ်ရာ စသည်တို့ကိုရှားစောင်းလက်ပပ်တွင် ပါဝင်သော အောက်ဆီဂျင်ဓာတ်တစ်မျိုးကြောင့် အလိုလို ပြုပြင်ပေးနိုင်စွမ်းရှိသည်။ (သို့သော် ခွဲစိတ်ထားသည့် အနာချုပ်ရိုးများကို အနာကောင်းစွာ မကျက်သေးမီ ရှားစောင်းလက်ပပ် လုံးဝမလိမ်းပါနှင့်။ အနာကျက်နှေးစေသည်)
- ဂျယ်လီအနှစ်ကိုခြစ်ယူ၍ ဆန်ဆေးရည်တွင်စိမ်ပြီး သကြားထည့်သောက်ပါက ဆီးပူ၊ ဆီးအောင့်ရောဂါ ပျောက်ကင်းစေပြီး ဆီးကျောက်တည်ခြင်းမှ ကာကွယ်ပေးသည်။
- အသားဝါရောဂါရှိသူများ ရှားစောင်းလက်ပပ် ဂျယ်လီအနှစ်ကို စားပေးခြင်းဖြင့် ရောဂါသက်သာစေသည်။
- ဖျော်ရည်သောက်သုံးပေးခြင်းဖြင့် အအေးမိ၊ တုပ်ကွေးဖျားနာ၊ နှာခေါင်းပိတ်ခြင်း၊ လေပြွန်ရောင်ခြင်း၊ ရင်ပူခြင်း စသည့်အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာများကို ကောင်းစွာကုသပေးနိုင်စွမ်းရှိသည်။
- သွေးထဲရှိ ဂလူးကို့စ်ပမာဏကိုကျစေသဖြင့် ဆီးချိုရောဂါသည်များ ရှားစောင်းလက်ပပ်ဖျော်ရည်ကို သောက်သုံးသင့်သည်။
- ခံတွင်းထဲရှိ ဗက်တီးရီးယားပိုးမွှားများကို သေစေကာ သွားများကိုဖြူဖွေးသန့်စင် ခိုင်ခံ့စေပြီး သွားဖုံးကျန်းမာစေသည်။
- အပင်၏ Enzyme များတွင် ၀မ်းသက်စေသော အစွမ်းသတ္တိပါရှိခြင်းကြောင့် အူမကြီးနံရံရှိ အကျိအချွဲများကို တိုးပွားစေကာ အူကို သန့်စင်စေပြီး ၀မ်းမချုပ်စေတော့ပါ။ (သို့သော် အပင်ကို အခြောက်ထား၍ ၀မ်းပျော့ဆေးအဖြစ် အမြဲစားသုံးလျှင် ဆေးမတိုးတော့ဘဲ အကျင့်ပါသွားတတ်သည်ကို သတိပြုပါ)
- ခေါင်းမလျှော်မီ ရှားစောင်းလက်ပပ်ဖြင့် ဦးရေပြားကိုပွတ်တိုက်ပေးခြင်းဖြင့် ဆံပင်ကျွတ်ခြင်း၊ ဆံပင်နှစ်ခွဖြစ်ခြင်းနှင့် ဆံပင်ကျိုးခြင်းတို့ကို သက်သာပျောက်ကင်းစေကာ သန်းနှင့်ဗောက်များ လုံး၀ ကင်းစင်စေသည်။
- ရှားစောင်းလက်ပပ်တွင် ရောင်ရမ်းနာများကို သက်သာစေသော သဘာ၀ဓာတ်ပစ္စည်း ၁၂ မျိုးပါရှိ၍ ဘေးထွက်ဆိုးကျိုး လုံး၀မရှိဘဲ အရိုး၊ အဆစ်အမျက်နာကျင်ကိုက်ခဲခြင်းကို သက်သာစေနိုင်သည်။ ထို့ပြင် ကြွက်သားများ တောင့်တင်း ခြင်းကိုလည်း ပြေလျော့စေသည်။
- ကိုလက်စထရောကျစေပြီး အဆိပ်အတောက်ကင်းကာ ခန္ဓာကိုယ်ကို ပေါ့ပါးလန်းဆန်းစေသည်။
- ကော်ဖီနှင့် လက်ဖက်ရည် အလွန်အကျွံသောက်သုံးခြင်းကြောင့် ခန္ဓာကိုယ်အတွက် မလိုလားအပ်သော Oxalates ဓာတ်အန္တရာယ်မှ ကာကွယ်ပေးသည်။
- ညအိပ်ရာ၀င်ခါနီး ရှားစောင်းလက်ပပ်ဂျယ်လီအနှစ်ကို မျက်နှာအနှံ့လိမ်းပေးပြီး မိနစ် ၂၀ အကြာတွင် ရေအေးနှင့် မျက်နှာသစ်ပေးပါက မိတ်ကပ်ကြေးညှော်များကင်းစင်ပြီး ချွေးပေါက်ပွင့်ကာ ၀က်ခြံ လုံး၀ မထွက်စေနိုင်ပေ။ ထို့ပြင် ရှားစောင်းလက်ပပ်တွင်ပါ၀င်သော အောက်ဆီဂျင်ဓာတ်ကြောင့် အရေပြားပေါ်မှ ဆဲလ်များကို ပိုမိုသန့်စင်စေပြီး ချောမွတ်လှပစေသည်။ ၀က်ခြံသာမက တင်းတိပ်များကိုပါ သက်သာစေနိုင်ပြီး အသားအရေနူးညံ့လှပစေသည်။
- ရှားစောင်းလက်ပပ်ကို အစိမ်းလိုက်ဝါးစားပေးပါက အရက်နာရောဂါ ပျောက်ကင်းစေပြီး ပုံမှန်အတိုင်း ပြန်လည်လန်းဆန်းလာစေသည်။
ရှားစောင်းလက်ပပ်ကို သက်စောင့်ဆေးအဖြစ် မှီဝဲနိုင်အချုပ်ဆိုရသော် လူသားတို့၏ခန္ဓာကိုယ်ကို ကျန်းမာစွာတည်ဆောက်နိုင်ရန် အမိုင်နိုအက်စစ် စုစုပေါင်းအမျိုး ၂၀ လိုအပ်လျက်ရှိရာ ၁၈ မျိုးကို ရှားစောင်းလက်ပပ်မှ တစ်ပြိုင်တည်းရရှိစေမည်ဖြစ်သည်။ သို့ပါ၍ မိမိတို့ခန္ဓာကိုယ် ကျန်းမာစေရန် ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ စုဝေးရာ သဘာ၀အရင်းအမြစ်ဖြစ်သည့် ရှားစောင်းလက်ပပ်ကို သက်စောင့်ဆေးအဖြစ် မှီဝဲကြစေလိုကြောင်း ရေးသား တင်ပြလိုက်ရပါသည်။
ပေါက်ပေါက်