
ခြေဖျားထောက်ပြီး လမ်းလျှောက်ခြင်း၏အကျိုး
ကျန်းမာရေးအတွက် လေ့ကျင့်ခန်းပြုလုပ်ရာတွင် အသက်အရွယ်အလိုက် သင့်လျော်သည့် လေ့ကျင့်ခန်းမျိုး ပြုလုပ်ရန် လိုအပ်သည်။ ကျန်းမာရေးအတွက် ပြုလုပ်ကြသော လေ့ကျင့်ခန်းအမျိုးမျိုးတွင် သုတေသီတို့၏ အဆိုအရ အပြေးလျှောက်လေ့ကျင့်ခန်းသည် အကောင်းဆုံး၊ စက်ဘီးစီးခြင်းသည် ဒုတိယနှင့် လမ်းလျှောက်ခြင်းသည် တတိယအကောင်းဆုံးဖြစ်သည်ဟု ဆိုသည်။
အပြေးလျှောက်ခြင်းသည် ရိုးရိုးလမ်း လျှောက်ခြင်းထက် ပို၍သက်လုံကောင်း ကာ အမောခံနိုင်သည်ဟုဆိုသည်။ ညနေ ဘက်ပြေးလျှင် ကြွက်သားများပြေလျော့ပြီး စားကောင်းကာ အိပ်ပျော်စေနိုင် သည်ဟု လက်တွေ့ အပြေးလျှောက်လေ့ ကျင့်နေသူတစ်ဦးက ပြောသည်။ အပြေးလျှောက်ခြင်းသည် ဝမ်းချုပ်ခြင်းကိုလည်း သက်သာ ပျောက်ကင်းစေနိုင်သည်။
လမ်းလျှောက်သူများ၊ အပြေးလျှောက် လေ့ကျင့်သူများ တစ်ခါတစ်ရံ အခက်အခဲ တွေ့ရတတ်သည်။ အထူးသဖြင့် တခြား တစ်မြို့တစ်ရွာရောက်သောအခါ ပြေးစရာ၊ လျှောက်စရာ မြေကျယ်ကျယ်မရှိခြင်း၊ မြစ်၊ ချောင်း၊ အင်း၊ အိုင် ပေါများပြီး ရွှံ့ညွန်ထူထပ်သော အရပ်တွင် ရောက်ရှိနေသဖြင့် မိမိနေ့စဉ်ပြုလုပ်နေကျ လေ့ကျင့်ခန်းကို မလုပ်နိုင်ခြင်းတို့ဖြစ်နိုင်သည်။
ထိုအခါမျိုးတွင် ပြုလုပ်နိုင်မည့် ထိရောက်သော လေ့ကျင့်ခန်းတစ်မျိုးကို ရေးသားတင်ပြလိုပါသည်။ မြေနေရာအကျယ်အဝန်းများစွာ မလိုအပ်ဘဲ အခန်းတစ်ခန်း၊ ပြတင်းပေါက်တစ်ပေါက်ရှိနေလျှင် ဤလေ့ကျင့်ခန်းကို လုပ်ဆောင်နိုင်ပါသည်။
ခြေဖျားထောက်လေ့ကျင့်ခန်းလူတို့၏ခြေဖဝါးတွင် ခန္ဓာကိုယ်အတွင်းကလီစာများနှင့် ဆက်နွှယ်နေသော အရေးပါသည့် နှိပ်ကွက်များရှိသည်။ ရိုးရာအကြောပြင်နှိပ်ကွက်များတွင် ပထဝီဓာတ်နှင့်ဆိုင်သော အကြောကြီး နှစ်ချောင်းသည် ခြေဖဝါးအလယ်နှင့် ခြေဖဝါး ဘေးစောင်းတွင်ရှိနေကြသည်။ ခြေဖဝါး အတွင်းခွက်နေသော နေရာ၌ နှိပ်ကြည့်ပါ။ တင်းနေသောအကြောသည် အတွင်း ပထဝီကြောဟုခေါ်သည်။ သက်စောင့် ကြောဖြစ်သည်။ ကြွက်တက်လျှင် ထိုအကြောကိုနှိပ်လျှင် ပြန်ကျပြီးသက်သာ စေနိုင်သည်။ ခြေဖဝါးပထဝီ ကြောစမ်း၍ မရတော့လျှင် သေဆုံးချိန်နီးသော လူနာဖြစ်သည်ဟု ဆိုသည်။
အပြင်ပထဝီကြောသည် ခြေဖဝါးဘေး စောင်းအတွင်းဘက်တွင်ရှိသည်။ နှိပ်လျှင် နာသည်။ အကြောပြေစေရန်၊ အညောင်း အညာသက်သာစေရန် အနှိပ်သည်များက ထိုအကြောကို နှိပ်ပေးလေ့ရှိသည်။ ထိုအပြင်ပထဝီ ကြောသည်လည်း သက်စောင့်ကြောဖြစ်သည်။ အတက်ရောဂါရှိသူများနှင့် ကလေးများ ကိုယ်ပူကြီး၍ အတွင်းတက်တက်လျှင် အပြင်ပထဝီကြောရှိသည့် ခြေဖဝါးစောင်းကို နှိပ်ပေးလျှင် အတက်ကျစေနိုင်သည်။
ခြေဖဝါးပထဝီကြောနှစ်ကြောကို မနှိပ်ဘဲ နှိပ်သကဲ့သို့ ပြေလျော့စေနိုင်သော လေ့ကျင့်ခန်းမှာ ခြေဖဝါး ထောက်ခြင်း သို့မဟုတ် ခြေဖျားထောက်ခြင်းလေ့ကျင့် ခန်းဖြစ်သည်။
မတ်တတ်ရပ်ပြီး ခြေဖျားထိပ်ကလေးများပေါ်တွင် အားပြုကြည့်ပါ။ ခြေသလုံးကြွက်သားများကို အားယူထားရသဖြင့် ကြာကြာမရပ်နိုင်ကြောင်း တွေ့ရမည်ဖြစ်သည်။ ကြာကြာရပ်နိုင်စေရန် ကျင့်သား မရမီ အကူအညီလိုအပ်ပါသည်။ ပြတင်း ပေါက်တစ်ခုတွင် ရပ်ပါ။ တံခါးဘောင် တစ်ဖက်တစ်ချက်တွင် လက်ကိုင်ထား၊ အားပြုထားပြီးမှ မတ်တတ်အနေအထား ဖြင့် ခြေဖျားထောက်ကြည့်ပါ။ ကြာကြာ မရပ်နိုင်လျှင် ခြေဖဝါးပြန်ချပါ။ ထို့နောက် တစ်ကြိမ်ထပ်ပြီး ခြေဖျားထောက်ပြီး ရပ်ပါ။ ခြေချောင်းလေးများပေါ်တွင် ခန္ဓာကိုယ် အလေးချိန်အားလုံး ရောက်ရှိနေကြောင်း စိတ်ကသိအောင် အာရုံပြုထားပြီးရပ်ပါ။ ကြိုးစားပြီးရပ်ပါ။ ပထမပိုင်း မခံနိုင်သော်လည်း နောက်ပိုင်းတွင် ကြာကြာရပ်နိုင်လာပြီး ကြွက်သားများ တင်းရာမှ ပြေလျော့လာ ပါလိမ့်မည်။
ခြေဖျားထောက်ရပ်မည့် နေရာသည် ညီညာဖို့လိုသည်။ ပျော့အိသောနေရာတွင် ရပ်လျှင် မထိရောက်ပါ။ မြေမာ၊ ပြတင်းပေါက်ကြမ်းပြင် သို့မဟုတ် သမံတလင်း စသည့်အောက်ခံမာကျောသော နေရာ၌ ခြေဖျားထောက်ရပ်ခြင်းက အကြောများကို ပို၍ထိရောက်စေနိုင် သည်။
ခြေဖျားထောက်ရပ်ခြင်း၏ အကျိုးကျေးဇူးများ
ခြေဖျားထောက်ရပ်သောအခါ ခြေမ၊ ခြေညှိုး၊ ခြေခလယ်၊ ခြေသူကြွယ်၊ ခြေ သန်းလေးများအောက်ရှိ နှိပ်မှထိတွေ့နိုင်သော အကြောဆုံမှတ်ကလေးများကို ဖိအားသက်ရောက်စေနိုင်သည်။ မိမိခန္ဓာ ကိုယ်အပေါ်ပိုင်းမှ ဖိအားသည် ဆုံမှတ် ကလေးများကို ထိတွေ့သောအခါ ခြေမအောက်အကြောဆုံမှတ်တွင် ဖိမိသော အားသက်ရောက်မှုကြောင့် မျက်စိကို အကျိုးသက်ရောက်စေသည်။ မျက်စိမှန်ဘီလူးအားနည်းခြင်း၊ အတွင်းတိမ်ရောဂါ၊ မျက်လုံးအိမ်တွင်း ရေဖိအားလျော့ခြင်း၊ မျက်ရိုးကိုက်ခြင်း၊ မျက်ရည်အိတ်ပိတ်ခြင်း၊ မျက်စိသွေးကြောများ နီရဲခြင်း၊ ရောင်ခြင်းတို့ကို သက်သာစေနိုင်သည်။
ခြေညှိုးအောက် ဆုံမှတ်အကြောဆုံကို ဖိမိသော သက်ရောက်မှုကြောင့် ကျောက် ကပ်ကိုအားကောင်းစေနိုင်သည်။ ဆီးပူ ဆီးအောင့်ရောဂါ၊ ဆီးနီဆီးပူရောဂါနှင့် အဝေးပြေးကားမောင်းသမားများတွင် တွေ့ရသော ဆီးပူညောင်းကျ ရောဂါစွဲနေ သူတစ်ဦးမှာ ကားရပ်နားချိန်တွင် ခြေဖျားထောက်ရပ်သော လေ့ကျင့်ခန်းကို ၁၅ မိနစ်ခန့် စွဲစွဲမြဲမြဲပြုလုပ်ပေးရုံဖြင့် သက်သာနိုင်ကြောင်း သိရသည်။
အမျိုးသမီးများတွင် ဖြစ်လေ့ရှိသော မီးယပ်အဖြူဆင်းရောဂါကိုလည်း ခြေဖျား ထောက်လေ့ကျင့်ခန်း ပြုလုပ်ပေးခြင်းဖြင့် သက်သာစေနိုင်သည်။
ခြေခလယ်အောက်ရှိ အကြောဆုံမှတ်ကို ကိုယ်ပေါ်မှဝိတ်အားဖြင့် ဖိမိခြင်းကြောင့် ထူးခြားသောအကျိုးမှာ အစာကြေခြင်း၊ အစာအိမ်နာရောဂါနှင့် အူသိမ်အူနာရောဂါများကို သက်သာစေသည့်အပြင် အစာမကြေမှု၏ နောက်ဆက်တွဲဖြစ်သည့် ဝမ်းချုပ်ခြင်း၊ ဝမ်းစေး၊ ဝမ်းမည်း၊ ဝမ်းအကျိအချွဲသွားခြင်းများကိုပါ သက်သာစေသည်။ အလွန်အမင်းစားမိ၍ စားပိုးနင့်သူသည် ထိုင်မနေဘဲ ခေတ္တမျှ လမ်းလျှောက်ပြီးနောက် ခြေဖျားထောက် ရပ်ပြုလုပ်ခြင်းဖြင့် အစာကြေပြီး စားပိုးနင့်ခြင်းကို သက်သာစေနိုင်သည်။ အစာအိမ်အားနည်းသူသည် နံနက်တစ်ကြိမ်၊ ညနေတစ်ကြိမ် ခြေဖျားထောက်ရပ် လေ့ကျင့်ခန်းပြုလုပ်ခြင်းဖြင့် အစာအိမ်ရောဂါဖြစ်ခြင်းမှ ကင်းဝေးစေနိုင်သည်။
ခြေသူကြွယ်အောက်ရှိ အကြောဆုံမှတ်ကို ဖိနှိပ်မိခြင်းကြောင့် သည်းခြေအား ကောင်းစေနိုင်သည်။ အသည်းနှင့်ကပ် လျက်ရှိသော သည်းခြေအိတ်တွင် ကျောက်တည်ခြင်းကို ကာကွယ်ပြီး သည်းခြေရည်ကို ပိုထွက်စေနိုင်သည်။
သည်းခြေရည် ထွက်အားကောင်းလျှင် ဝမ်းမှန်ပြီး လေကိုအောက်သို့ သက်စေနိုင်သည်။ သည်းခြေကျောက်တည် ရောဂါနှင့် သည်းခြေအိတ်ပိတ်သောရောဂါသည် ယခုခေတ်တွင် အဖြစ်များသော ရောဂါဖြစ်သည်။
ခြေသန်းအောက်ရှိ အာရုံကြောအကြောဆုံမှတ်သည် ခြေဖျားထောက်ရပ်သောအခါ ဖိမိမှုအားနည်းပြီး လွတ်နေတတ်သည်။ ခြေဖျားထောက်လျက်နှင့် ခုန်ပေးခြင်းကို ဆယ်ကြိမ်ခန့်ပြုလုပ်ပေးပါ။ ခုန်ပြီး ပြန်အကျတွင် ခြေသန်းအောက် အသားဖြင့်ကျလျှင် ဆုံမှတ်ကိုဖိမိနိုင်သည်။ လျှာ၊အာခေါင်နှင့် သွားအခြေ တစ်ဝိုက်သွားဖုံးတွင် ဖြစ်သော ရောဂါများကို သက်သာစေနိုင်သည်။ သွားခြေပေါ်ပြီး သွားကျဉ်ခြင်း၊ သွေးယိုခြင်းများကိုပါ သက်သာစေနိုင်သည်။
အချုပ်ဆိုရသော် နေ့စဉ်လေ့ကျင့်ခန်း ပြုလုပ်ပြီး ကျန်းမာရေးလိုက်စားသူများအနေဖြင့် အပြေးလျှောက်၊ စက်ဘီးစီး၊ လမ်းလျှောက်ပြုလုပ်ခြင်းများမှ အနားယူချိန်တွင် ၅ မိနစ်ခန့် ခြေဖျားထောက်ရပ်ခြင်းကို ပြုလုပ်ပေးလျှင် မိမိပြုလုပ်သော လေ့ကျင့်ခန်းများကို အထောက်အကူပြုစေနိုင်သည်။ ဤလေ့ကျင့်ခန်းသည် ကြွက်တက်ခြင်းရောဂါ၊ ခြေဖနောင့်အတက်ထွက်ရောဂါများကိုလည်း သက်သာစေနိုင်ကြောင်း အကြံပြု ရေးသားတင်ပြလိုက်ရပါသည်။