
ချဉ်စော်ကားသီး၏ဆေးဖက်ဝင်အကျိုးသက်ရောက်မှုများ
ဆောင်းပါးရှင် - ဒေါက်တာလပြည့်ခင်
ချဉ်စော်ကားသီးတွင် ကျန်းမာရေးကိုအထောက် အကူပြုသော သတ္တုဒြပ်စင်များနှင့် အာဟာရဓာတ် များစွာပါဝင်သောကြောင့် ရှေးအခါကပင် ဆေးအဖြစ် မှီဝဲစားသုံးခဲ့ကြသည်။ နှုတ်မြိန်စေခြင်း၊ ခွန်အား တိုးပွားစေခြင်း၊ ကျောက်ကပ်၊ အဆစ်အမျက်ရောင် ခြင်းနှင့် ငှက်ဖျားရောဂါတို့ကို သက်သာပျောက်ကင်း စေသည်။ ချဉ်စော်ကားသီးသည် ခန္ဓာကိုယ်တွင်းပိုးများကြီးထွားနှုန်းကို လျော့ကျစေသည်။ နှလုံး ကျန်းမာရေးကို တိုးတက်ကောင်းမွန်စေသည်။ အနာ ကျက်မြန်စေရုံမက ဝမ်းချုပ်ခြင်းကိုလည်း သက်သာ စေနိုင်သည်။
အဆီကျလိုသူများ ချဉ်စော်ကားသီးခြောက်ကိုရေနွေးနှင့်စိမ်ကာ ညအိပ်ခါနီး ပုံမှန်သောက်ပေးပါက သွယ်လျသောခန္ဓာကိုယ်ကို ပိုင်ဆိုင်စေမည်ဖြစ်သည်။ အမျှင်ဓာတ်ပေါများသဖြင့် အစာခြေစနစ်ကို ကောင်းမွန်စေသည်။ သွေးတွင်းသကြားဓာတ်ကိုထိန်းညှိပေးနိုင်သောအမျှင်ဓာတ်ကြောင့် ဆီးချိုရောဂါ ရှိသူတို့အတွက် ကောင်းမွန်စေသည်။ အမျှင်ဓာတ် ပါဝင်မှုများသောကြောင့် ဝမ်းချုပ်ခြင်း၊ ဝမ်းလျှောခြင်း တို့နှင့်ဆက်နွှယ်သော အစာအိမ်ရောဂါများအတွက် အထောက်အကူပြုသည်။ ထို့ပြင် ချဉ်စော်ကားသီး တွင် ရောင်ရမ်းမှုကိုသက်သာစေသည့် အကျိုးသက် ရောက်မှုရှိသောကြောင့် အဆစ်ရောင်ခြင်း၊ လည်ပင်း နာခြင်းတို့ကို သက်သာပျောက်ကင်းစေသည်။
ချဉ်စော်ကားသီးတွင် ဓာတ်တိုးဆန့်ကျင်ဂုဏ် သတ္တိရှိသဖြင့် ဖရီးရယ်ဒီကယ်များကြောင့် ဆဲလ်များ ပျက်စီးခြင်းကို ကာကွယ်ပေးနိုင်စွမ်းရှိသည်။ ဗီတာမင် C ပါဝင်ခြင်းကြောင့် ကိုယ်ခံအားစနစ်ကို ပိုမိုတိုးတက်ကောင်းမွန်စေသည်။ အအေးပတ်ခြင်း နှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာပြဿနာများ အတွက် ဆေးအဖြစ်အသုံးပြုနိုင်သည်။ မိမိရောဂါ အခြေအနေအရ တခြားဆေးများမှီဝဲသုံးစွဲနေရသူဖြစ်လျှင် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပြီးမှသာ ချဉ်စော်ကားသီးကို ဆေးအဖြစ်သုံးစွဲသင့်သည်။ အစာအိမ်ရောင်ခြင်းကို ကာကွယ်သည့်ဓာတ်ရှိသည်။ ဓာတ်တိုးဆန့်ကျင်ဂုဏ်သတ္တိရှိသည့် Antioxidant များဖြစ်သော ဖလေဗိုနွိုက် (Flavonoid) နှင့် ဖီနော လစ် (Phenolic) ဓာတ်ပေါင်းများစွာပါရှိခြင်းကြောင့် ဆဲလ်များပျက်စီးခြင်းကို ကာကွယ်နိုင်သည်။
ဗီတာမင် C ပါဝင်သောကြောင့် ရောဂါကာကွယ် မှုစနစ်ကို တိုးတက်ကောင်းမွန်စေပြီး ရောဂါကာကွယ် စေနိုင်သောအစွမ်းရှိသည်။ ဓာတ်တိုးဆန့်ကျင်မှုနှင့် ပါဝင်သောဗီတာမင်များကြောင့်အရေပြား ပြဿနာများ၊ အရွယ်မတိုင်မီ အိုမင်းရင့်ရော်ခြင်းများ ကို ကာကွယ်ပေးသည်။ အရေပြားပြုပြင်ခြင်းကိုကောင်းမွန်စေသည်။ ကာဗိုဟိုက်ဒရိတ်အတန် အသင့်နှင့် ဗီတာမင် B အနည်းငယ်ပါဝင်သည်။ဆဲလ်ပါဝင်သောပဋိဇီဝဖြစ်စဉ်များတွင် အရေးကြီး သော ဖောလိတ် (Folate) သတ္တုဓာတ်များပါဝင်ခြင်း ကြောင့် သွေးကိုထိန်းညှိပေးသည်။ ပိုတက်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ ကယ်လ်စီယမ်နှင့် သံဓာတ်တို့ပါရှိသော ကြောင့် နှလုံးကျန်းမာရေးကို တိုးတက်ကောင်းမွန် စေသည်။ ချဉ်စော်ကားသီးကိုပါးပါးလှီးပြီး ရေနွေးပူပူ တွင်ထည့်ကာ တစ်နေ့တစ်ခွက်သောက်ပါက အဆီ ကျစေပြီး ညောင်းညာကိုက်ခဲမှုကို သက်သာစေသည်။ သွေးလည်ပတ်မှုကောင်းမွန်စေပြီး လေဖြန်းခြင်းကို ကာကွယ်ပေးသည်။ အဆီအနည်းငယ်၊ အမျှင် ဓာတ်နှင့် ဗီတာမင် C ကြောင့် အစာခြေအဖွဲ့အစည်း နှင့် ကျန်းမာရေးကို ကောင်းမွန်စေသည်။
ချဉ်စော်ကားသီးတွင်ပါဝင်သော တာနင်ဓာတ် (Tannins) သည် အူမကြီးတွင် အဆိပ်အတောက်ဖြစ် စေသော အမြှေးပါးအကျိအချွှဲများကို လျော့ပါးစေ သောကြောင့် အူမကြီးကင်ဆာဖြစ်ခြင်းကို ကာကွယ် ပေးနိုင်သည်။ စိတ်ဖိစီးမှုများပါက ချဉ်စော်ကားသီး ကိုစားခြင်းဖြင့် စိတ်ဖိစီးမှုကိုပြေလျော့စေသည်။ အအေးမိ၊ နှာစေးခြင်းနှင့် အစာမကြေပျို့အန်ခြင်းတို့ အတွက် ချဉ်စော်ကားသီးကို ရေနွေးဆူဆူတွင်ထည့် ပြုတ်၍သောက်သုံးပါက သက်သာစေနိုင်သည်။ ချဉ် စော်ကားသီးအစေ့တွင် အဓိက ဓာတုဓာတ်ပေါင်းများ ဖြစ်သော စတီရော (Sterols)၊ ထရိုင်တာပင်း (Tri-terpene)၊ တာနင်(Tannins)၊ ဖိနောလစ်အက်စစ် (Phenolic Acid)၊ အမိုင်နိုအက်စစ် (Amino Acid)၊ ဂလိုင်ကိုဆိုဒ်(Glycoside)နှင့် Essential Oil တို့ပါဝင်မှု ကြောင့် ရောင်ရမ်းမှုကိုသက်သာစေခြင်း၊ ပိုးသေစေ ခြင်း၊ ဓာတ်တိုးဆန့်ကျင်စေခြင်း စသောအကျိုးကျေးဇူးများရှိသည်။
ချဉ်စော်ကားသီး၏ဆေးဖက်ဝင်မှု
ချဉ်စော်ကားသီးဖျော်ရည်သည် အစာခြေအက်စစ်များ အစာရေမျိုဆီပြန်တက်ခြင်းကြောင့် ရင်ပူခြင်း၊ မအီမသာဖြစ်ခြင်းကို သက်သာစေနိုင် ကြောင်း သုတေသီများက ဖော်ပြကြသည်။ ချဉ်စော် ကားသီးအစေ့သည် အနာကျက်မြန်ကာ တစ်သျူး များ ပြန်လည်ကျန်းမာလာစေရန် အကောင်းဆုံး အားဖြည့်ပေးသည်။ အစေ့မှရသောအဆီကို အနာ ပေါ်လိမ်းပေးခြင်းဖြင့် အနာကျက်မြန်ကာ တစ်သျူး အသစ်ပြန်ဖြစ်ပေါ်စေသည်။ အပူလောင်၊ ပြတ်ရှခြင်း များကို သက်သာစေသော သဘာဝဆေးဖြစ်သည်။ သွေးတွင်းကိုလက်စထရောကိုလျော့ကျစေပြီး နှလုံးရောဂါဖြစ်နိုင်ခြေကိုလျော့ကျစေသည်။ သတ္တုဓာတ် များတွင် ပိုတက်ဆီယမ်ပါဝင်မှုကြောင့် သွေးဖိအားကို ထိန်းညှိပေးပြီး နှလုံးနှင့်ပတ်သက်သောကျန်းမာရေးကို ကူညီပေးသည်။
ချဉ်စော်ကားသီးအရည်သည် pH level 3.43 ခန့် ရှိသောကြောင့် ချဉ်သောအရသာ (အက်စစ်ဓာတ်)ရှိသည်။ ချဉ်စော်ကားသီးတွင် ရေဓာတ် ၈၄.၂၇ ရာခိုင်နှုန်းခန့်ပါဝင်၍ အရည်ရွှမ်းသောအသီးတစ်မျိုး ဖြစ်ပြီး ဆစ်ထရစ်အက်စစ်(Citric Acid)၊ အက်စ်ကော ဗစ်အက်စစ်(Ascorbic Acid)၊ မဲလစ်အက်စစ် (Malic Acid)၊ အောက်စာလစ်အက်စစ်(Oxalic Acid)၊ ကွင်း နစ်အက်စစ် (Quinic Acid)၊ ရှက်ကီးမစ်အက်စစ်(Shikimic Acid) စသော အော်ဂဲနစ်အက်စစ်မျိုးစုံ ပါဝင်သည်။ ချဉ်စော်ကားသီးအရည်သည် ကျောက် ကပ်ပျက်စီးခြင်းကို လျော့ကျစေသည်။ ကျောက်ကပ် နှင့်ပတ်သက်၍ စားသုံးသင့်သည်။
ချဉ်စော်ကားသီးအသုံးပြု၍အစားအစာများပြင်ဆင်ခြင်း
ချဉ်စော်ကားသီးကို ဟင်းလျာအမျိုးမျိုးအတွက် အသုံးပြုရန်နှင့် တာရှည်ခံရန် ပြင်ဆင်ပြုလုပ်ပုံ အဆင့်များစွာရှိသည်။ ရှေးဦးစွာ အမှိုက်များ၊ ဖုန် များကင်းစေရန် အသီးကိုသေချာစွာဆေးကြောရမည်။ အခွံကိုစားနိုင်သော်လည်း အခွံမှာကြမ်းပြီး အနည်းငယ်ချဉ်၍ ဖန်သည့်အရသာကြောင့် ဖယ်ထုတ် ရမည်။ အခွံခွာပြီးနောက် ပါးပါးလှီး၍သော်လည်း ကောင်း၊ အသီး၏မာကျောသောအပေါ်ယံကြောင့် ချက်ပြုတ်ရလွယ်ကူစေရန် အပိုင်းငယ်များလှီး၍ သော်လည်းကောင်း ချက်ပြုတ်ရသည်။ ချက်ပြုတ် ခြင်းဖြင့် အသားများပိုမိုနူးညံ့စေကာ အရသာပိုရှိစေ သည်။ ပုံမှန်ချက်ပြုတ်ရာတွင် နည်းလမ်းအမျိုးမျိုးရှိ သည်။ ချဉ်စော်ကားသီးအစိတ်အပိုင်းများကို ရေနှင့် သော်လည်းကောင်း၊ ဖျော်ရည်နှင့်သကြား သို့မဟုတ် အနံ့အရသာနှင့် နူးညံ့လာသည်အထိ ပေါင်းရမည်။ ချဉ်စော်ကားသီးအပိုင်းအစများကို Oven တွင် အချို သို့မဟုတ် အနံ့အရသာထည့်၍လည်း ကင်နိုင်သည်။ ချဉ်စော်ကားသီးကိုပါးပါးလှီး၍ ဆားအနည်းငယ်၊ ပျားရည်၊ ချင်းအနည်းငယ်တို့နှင့်စိမ်ပြီး တစ်ရက်ခန့် နှပ်ထားပြီးနောက် နံနက်၊ နေ့လယ်၊ ည လက်ဖက် ရည်ဇွန်းတစ်ဇွန်းစားပေးပါက လေထိုးလေအောင့် သက်သာစေပြီး အစာကြေ၍ အသံထွက်ကောင်းစေ သည်။ ချဉ်စော်ကားသီးကို ပါးပါးလှီး၊ အခြောက်လှန်း ပြီး ရေနွေးနှင့်စိမ်ကာ ဟင်းရည်ချက်စားနိုင်သကဲ့သို့ ဆေးအဖြစ်၊ ဝိုင်အဖြစ်စိမ်သောက်နိုင်သည်။ ငါးတန် နှင့် ငါးမြင်းကဲ့သို့ အဆီများသောငါးများနှင့် အအီပြေ ချက်စားနိုင်သည်။
ချဉ်စော်ကားသီးစားသုံးမှုအမျိုးမျိုး
ချဉ်စော်ကားသီးအသားမှာ မာကျောသောကြောင့် ယိုထိုး၍ ချဉ်စော်ကားသီးယိုအဖြစ် စားသုံးကြသည်။ ချဉ်စော်ကားသီးခြောက်၊ ချဉ်စော်ကားသီးဖျော်ရည်၊ ချဉ်စော်ကားသီးဝိုင် စသည်ဖြင့်အမျိုးမျိုးထုတ်လုပ်ရောင်းချကြသည်။ အသီးခြောက်ကို ကြက်၊ ဝက်၊ အမဲ၊ ငါးတို့နှင့်ရော၍ အအီပြေချက်စားကြသည်။ အသီးခြောက်ကို စွန်တန်ဟင်းရည်ကဲ့သို့ အရည် သောက်ပြုလုပ်စားသုံးကြသည်။ ဝိုင်ပြုလုပ်၍လည်း သောက်သုံးကြသည်။ ချဉ်စော်ကားသီးကို အချိန် ကြာမြင့်စွာချက်လျှင် အနီရောင်ပြောင်းသွားသည်။ ချဉ်စော်ကားသီးကို ချက်ပြုတ်စားခြင်းဖြင့် နူးညံ့သော အရသာနှင့် အသားကိုပျော့ပျောင်းစေကာ အရသာ ကောင်းမွန်စေသည်။ ချဉ်စော်ကားသီးကို အစိမ်း အတိုင်း ငရုတ်သီးစိမ်းနှင့်လည်းထောင်းစားနိုင်သည်။
ချဉ်စော်ကားသီးကိုအကင်လုပ်ခြင်းဖြင့် အသီး၏ အသားကိုပိုမိုနူးညံ့စေပြီး အရသာပိုရှိစေသည်။ ချဉ်စော်ကားသီးကို လှီး၍သော်လည်းကောင်း၊ အလုံး လိုက်သော်လည်းကောင်း ပျားရည် သို့မဟုတ် သကြား နှင့်စိမ်ပေးပါက အချိုအရသာကို တိုးစေသည်။ အသီး ကို သကြားရည်နှင့် အမွှေးနံ့သာတချို့ထည့်နှပ် ထားပြီး အချိုပွဲများပေါ်တွင် ဆမ်း၍လည်းစားသုံးနိုင် သည်။ အချိုရည်နှင့်ဝိုင်များတွင် အနံ့အရသာအဖြစ် သုံးနိုင်သည်။ အသီးကို အချဉ်ရည်ပြုလုပ်၍ အသား များနှင့်တွဲဖက်စားနိုင်သည်။ သစ်သီးမှည့်တွင်ပါရှိပြီး သစ်သီးယိုတို့ကိုခဲစေသည့် သကြားနှင့်တူသောဓာတ် (Pectin) ပါဝင်မှုများသောကြောင့် ယိုများ၊ ကျောက် ကျောများပြုလုပ်ရန် အကောင်းဆုံးဖြစ်သည်။
ချဉ်စော်ကားသီးကို နည်းအမျိုးမျိုးသုံး၍ တာရှည် ခံအောင်ပြုလုပ်နိုင်သည်။ ချက်ပြုတ်ပြီး အစာသွတ် ဘူးများဖြင့် ယို၊ ဂျယ်လီနှင့် တာရှည်ခံပစ္စည်းအဖြစ် ပြုလုပ်ကြသည်။ ချဉ်စော်ကားသီးတွင် Pectin ပါဝင် မှုများသောကြောင့် ညီညာကောင်းမွန်သည့် Gel ကို ရရှိစေသည်။ နူးညံ့သောချဉ်စော်ကားသီးအသားကိုချက်ပြီး ကြိတ်ခြေကာ ဆော့အဖြစ်လည်းကောင်း၊ စွပ်ပြုတ်ရည်အဖြစ်လည်းကောင်း စားသုံးနိုင်သည်။ အထက်ပါနည်းလမ်းများဖြင့် ချဉ်စော်ကားသီး၏ မာကျော၍ဖန်သောဓာတ်မှ ပို၍အရသာပြည့်စုံသည့် အမျိုးမျိုးသော ဘက်စုံသုံးဟင်းလျာများအဖြစ်ဖန်တီးနိုင်သည်။ ယေဘုယျအားဖြင့် ချဉ်စော်ကားသီး သည် သင့်လျော်မှန်ကန်စွာပြင်ဆင်စားသောက်လျှင် စိတ်ချလက်ချစားသုံးနိုင်သော စားစရာတစ်မျိုးဖြစ် သည်။ ချဉ်စော်ကားသီးအစေ့တွင်ပါဝင်သော အဆိပ် ဖြစ်စေသည့်ဓာတ်ပေါင်းသည် ပန်းသီးအစေ့နှင့် ဆီးသီး အစေ့တို့တွင်ပါသောအဆိပ်တို့နှင့် ဆင်တူသည်။ ယင်းအစေ့တွင် Amygdalin ဟုခေါ်သည့်ဓာတ်ပေါင်းမှ Cyanide ဓာတ်ပေါင်းကိုထုတ်ပေးသည်။ အစေ့တွင်း ရှိ ဆိုင်ယွန်နိုက်ကြောင့် အစေ့ကို မတော်တဆမျိုချမိ ပါက ထိခိုက်မှုရှိစေပြီး များများစားမိပါက အဆိပ်အတောက်ဖြစ်စေသည်။
ထို့ကြောင့် ချဉ်စော်ကားသီးကို အစိမ်းသော် လည်းကောင်း၊ ချက်ပြုတ်စဉ်တွင်လည်းကောင်း အစေ့ ကိုဖယ်ရှားသင့်သည်။ ချဉ်စော်ကားသီးအစိမ်း၏ အသားသည် ကြမ်းတမ်းပြီး အချဉ်ဓာတ်ပြင်းထန်၍ တချို့သူများအတွက် အဆင်မပြေဖြစ်တတ်သည်။ချက်ပြုတ်စားခြင်းဖြင့် အဖန်ကြောင့်ချုပ်ခြင်းကို လျော့ကျစေသည်။ တချို့တွင် ဓာတ်မတည့်မှုကို တွေ့ကြုံနိုင်သော်လည်း ဖြစ်ခဲသောအခြေအနေဖြစ် သည်။ တချို့တွင် ယားယံခြင်း၊ ရောင်ရမ်းခြင်း၊ အစာမကြေခြင်းတို့ဖြစ်တတ်သည်။ သတိထားမိပါက ရှောင်ရှားရန်လိုအပ်ပြီး ဆေးပညာရှင်နှင့်တိုင်ပင် ဆွေးနွေးပြီး စားသုံးသင့်သည်။ လူတစ်ဦး တစ် နေ့တာလိုအပ်သော ဗီတာမင် C လိုအပ်ချက်ကို ချဉ် စော်ကားသီးတစ်လုံးမှ ရရှိနိုင်သည်။ တိုင်းရင်းဆေး ပညာအရ ချဉ်စော်ကားသီးသည် တေဇောဓာတ်၊အာပေါဓာတ်၊ ပထဝီဓာတ်တို့ပေါကြွယ်ဝ၍ ဝါယောဓာတ်ကိုပို့ဆောင်ပေးနိုင်သဖြင့် အာယုဝဎုန သက်ရှည်ကျန်းမာစေသောအသီးဟုဆိုကြကြောင်း ရေး သားတင်ပြလိုက်ရပါသည်။