


မိုးမှာကြယ်စင်…ဂန္ထဝင်မျိုးဆက်…သံမဏိငှက်များ
ဆောင်းပါးရှင် - မောင်လတ်(ကမ်းရိုးတန်း)
ငှက်တို့၏ခြေရာကို ကောင်းကင်ဖျားတွင် ရှာမတွေ့နိုင်ပါ။
သို့သော်…အမြင်ရှိသည်။ အကြားသိသည်။ လှုပ်ရှားမှုနှင့်စွမ်းရည်ပိုင်းကိုတော့ လက်ခံရမည်။ အသိအမှတ်ပြုကိုပြုရပေလိမ့်မည်။ ရိုးရိုးငှက်များမဟုတ်…၊ သတ္တုရောစွက် သံမဏိငှက်များဆိုလျှင်တော့ ဆန်းသစ်သောစွမ်းအားနှင့် ကြီးမားသည့်ဂုဏ်ရည်… ဆင့်မီပြည့်စုံနေပေလိမ့်မည်။ စွမ်းရည်အရာ၌ကား အကြီးမားဆုံးဖြစ်သည့် “လေကြောင်းစွမ်းရည်” ၏အချွန်အဖျားပင်တည်း။
“အမြင် အကြား…နှလုံးသားထဲမှာ”မှတ်မှတ်သားသား စာချိုးလေးတစ်ခု…တွေ့ရှိဖူးသည်။
“မိုးယံဖွင့်တက်…လေယာဉ်ပျံ…
ထီလာမြေကို…အုန်းခြိမ့်ညံ
လေသူရဲတို့ အောင်မြေအမှန်”တဲ့။
မှန်ပါသည်။ မိတ္ထီလာဆိုတာ ဟိုယခင်က တပ်မြို့ဟုခေါ်တွင်သည့် အညာမြို့ကလေးသာပင်။ သာမန်အမြင်အရကြည့်လျှင်တော့ ရထားလမ်းကြုံ ကားလမ်းဆုံမို့ ကူးသန်းသွားလာရေးလွယ်ကူမှု လောက်သာ အတွေ့အသိ ရှိနေပါလိမ့်မည်။ စင်စစ် အကူးအသန်းကောင်း သင့်မျှရုံဖြင့် မထူးဆန်းလှဟု ဆိုနိုင်ပါ၏။ စူးစမ်းကြည့်သောအခါ ရုပ်ဝတ္ထု အခွဲအခန့်နှင့် အဆွဲအဆန့်တွင် တွေ့ရှိလာသည်က ဆင့်ကာဆင့်ပွား မြင့်မြင့်မားမို့၊ အကြင်မြို့ကလေး၏ဥပဓိသည် ရိုးရိုးအနေအထားမဟုတ်တော့ အမြင်၊ အကြား … နှလုံးသားထဲမှာ စူးစူးနစ်နစ် ဆွဲဆောင်မှုရှိနေကြောင်း သိလာရသည်။
ထူးခြားချက်မှာ သမိုင်းနောက်ခံအရှိတရားကျယ်ပြောမှု၊ ပစ္စုပ္ပန်ကာလ ဒေသတွင်းရှိ စွမ်းအားရင်းမြစ် အတွန်းအဖွင့်အားပြိုင်မှုတို့ကြောင့် သင်္ကေတပြုစရာဖြစ်လာသည်။ သည်တော့ သည်မြို့လေးကို လွှမ်းမိုးစေတန်ရာသောအရိပ်ဟုဆိုရမည့် “လေယာဉ်ပျံ” ပြီးတော့ “လေသူရဲ”တို့သည် ဤမြို့လေးအတွက် ဒွိယံ၊ ဒွိယံ အနေအထားပေါ့။ အတွဲအစပ်မှသည် … “အနွတ္တ” သညာပြုစရာ ဖြစ်လာပေလိမ့်မည်။ ပြုလည်းပြုလောက်ပါ၏။ မိတ္ထီလာနှင့်လေယာဉ်ပျံသည် နှစ်လွှာပေါင်းဖက် စွယ်တော်ရွက်ပမာဖြစ်ခဲ့ပြီမို့ ခေတ်ရေစီး အစုန်အဆန်ဝယ် ပုံသဏ္ဌာန်မြင့်ကဲ အောင်လံလွင့်ဆဲဟုပင် ပြောရပေလိမ့်မည်။
တကယ်လည်းလေယာဉ်၊ ရဟတ်ယာဉ်နှင့် နှစ်ကာလ ရှည်ကြာတွဲယှဉ်နေခဲ့သည့် မြို့လေးဖြစ်၏။ လေကြောင်းရပ်ဝန်းလွင်ပြင်ကြီးတစ်ခု အနေအထား၏ သက်ရောက်မှု အသွင်သဏ္ဌာန်အရခေတ်သိပ္ပံဆိုင်ရာ လေကြောင်းစက်မှုစနစ်၊ နည်းနာနိဿယနှင့် စစ်အင်္ဂါအခင်းအကျင်းစုဖွဲ့မှုများရှိသည်။ ယင်းစွမ်းအားစုများ၏ စီးမျောမှုအဟုန်၊ အုံကျင်းဖွဲ့တည် ရှေ့လှမ်းချီနေသည်များကို တွေ့ရပေလိမ့်မည်။ တီထွင်ဆန်းသစ်သည့် ရင်းမြစ်စွမ်းအားတို့ နှိုင်းညှိပေါင်းစပ်၊ အတတ်အသိပညာအညွန့်အဖူး... ထုံကူးသည့် အပေါင်းလက္ခဏာဝိသေသတို့ကိုလည်း မြင်တွေ့ရပေလိမ့်မည်။ ဤသည်မှာ တပ်မတော်(လေ)၏ “သန္ဓေအမှန်” အကြောင်းခြင်းရာတို့အပြင် အခြေခံကျသည့် နည်းဗျူဟာ… တံခွန်ထူလွှင့်ရာ “လေကြောင်းပညာနက်သန်” အမှန်အကန်ဒေသဖြစ်နေခြင်းကြောင့်ပင်တည်း။
လေကြောင်းလွင်ပြင် ဂန္ထဝင်အဖူးအပွင့် …ထူလွှင့်မျိုးဆက် ... သံမဏိငှက်များကြည့်လေ …၊ မြင်ကွင်းအရပင် သိသာလှပါ၏။ လေကြောင်းအတတ်သင်လေတပ်စခန်းဌာနချုပ် ရှမ်းတဲ မိတ္ထီလာမြို့တဲ့…။မြို့နှင့် အနီးကပ်ဆုံးတည်ရှိနေမှုနှင့်ရန်ကုန်-မန္တလေးကားလမ်းဟောင်းဘေးတွင် ရှိနေပါသည်။
မြူနှင်း ဇာပဝါပါးပါး အလွှမ်း အဖြန့်ခင်းစပြုလေပြီ၊ မိုးကာလနှောင်းပြီပေါ့။ အသစ်ပြောင်းကူးသည့် ဆောင်းဝင်နှင့်ပြီဟုဆိုရပေမည်။ အရုဏ်ဦး...ဖူးပွင့်စ ကောင်းကင်မှာ ပြာလဲ့လဲ့ လွင့်မျောနေသည့် တိမ်ဖြူပါးပါးကြောင့် အညာမြေ၏အပူသရုပ်ကို ပေါ်လွင်နေပြန်သည်။ လေအဝှေ့ဝယ်… တမာရနံ့ကသင်းမြမြ။
ဌာနချုပ်ဝင်းအတွင်း အခမ်းအနားအပြင်အဆင်တစ်ခုပြင်ဆင်ထားသည်ကို မြင်ရသည်။ လေယာဉ်ပြေးလမ်းနောက်ခံပြုကာ လူပျံတော်ရုပ်တု၊ သိန်းငှက်နဖူးစီးပါမုခ်ဦး၊ ဌာနချုပ်/ စခန်း/ အုပ်/ တပ်များဆိုင်ရာအလံများက တလွင့်လွင့်၊ ပြီးတော့ဖိတ်ကြားခံဂုဏ်သရေရှိဧည့်သည်တော်များ၏မြင်ကွင်းတို့ကြောင့် ကျွန်တော်၏စိတ်ထဲတွင် ဇာတိသွေး၊ ဇာတိမာန်တက်ကြွနိုးကြားလာခဲ့သည်အလားတွေးထင်မိပါသည်။ စင်စစ် လေယာဉ်မောင်းသင်တန်း အမှတ်စဉ်(၈၆) လေသူရဲတောင်ပံအပ်နှင်းပွဲပင်တည်း။
နှစ်စဉ်ဖွင့်လှစ်ဆောင်ရွက်မှုအစဉ်အလာနှင့် ဖြတ်သန်းကာလကြာခဲ့ပြီဖြစ်၏။ ဤသင်တန်းနှင့် ဤသင်တန်းကျောင်းသည် လွတ်လပ်ရေးရပြီး နှစ်နှစ်အကြာ ၁၉၅၀ ပြည့်နှစ် ဇွန်လ ၁၆ ရက်မှစတင်ကာ မှော်ဘီ၊ မိတ္ထီလာ၊ မြစ်ကြီးနား စသည်ဖြင့် အဆင့်ဆင့်ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ပြီး ယခု မိတ္ထီလာရှမ်းတဲ၌ အခြေစိုက်ခဲ့သည်မှာပင် ကြာခဲ့လေပြီ။ လေယာဉ်မောင်းသင်ကျောင်း၏သက်တမ်းကာလကို ရေတွက်ကြည့်သော် စိန်ရတုနှစ်ကာလအပိုင်းအခြားထဲသို့ပင် ရောက်ရှိလာနေပြီဖြစ်၏။
ဤမျှသက်တမ်းရှည်ရပ်တည်ခဲ့သည်မှာ မော်ကွန်းထူလောက် ဂန္ထဝင်မြောက်ခဲ့ပြီဟုဆိုရပေလိမ့်မည်။ ယင်း “ဂန္ထဝင်ပန်းခင်း” ကျောင်းမြတ်အမွန်သည်… သမိုင်းတန်ဖိုး ကြီးမြတ်လှပါ၏။ ဤသင်တန်း၊ ဤကျောင်းနှင့် ဤကျောင်းတည်ရာ တပ်စခန်း၊ ဤစခန်းတည်ရာ မြို့ကလေးစသည်ဖြင့် သင့်ရာဆင့်တက် ပတ်သက်သမျှတို့သည် သက်ရောက်မှုအလိုက် ထွေးပိုက်ထားရှိနိုင်သည့်တန်ဖိုးက တနင့်တပိုးရှိလှပါ၏။ ကြည့်စမ်း... သမိုင်းဗေဒကို လွှမ်းမိုးချုပ်ကိုင်နိုင်စွမ်းရှိခြင်းတည်းဟူသော မျဉ်းဖြောင့်တစ်ကြောင်းပေါ်တွင် ခိုင်ခိုင်မာမာ ရပ်တည်နေသည့် ဤကျောင်းမြတ်၏ဂုဏ်သိက္ခာသည် ကြီးမြတ်လှပါ၏။ ဆောင်ပုဒ်ကပင် “ အာကာသ… ဝိဇ္ဇာ.. သိဒ္ဓိ” တဲ့ … မြေပြင်ဝေဟင်... အစရှိသည်ဖြင့် ကောင်းကင်နှင့်ပတ်သက်သမျှ ဆိုင်ရာဆိုင်ရာပညာရပ်တို့ကို တတ်မြောက်အောင်မြင်ခြင်းနှင့် စွမ်းဆောင်အားပိုင်ပိုင်ဆောင်ရွက်နိုင်စွမ်းရှိခြင်းတို့ကို ဖော်ညွှန်းခြင်းပင်မဟုတ်ပါလား ..။
အနှစ်သာရပိုင်းအနေဖြင့်ကြည့်လျှင် ဤကျောင်းမြတ်သည် ပျံသန်းရေးဆိုင်ရာ လေသူရဲများဖြစ်သည့် ဂန္ထဝင်မျိုးဆက် သံမဏိငှက်များ နှစ်စဉ်မွေးထုတ်ပေးနေခြင်းပင်တည်း။ ပုံခိုင်းပမာ နှိုင်းစရာပြောရလျှင် လေကြောင်းလွင်ပြင်မှ ထိုးထွက်လာသည့် ဂန္ထဝင်ပန်းခင်း၊ ဤပန်းခင်းသည် “အမြုတေ” ရတနာတို့၏မွေးရပ်မြေ၊ သံမဏိငှက်များ၏ဘူမိနက်သန်မွေးဇာတိ ပညာဆင့်ကူးခြင်းဖြင့် တပ်မတော်(လေ)၏ဂုဏ်ဒြပ်အချွန်အဖျား မြင့်မားခြင်းတို့ ဖြစ်စေခဲ့သည်။ ဤသည်မှာ ပိုင်ဆိုင်ထားနှင့်ပြီးဖြစ်သည့် ကိုယ်ရေးသမိုင်းအရည်အသွေး မှန်ကန်သောသစ္စာတရားပင်ဖြစ်၏။
“သစ္စာဟူငြား.. မှန်တရားလည်း၊ တိမ်းပါးမရှိ မြဲစေဘိလော့၊ တောင်ရှိမပြို၊ မယိမ်းယိုင်နှင့် …” ဟူသောမန်လည်ဆရာတော်ဘုရားကြီး၏ “မဃဒေဝ”လင်္ကာ အဆိုရှိနှင့်ပါသည်။ သစ္စာနှင့်ပတ်သက်၍ “သစ္စာနှုတ်သီး၊ မန္တန်ကြီးက သေပြီးသော်မှရှင်သန်ရ၏” တဲ့။ ထိုထိုသော အဆိုအမိန့် စံပြုစရာများတွင် သစ္စာတရားကြီးမားသော ပြယုဂ်အင်အား၊ စွမ်းရည်တို့သည် ယနေ့ တပ်မတော်(လေ) စစ်လမ်း ရှည်လေသမျှအားမောင်းယှဉ်ပြိုင် ပိုင်ဆိုင်ဖြစ်ထွန်းခဲ့ပြီဟု ဆိုလောက်ပါ၏။ ကြည့်လေ… အရှေ့အာရှစစ်နယ်တစ်ခွင်ဝယ် “ကျားတစ်ကောင်နှယ်” ရပ်တည်နိုင်ခဲ့သလို မြန်မာ့ကာကွယ်ရေး တာဝန်မှာလည်း “ဓားတောင်သဖွယ်”တည်ဆောက်မြင့်မီခဲ့လေပြီ။
မိုးပြာပိုင်နယ်... ကာကွယ်ဓိဋ္ဌာန် … ရွှေတောင်ပံများ ... တံခွန်လွှားပြီ ...
ရွှေတောင်ပံဆိုသည်မှာ မူဝါဒသတ်မှတ်ချက် ဂုဏ်ထူးဆောင်တံဆိပ်ကလေးပါ။ ပိုင်နက်ဝေဟင် စိုးမိုးခွင့်အမှတ်အသား သို့သော် ဥပဓိအနေဖြင့် မသေးလှဟုထင်၏။ တံဆိပ်ဟူသောဝေါဟာရထက်ပင် တန်ဖိုးအနေဖြင့် ကြီးမြင့်မည်ဟု ကျွန်တော်ထင်ပါသည်။ ဆိုလိုသည်မှာ “တန်ဖိုးဟူသည် အလုပ်ကဖန်တီး၏”...တဲ့။ ဒဿနဆန်သော ပညာရှိစကားနှင့်ချိန်ထိုးမိသည်။ ကြည့်လေ … ၊ အနှစ်သာရပိုင်းအရ သင်ကြားတတ်မြောက်ကျွမ်းကျင်ရန်ပင် အသက်နှင့်ထပ်စွန့်စားရခြင်း၊ မြန်မာ့ဝေဟင်ကို စိုးမိုးပိုင်နိုင်စွမ်းရှိခြင်း။ ကာကွယ်ရေးဦးစီးချုပ်(လေ) ကိုယ်တိုင် တပ်ဆင်ချီးမြှင့်အပ်နှင်းခြင်း … စသည့် စသည့် ဂုဏ်ဒြပ်များဖြင့်ပုံအပ်နိုင်စွမ်းရှိခြင်းကပင်လျှင် သူရဲကောင်းတို့၏ အသွေးအသားကိန်းဝပ်မှုဖြင့် ထုဆစ်ပုံဖော်မှု ဖြစ်ကောင်းဖြစ်ပါလိမ့်မည်။ တကယ်တော့ ကောင်းကင်ပြာသည်သာလျှင် “လေသူရဲကောင်း”တို့၏မှတ်ကျောက်ပင်။
အရွယ်အစားမှာ ကိုးစင်တီမီတာခန့်၊ အနက်ရောင်နောက်ခံတွင် ပိုးသားရွှေချည်ထို ဝင်းလက်တောင်ပံတစ်စုံဖြစ်ပြီး တောင်ပံဆက် စက်ဝန်းတွင်း “လေ”ဆိုသည့်
ရွှေစာလုံးအထက်တွင် ရွှေကြယ်တစ်ပွင့်ချိတ်ဆက်ထားပါသည်။ ယင်းတံဆိပ်လေးကို ဘယ်ဘက်ရင်အုံ၌ တပ်ဆင်ခွင့်ပြုခြင်းမှာလည်း ထူးခြားမှုပင်။ ဆိုလိုသည်မှာ နှလုံးသားပေါ် ခတ်နှိပ်ပေးလိုက်သည့် စွမ်းဆောင်မှုအမှတ်အသား၊ ထိုမှတစ်ဆင့် စိမ့်ထွက်လာသည့် နှလုံးသားသံစဉ်လေးမှာ “ဆရာ” တဲ့၊ သမုဒယနွယ်သော်လည်းဂါရဝနိမ့်မြင့် မှန်၏။ လေသူရဲအရာရှိများလောကတွင် ထာဝရခိုင်စွဲနေမည့် ချစ်ကြည်မှုရပ်ဝန်းလေးပင် ဖြစ်စေသည်မဟုတ်လား။
အတွေးများပျံဝဲလှည့်နေသောကျွန်တော် ရုတ်တရက်မွှေးမြသည့်ရနံ့များခံစားလာရမှုကြောင့် အသိမှာ စိမ်းစိုလာပြန်ပါသည်။ “တမာ” ရနံ့အပြင် ပန်းပေါင်းစုံ ထုံဝတ်လွှာ ဖြန့်ခင်းစီးဆင်းလာမှုဖြစ်၏။ ဤအရုဏ်ဦးကိုကြိုဆိုနေသည့် ပန်းကလေးများပေါ့ …။ အမှတ်စဉ်(၈၆) လေသူရဲတောင်ပံ အပ်နှင်းပွဲလေ။ ကောင်းကင်ပြာဝယ်...အဆုပ်လိုက်...အဆုပ်လိုက် လွင့်မျောနေသည့်တိမ်ဖြူလေးများ၊ ကျေးလက်နောက်ခံ လေယာဉ်ပြေးလမ်းသည်ပင်ကျောင်းဆင်းစစ်ရေးပြအသွင်ဆောင်နေပြီ။အင်္ဂါစဉ်အရအလံကိုင်အဖွဲ့၊ ကျောင်းဆင်းလေသူရဲ မောင်မယ်တပ်ဖွဲ့၊ ဂုဏ်ပြုတပ်ခွဲနှင့် စစ်တီးဝိုင်းတပ်ဖွဲ့တို့၏ လှုပ်ရှားမှုမှာ အားမာန်အပြည့် စစ်ချီတေးနှင့် အသံတီးလုံးတို့မှာ လူ့နှလုံးသားကို စိုးမိုးဆွဲဆောင် နိုင်စွမ်းရှိပေစွ။ လေးနက်သောခံစားမှု၊ သွေးသားတက်ကြွမှုတို့ကြောင့် လက်ရုံးကြောဆိုင် မာတင်းခိုင်ခဲ့လေပြီ။
ကျွန်တော်အလေးပြု ဂုဏ်ယူမိပါသည်။“အတ္တ” နွယ်သည့် လက်မထောင်ဂုဏ်ယူနေခြင်းမျိုး မဟုတ်ပါ။ “ လက်ညှိုးထောင်မြှင့်၊ ဂုဏ်ယူဝင့်သည့် ရဲရင့်ခြင်း”ဆိုသည်မျိုးဖြစ်၏။ တကယ်လည်း လက်ညှိုး၏အမှတ်သညှာမှာ ညွှန်ပြခြင်းလက္ခဏာသဘောဆောင်သည်ဟု သာမန်အနေဖြင့် ထင်စရာ။ သို့ရာတွင် အများထဲမှ တော်သူကိုရွေးထုတ်သည့်အခါ လက်ညှိုးထောင်ခြင်းသင်္ကေတဖြင့် ထွက်လာရသည်။ ဤအချက်ကို ကျွန်တော်လေးစားသည်၊ ဂုဏ်ယူသည်၊ ထူးချွန်ကြသည်ကိုး။ ယခုလည်း ထို့အတူပင်စစ်သားဘဝရခဲလှ၏။ ထိုစစ်သားဘဝတွင် “လေသူရဲစစ်သား” ဘဝကား ပို၍မလွယ်ကူပါ။ သူတို့တာဝန်က မသေးလှ။ မိုးကောင်းကင်ကို သက်သေပြုကာ စွန့်လွှတ်စွန့်စားဆောင်ရွက်ရခြင်းမျိုးပင်၊ တိုင်းပြည်အပေါ်ထားရှိသည့် သူတို့၏ဇာတိမာန်စိတ်သည် လေးစားစရာကောင်းလေစွ။
သမိုင်းရေစီး… သူရဲကောင်းဝိညာဉ်၊ နိုင်ငံရေးယဉ်ကျေးမှုနှင့် နည်းပညာအတွန်းအဖွင့်
သိပ္ပံနှင့်နည်းပညာနယ်ပယ် ဖြန့်ကြက်၊ ဆန့်ထွက်မှုကျယ်ပြောလာသည်နှင်အမျှ သဘာဝကို ပြောင်းလေစေတန်ရာသော အကြောင်းခြင်းရာများ၊ စူးစမ်းရှာဖွေမှု ဆင့်ကာဆင့်ပွား၊ မြင့်ကာ မြင့်မားလာစေသည်။ ထိုအခါ လေကြောင်းပညာရပ်သည် ခွန်အားကြီးတစ်ခုဖြစ်ကြောင်း နိုင်ငံတကာမှ အသိအမှတ်ပြုလာကြပြီဖြစ်၏။ နည်းပညာပိုင်း အတွန်း အဖွင့် အရွေ့မှာလည်း ပဉ္စလက်ဆန်လွန်းလှပါ၏။ သဘာဝရင်းမြစ် ဗဟိုပြုမိုးကောင်းကင်ကို အနိုင်ယူအောင်လံထူရန် အထိပင်ဖြစ်လာနေသည်။လေကြောင်းစွမ်းရည်သည် သိပ္ပံနှင့်နည်းပညာရပ်တို့တွင် အခြေခံသည်ဖြစ်ရာ စက်မှုကွန်ရက် အခင်းအဖြန့်ဖြစ်သည့် တည်ဆောက်၊ ဖန်တီး၊ တီထွင်၊ ဆန်းသစ်၊ပြင်ဆင် စသည့်အပိုင်းကို ကြိုးပမ်းဆောင်ရွက်ရသကဲ့သို့ ပျံသန်းမှုအတတ်ပညာပိုင်းအတွက်လည်း ထူးချွန်ထက်မြက်သည့် လေသူရဲကောင်းများ အဆက်မပြတ် မွေးထုတ်ရေးကိုလည်း ဦးစားပေးဆောင်ရွက်ရပါသည်။ စင်စစ် ယင်းအသိပညာနှင့် အတတ်ပညာပိုင်းတို့သည် လေကြောင်းကဏ္ဍတွင် ဆက်ထုံးဆက်ကြောင်း ကောင်းများပင် ဖြစ်သည်။
သမိုင်းသည် မေ့ပျောက်၍မရသလို ကျန်ခဲ့၊ ချန်ခဲ့၍လည်း မရပေ။ မိမိလုပ်ဆောင်မှုနှင့် ယှဉ်တွဲကာ အတိတ်ကာလအဖြစ် အရိပ်ပမာနောက်ကလိုက်နေမြဲ သမိုင်းရေစီးကားပုံမှန်မရှိ အလှုပ်အခတ် ရုပ်ဒြပ်ထည်လှ၏။ ရေစုန်တွင်ကြမ်းပေမင့်၊ ရေဆန်တွင် ပမ်းသည်လည်းရှိသည်။ ရေစုန်တွင်ချောပေမယ့် ရေဆန်မှာ မောတာတွေလည်းရှိတတ်ပါ၏။ရှိပါ၏။ တပ်မတော်(လေ)သည် စစ်ခရီးကြမ်းကို ဖြတ်သန်းခဲ့သည့်ကာလ (၇၇)နှစ်တာအတွင်း စစ်လက်ရုံး၊ စစ်အားမောင်းတို့ကိုဖြည့်တင်းနိုင်ခဲ့လေပြီ။ အသိပညာနှင့်အတတ်ပညာတို့ မျှညီပေါင်းဖက် ဆက်ချီတက်ရင်း နိုင်ငံတကာနှင့် ယှဉ်တွဲနိုင်ခဲ့ပြီဖြစ်၏။ အထူးသဖြင့် လေသူရဲများ နှစ်စဉ်မွေးထုတ်ပေးနိုင်ခြင်းဖြင့် အကျိုးတရားများလှပေလိမ့်မည်။
တပ်မတော်(လေ)သမိုင်းတွင် စွမ်းရည်ဘွဲ့၊ တံဆိပ်၊ ဂုဏ်ထူးဆောင်လက်မှတ် ချီးမြှင့်ခံခဲ့ရသည့် လေသူရဲဇာနည်များရှိခဲ့ပါသည်။ နိုင်ငံ့အတွက် အသက်ပေးဆောင်ရွက်ခဲ့သည့် သူတို့၏သွေးနှင့် ရေးခဲ့သည့်ရုပ်ပုံလွှာများသည်ပင်လျှင် လေတပ်သားတိုင်း ရင်ထဲတွင်ဘယ်တော့မှမမေ့၊အစဉ် ကိန်းဝပ်နေမြဲ။ တိုင်းပြည်နှင့်လူမျိုးအပေါ် ချစ်သည့်တစ်ခုတည်းသောစိတ်ဓာတ်သည်ပင်လျှင် တုနှိုင်းဖွယ်ရာ မရှိနိုင်သည့် ဂုဏ်ဒြပ်ဖြစ်ခဲ့ပြီ မဟုတ်ပါလား။
ဤနေရာတွင် “တိုက်လေသူရဲ” အမည်ခံ “သံမဏိငှက်များ”ကို သင်ကြားမွေးထုတ်ပေးခဲ့သည့် ဆရာများ၏အပိုင်းကိုလည်း ချန်ထားခဲ့၍မရပေ။ ဆရာသည် တပည့်ဖြစ်သူအတွက် စံပြ၊ ရိုသေဆည်းကပ် ခံရသူဖြစ်၏။ အတတ်လည်းသင်… ပဲ့ပြင်ဆုံးမ … သိပ္ပမချန်…တဲ့။ ဤဆရာများမှာ အတတ်သင်ရာတွင် အသက်ပါရင်းရသည့် ဖြစ်စဉ်များ ရှိနှင့်ခဲ့ဖူးပါသည်။ ဆရာ့ဂုဏ်ရည်တွင် ပီတိကိုစား အားရှိတဲ့။ ငါ့ပခုံးထက် မင်းတို့တက်ကြ၊ မင်းတို့ငါ့ထက်မြင့်ရမည်တဲ့။ ဤသည်မှာ ဘယ်တော့မှ မရိုးနိုင်သည့် ဆရာများ၏ခံယူချက်ပင်တည်း။ လေးစားစိတ်နှင့်အတူ အကြိမ်ကြိမ် ဂါရဝပြု ဦးညွှတ်မိပါသည်။ ယနေ့ကမ္ဘာ့နိုင်ငံအသီးသီးတွင် ငြိမ်းချမ်းရေးပျောက်ဆုံးသကဲ့သို့ ဖြစ်နေခဲ့လေပြီ။ ငြိမ်းချမ်းရေးပျောက်ဆုံးခြင်းမှာ ယဉ်ကျေးမှုကွယ်ပျောက်ခြင်းပင်။ “နိုင်ငံရေးယဉ်ကျေးမှု”တကယ် လိုအပ်နေပြီဖြစ်၏။ ခေတ်သစ်သိပ္ပံနည်းနာနိဿယကို အခြေခံကာ ပဉ္စလက်ဆန်သော အတွန်း အဖွင့်များဖြင့် စိန်ခေါ်မှုများ ကြီးမားလာနေပါ၏။ တကယ်တော့ ယဉ်ကျေးမှုသည် တင်းမာမှုကို ဖြေလျှော့ပျော့ပျောင်းစေသည့်သက်ရောက်မှု အနက်အဓိပ္ပာယ်ပါဝင်နေပါသည်။ နိုင်ငံရေးတွင် ယဉ်ကျေးမှုသဘောတရားပါဝင်လာပြီဆိုသောအခါ ပထမဆုံးကွယ်ပျောက်ရမည်မှာ စစ်မီးတောက်မီးလျှံများ ဖြစ်ပေလိမ့်မည်ဟု ကျွန်တော်ယုံကြည်နေပါသည်။
သို့ရာတွင် တွယ်ဖက်ထား၍မရသည့် ခေတ်သမိုင်းရေစီးဝယ် တပ်မတော်(လေ)အနေဖြင့် မိမိနိုင်ငံ၊ မိမိပိုင်နက်အတွင်းစစ်လက်ရုံး လေကြောင်းစွမ်းရည်မြင့်မီရေး တစိုက်မတ်မတ်ဆောင်ရွက်လာရမည်မှာ “သမိုင်းပေးတာဝန်” ဟုပင် ပြောရပေလိမ့်မည်။ ပညာခေတ်၏စိန်ခေါ်မှုများကို အဆက်မပြတ်ရင်ဆိုင်ရင်း တပ်မတော်(လေ)သည် တောင်ပံဝင့်မြဲ အောင်လံလွှင့်ဆဲဟု ယုံယုံရဲရဲ ပြောခွင့်သာခဲ့လေပြီ။
အနာဂတ်လမ်း… ပန်းများပွင့်နေပြီ
လေယာဉ်မောင်းသင်တန်း အမှတ်စဉ်(၈၆) (ဇန်နဝါရီလ ၁၆ ရက်)ကျောင်းဆင်းသွားခဲ့လေပြီ။ မြန်မာ့ဝေဟင်ပိုင်နက် ကာကွယ်မည့်တာဝန်ကို ထမ်းပိုးရင်းမျိုးဆက်တစ်ဆက်နှင့်တစ်ဆက် လက်ဆင့်ကမ်း အမွေရယူနိုင်ခဲ့ပြီဖြစ်၏။ သူတို့လည်းကျေကျေနပ်နပ် ဝမ်းမြောက်ကြည်နူးကြသလို တွေ့မြင်သူ ကျွန်တော်အပါအဝင် ပရိသတ်ကလည်း ကျေနပ်ဝမ်းမြောက် ဂုဏ်ယူနေမိပါသည်။
သူတို့၏ အနာဂတ်လမ်းသည် ဖြောင့်ဖြောင့်ဖြူးဖြူး။ နိုင်ငံတော်၏အစီအမံကလည်း ထက်ကြပ်မကွာ ပံ့ပံ့ပိုးပိုး။ မျှော်ကြည့်လျှင် မြင်နိုင်သည်က ရနံ့သင်းထုံ ဖူးပွင့်စုံနှင့် လှပသောပန်းကလေးများပွင့်နေပြီ။ နိုင်ငံတော်၏ ရွှေရောင်နေ့ရက်များကိုဖော်ဆောင်မည့် လူချွန်၊ လူမွန်မောင်မယ်လေးများပင်တည်း။
သူတို့သည် ကျယ်ပြောလှသည့် အနာဂတ်ကို ပိုင်ဆိုင်ခြင်းနှင့်အတူ… သံမှိုနှက်… နှလုံးသားတွင် ခံယူချက်အပြည့် အပြည့်နှင့်…။ ကောင်းကင်မှာကြယ်စင်တန်း၊ မြေပြင်မှာတော့ ရောင်စုံပန်း။ဪ… ကိုယ်ပိုင်စွမ်းရည်လေးများဖြင့် သူတို့သည် လောကကို အလှဆင်နိုင်ကြပါလိမ့်မည်ဟု ကျွန်တော်ယုံကြည်နေမိပါသည်။ ။