
လေ့လာမှတ်သားစရာ စီးပွားရေးဝေါဟာရ (၃)
ငွေတန်ဖိုးမြင့်ခြင်းနှင့်ငွေတန်ဖိုးနိမ့်ခြင်း (Appreciation and Depreciation) နိုင်ငံတကာကုန်သွယ်မှုမှာ ပါဝင်နေကြတဲ့ တိုင်းပြည်တွေအနေနဲ့ သူတို့ရဲ့ငွေကြေးတန်ဖိုးကို အခြားတိုင်းပြည်တစ်ခုရဲ့ ငွေကြေး တန်ဖိုးတွေနဲ့ ဆက်စပ်ပြောစရာတွေ ရှိလာနိုင်ပြီး အဲဒီအခြေအနေတွေကနေ သူတို့ရဲ့ငွေတန်ဖိုး မြင့်တာတွေ နိမ့်တာတွေကြုံတွေ့လာရနိုင်ပါတယ်။ ငွေတန်ဖိုးမြင့်ခြင်း၊ နိမ့်ခြင်းတွေပြောတဲ့အခါ တိုင်းပြည်တစ်ပြည်ရဲ့ ပြည်တွင်းငွေကြေးတန်ဖိုးကို အဲဒီတိုင်းပြည်နဲ့ဆက်စပ်နေတဲ့ အခြားတိုင်းပြည်တစ်ခုရဲ့ ငွေကြေးတန်ဖိုးနဲ့ နှိုင်းယှဉ်ပြီး ပြောလေ့ရှိပါတယ်။ အဲဒီလိုပြောတဲ့အခါမှာ ကမ္ဘာမှာအသုံးများပြီး ငွေမာ (Hard Currency) ဖြစ်နေတတ်တဲ့ ငွေကြေးတစ်ခုနဲ့နှိုင်းယှဉ်စဉ်းစားလေ့ ရှိပါတယ်။ (ဥပမာ- ဒေါ်လာ၊ ယူရိုစတဲ့ငွေကြေးတန်ဖိုး တွေနဲ့ ဖြစ်ပါတယ်။)
ဒီနေရာမှာ ငွေတန်ဖိုးမြင့်ခြင်းဆိုတဲ့အဓိပ္ပာယ်ကတော့ တိုင်းပြည်တစ်ပြည်ရဲ့ ပြည်တွင်းငွေကြေးတန်ဖိုးဟာ အခြားတိုင်းပြည်တစ်ခုရဲ့ ငွေကြေးတန်ဖိုးနဲ့ နှိုင်းယှဉ်လိုက်ရင် တန်ဖိုးတက်လာခြင်းဖြစ်ပြီး ငွေတန်ဖိုးနိမ့်ခြင်းဆို တာကတော့ အခြားတိုင်းပြည်တစ်ခုရဲ့ ငွေကြေးတန်ဖိုးနဲ့ နှိုင်းယှဉ်တဲ့အခါ တန်ဖိုးကျဆင်းနေခြင်းပဲ ဖြစ်ပါတယ်။ ငွေကြေးကို ကုန်စည်လိုသဘောထားပြီး ဈေးကွက်သဘောတရားနဲ့ စဉ်းစားကြည့်လို့ရပါတယ်။ ငွေကြေး ဈေးကွက်ထဲကိုကြည့်ရင် ကုန်စည်ဈေးကွက်လိုပဲ ဝယ်လိုအားနဲ့ရောင်းလိုအားဆိုတာတွေ ရှိလာပါတယ်။ ငွေကြေးနှစ်မျိုးရဲ့ ဝယ်လိုအားနဲ့ရောင်းလိုအား အပြောင်းအလဲတွေပေါ်မှာမူတည်ပြီး ငွေကြေးဈေးနှုန်း သို့မဟုတ် ငွေကြေးလဲလှယ်နှုန်းထား (Exchange Rate)ဟာ အပြောင်းအလဲတွေရှိလာပါတယ်။ ဥပမာ-အမေရိကန်ဒေါ်လာ (USD)နဲ့ သြစတြေးလျဒေါ်လာ (AUD)တို့ကို ဆက်စပ်စဉ်းစားကြည့်ပါ။ အဲဒီငွေကြေးနှစ်မျိုးမှာ AUD ကို ဝယ်လိုအား(လိုချင်တာ)များလာရင် အဲဒီငွေကြေး ဈေးတက်သွားမှာဖြစ်ပြီး ဝယ်လိုအားနည်းခဲ့ရင်တော့ ဈေးကျမှာဖြစ်ပါတယ်။ မူလအခြေအနေတစ်ခုမှာ AUD ၁ ဒေါ်လာလိုချင်ရင် USD ၆၀ ဆင့် (၁ ဒေါ်လာဟာ ၁၀၀ ဆင့်နဲ့ညီမျှပါတယ်)။ ပေးနေရတယ်ဆိုပါစို့။ ညီမျှခြင်းချရေးကြည့်တော့ USD ၆၀ ဆင့်= AUD ၁ ဒေါ်လာဖြစ်လာပါတယ်။ အဲဒီအခြေအနေကနေ AUD ကို အကြောင်းအမျိုးမျိုးနဲ့လိုချင်တာ (ဝယ်လိုအား) များလာခဲ့ရင် AUD ဈေးတက်လာပါလိမ့်မယ်။ ဒါကြောင့် အခြေအနေသစ်အရ ဖြစ်လာနိုင်မယ့် လဲလှယ်နှုန်းကို ညီမျှခြင်းချကြည့်ပြန်တော့ USD ၇၀ ဆင့်= AUD ၁ ဒေါ်လာဖြစ်ပါတယ်။
ဒီအခြေအနေနှစ်ရပ်ကိုကြည့်ပြီး AUD ၁ ဒေါ်လာကို USD ငွေကြေးနဲ့ဝယ်တဲ့နေရာမှာ ပထမ USD ၆၀ ဆင့်သာပေးရပေမယ့် ဝယ်လိုအားများလာတဲ့အခါမှာ USD ၇၀ ဆင့်ဖြစ်သွားတာကိုတွေ့ရပါတယ်။ သြစတြေးလျဒေါ်လာ AUD ၁ ဒေါ်လာတန်ဖိုးဟာ အမေရိကန်ဒေါ်လာ၁၀ ဆင့်ထပ်မံဈေးကြီးသွားတဲ့သဘော ဖြစ်ပါတယ်။ ဒီအခြေအနေဟာ သြစတြေးလျဒေါ်လာ (AUD) တန်ဖိုးမြင့်လာခြင်းဖြစ်ပြီး အမေရိကန် ဒေါ်လာငွေကြေး (USD) တန်ဖိုးကျသွားခြင်းလို့ ပြောနိုင်ပါတယ်။ ငွေတန်ဖိုးမြင့်ခြင်း၊ နိမ့်ခြင်းဆိုတာ ငွေကြေးရဲ့ဈေးနှုန်းနဲ့ဆက်စပ်တယ်ဆိုတာလည်း သိဖို့လိုပါတယ်။ ငွေကြေးတစ်ရပ်ရဲ့ ဈေးနှုန်း(လဲလှယ်တဲ့နှုန်း) ကြီးလာရင် အဲဒီငွေကြေးတန်ဖိုးမြင့်လာပြီး ဈေးနှုန်းနိမ့်လာရင် တန်ဖိုးနိမ့်သွားတယ်လို့ဆိုနိုင်ပါတယ်။
ငွေတန်ဖိုးမြင့်ခြင်း၊ နိမ့်ခြင်းတို့ကြောင့် သိသာထင်ရှားတဲ့ အကျိုးသက်ရောက်မှုတွေကတော့ ကုန်သွယ်မှုကဏ္ဍမှာ တွေ့နိုင်ပါတယ်။ တိုင်းပြည်တစ်ပြည်ရဲ့ ငွေတန်ဖိုး(မြင့်)လာရင် အဲဒီတိုင်းပြည်ရဲ့ ပို့ကုန်တွေ ကမ္ဘာ့ဈေးကွက်ထဲမှာ ဈေးနှုန်းမြင့်တက်လာနိုင်ပြီး ဝယ်သူတွေအတွက် ဈေးနှုန်းကြီးလာလို့ ဝယ်လိုအားလျော့ကျခြင်းကိုလည်း ခံရပါလိမ့်မယ်။ အကျိုးဆက်ကတော့ ပို့ကုန်တင်ပို့ခြင်း လျော့ကျနိုင်ခြင်းကိုပါ ဦးတည်သွားနိုင်တယ်ဆိုတာပါ။ သွင်းကုန်ပစ္စည်းတွေကတော့ ပြည်သူတွေ စားသုံးသူတွေအတွက် ဈေးသက်သာလာနိုင်လို့ သွင်းကုန်ဝယ်လိုအားတွေ တိုးလာပြီး သွင်းကုန်တင်ပို့မှုတိုးလာပါလိမ့်မယ်။ ငွေတန်ဖိုးကျ(နိမ့်)တဲ့ သက်ရောက်မှု ကိုတော့ အထက်ပါ အကျိုးဆက်တွေကို ပြောင်းပြန်ယူပြီးစဉ်းစားနိုင်ပါတယ်။
စတက်ဂ်ဖလေးရှင်း(Stagflation)
စတက်ဂ်ဖလေးရှင်း (Stagflation)ဆိုတာကို မြန်မာလိုအဓိပ္ပာယ်ပြန်ရရင် သဘောပေါက်ရခက်ခဲမှာစိုးလို့ အသံထွက်အတိုင်းပဲခေါ်ရတာ အဆင်ပြေဆုံး ဖြစ်ပါလိမ့်မယ်။ အပြောင်းအလဲမရှိခြင်း။ တုံ့ဆိုင်းခြင်း(Stagnation)နဲ့ ဖောင်းပွခြင်း (Inflation) စာလုံးနှစ်လုံးကို ပေါင်းစပ်ခေါ်ဝေါ်ထားခြင်း ဖြစ်ပါတယ်။ အင်ဖလေးရှင်း (Inflation)တစ်လုံးတည်းကတော့ စီးပွားရေးဘာသာရပ်မှာ ငွေကြေးဖောင်းပွခြင်းလို့ အဓိပ္ပာယ်ရပါတယ်။ ငွေကြေးဖောင်းပွခြင်းဆိုတာ အချိန်တော်တော်ကြာကြာ အထွေထွေဈေးနှုန်းတွေ မြင့်နေတာကို ဆိုလိုတာပါ။ ဒီနေရာမှာ အထွေထွေဈေးနှုန်းဆိုတာ စီးပွားရေး အဆောက်အအုံထဲက များပြားလှတဲ့ကုန်စည်အမယ်မျိုးစုံအားလုံးရဲ့ဈေးနှုန်းတွေကို ပြောခြင်းဖြစ်ပါတယ်။ အမျိုးအစားများလွန်းအားကြီးလို့ လေ့လာမှုတွေလုပ် ကုန်စည်အုပ်စုတွေဖွဲ့ပြီးပြောကြရပါတယ်။ (ဥပမာ-စားသုံးကုန်စည်အုပ်စု၊ လုပ်ငန်းသုံးကုန်စည်အုပ်စု၊ လယ်ယာထွက်ကုန်စည်အုပ်စု၊ ပို့ကုန်အုပ်စုစသည်ဖြင့်)အုပ်စုဖွဲ့လိုက်တဲ့အခါ အရေအတွက်နည်းသွားပြီး သူတို့ရဲ့ဈေးနှုန်းအခြေအနေတွေကို ဆနှုန်းကိန်းသုံးပြီး လေ့လာလို့ရသွားပါတယ်။ ရလာတဲ့ရလဒ်တွေကိုမှ အထွေထွေဈေးနှုန်းအဆင့်လို့ခေါ်ခြင်းဖြစ်ပါတယ်။
သာမန်အားဖြင့် အင်ဖလေးရှင်း(ငွေကြေးဖောင်းပွခြင်း) ဖြစ်တယ်ဆိုတာနဲ့ ဈေးနှုန်းတွေတက်နေပြီဆိုတဲ့ အခြေအနေကို အားလုံးသဘော ပေါက်ကြပါတယ်။ ဈေးနှုန်းတွေကိုမြင့်တက်စေမယ့် အကြောင်းအမျိုးမျိုးရှိတဲ့ အထဲက ဘောဂဗေဒသဘောတရားရှုထောင့်ကနေ အခြေခံကျပြီး လူသိများတဲ့ အကြောင်းနှစ်ရပ်ရှိပါတယ်။ အဲဒါတွေကတော့ ခေတ်သစ်ကိန်း(စ်)ဘောဂဗေဒသမား (Keynesion Economists)တွေထောက်ပြထားတဲ့ ဝယ်လိုအားဆွဲ ငွေကြေးဖောင်းပွမှု (Demand- Pull Inflation)နဲ့ ထုတ်လုပ်မှုစရိတ်တွန်း ငွေကြေးဖောင်းပွမှု (Cost-Push Inflation) ပါပဲ။
ပထမအကြောင်းဖြစ်တဲ့ ဝယ်လိုအားဆွဲ ငွေကြေးဖောင်းပွမှုကတော့ လူတွေဝယ်လိုအားများလွန်းလို့ ဈေးနှုန်းတွေတက်၊ အဲဒီကမှတစ်ဆင့် တစ်နွယ်ငင်တစ်စင်ပါဖြစ်ပြီး အထွေထွေဈေးနှုန်းတွေ မြင့်တက် လာခြင်းပါပဲ။ အကျိုးဆက်ကတော့ ဈေးတွေမြင့်လာလို့ ပိုပြီးထုတ်လုပ်၊ စက်ရုံ၊ အလုပ်ရုံတွေမှာ အလုပ်တွေပိုရ၊ အလုပ်သမားတွေ ဝင်ငွေတိုးလာကြတဲ့ အခြေအနေတွေ ဆက်တိုက်ဖြစ်လာပါတယ်။ ဝင်ငွေတိုးလာကြတဲ့အခါ ဝယ်လိုအားတွေထပ်တက်၊ ဈေးနှုန်းကထပ်မြင့်နဲ့ သံသရာလည်နေသလိုပါပဲ။ ဘာပဲဖြစ်ဖြစ် ဒီလိုဈေးနှုန်းတက်နေတာ ထုတ်လုပ်မှုတွေတိုး၊ အလုပ်အကိုင်အခွင့်အလမ်းများလာလို့ မဆိုးဘူးလို့ဆိုရမှာပါ။ ဒါပေမဲ့ ဈေးနှုန်းတွေကတစ်ချိန်လုံးတက်နေပြီး အလွန်အမင်းကြီးကို မြင့်လာနေရင်တော့ မကောင်းပြန်ပါဘူး။
စရိတ်တွန်း ငွေကြေးဖောင်းပွမှုကတော့ စရိတ်စကတွေကကြီး၊ စရိတ်ထောင်းလို့ ထုတ်ကုန်တွေဈေးမြင့်၊ ဝယ်သူတွေကလည်း များများမဝယ်နိုင်ကြတော့ဘူး။
မဝယ်နိုင်ကြလို့ ဝယ်လိုအားလျော့လာတဲ့အခါ စက်ရုံ၊ အလုပ်ရုံတွေက ထုတ်လုပ်မှုတွေလျှော့ရလို့ အလုပ်သမား တွေကို လစာငွေဖြတ်တောက်တာတွေ၊ အလုပ်သမားလျှော့ချတာတွေပါ တစ်ဆင့်ဖြစ်ပေါ် လာတတ် ပါတယ်။ အဲဒီလို အလုပ်အကိုင်အခွင့်အလမ်းတွေကနည်း ဝင်ငွေလျော့ကျလာတဲ့အခါ ဝယ်လိုအားကို တစ်ဖန်ပြန်ပြီး ထိခိုက်လာလို့ ဒီလိုငွေကြေးဖောင်းပွမှုကတော့ အဆိုးသံသရာလည်သလိုမျိုး ဖြစ်သွားတတ်ပါတယ်။
စတက်ဂ်ဖလေးရှင်းဆိုတာကို စီးပွားရေးဝေါဟာရတွေသုံးပြီး ပြောပြရရင် စုစုပေါင်းပြည်တွင်းထုတ်လုပ်မှု (GDP)တွေကျ၊ အလုပ်လက်မဲ့အခြေအနေတွေ (Unemployment)တွေမြင့်တက်၊ လုပ်ငန်းတွေဝင်ငွေ (Coporate Earnings)တွေကျပြီး ငွေဖောင်းပွမှု (Inflation)က အားရပါးရတက်နေတာလို့ဆိုရပါမယ်။
ဒါကြောင့် ဒီငွေကြေးဖောင်းပွမှုအကြောင်းနှစ်ရပ်ကို နှိုင်းယှဉ်ကြည့်ရင် စရိတ်ကြီးလို့ဖြစ်လာတဲ့ ငွေကြေးဖောင်းပွမှုက ပိုလို့ဆိုးဝါးတယ်ဆိုတာကို သတိပြုနိုင်ပါတယ်။ ကျမ်းရိုးသစ်ကိန်း(စ်) ဘောဂဗေဒသမားတွေကတော့ စတက်ဂ်ဖလေးရှင်းဟာ စရိတ်တွန်းအားကြောင့်ဖြစ်လာတဲ့ ငွေကြေးဖောင်းပွမှု အခြေအနေထဲမှာရှိတယ်လို့ ဆိုပါတယ်။ စတက်ဂ်ဖလေးရှင်းကို ထုတ်လုပ်သူတွေအမြင်နဲ့ အဓိပ္ပာယ်ဖွင့်ရင် ဈေးတွေကောင်းနေပေမယ့် ထုတ်လုပ်မှုတွေ မတိုးနိုင်တာဖြစ်ပြီး ဝယ်သူတွေရဲ့ ရှုထောင့်ကနေကြည့်ရင်တော့ လုပ်ခဈေးနှုန်းတွေ ကောင်းနေပေမယ့် အလုပ်အကိုင်အခွင့်အလမ်းတွေနည်း၊ ဝင်ငွေတွေကမကောင်း၊ ဝယ်လိုအားတွေ မြင့်တက်မှုမရှိတဲ့ အခြေအနေလို့ပြောနိုင်ပါတယ်။ မေခရိုစီးပွားရေးပညာရှင်တွေကတော့ ဈေးနှုန်းတွေမြင့် နေပေမယ့် ထုတ်လုပ်မှုတွေကျဆင်း၊ စီးပွားရေးဖွံ့ဖြိုးမှုကနှေးကွေး၊ အလုပ်လက်မဲ့တွေပေါများလာတဲ့ အခြေအနေ တစ်ရပ်ဖြစ်တဲ့ စတက်ဂ်ဖလေးရှင်းကို ကိုင်တွယ်ရခက်ခဲတဲ့ အခြေအနေတစ်ရပ်လို့ ရှုမြင်လေ့ရှိကြပါတယ်။ ။
စောနိုင်(အသုံးချဘောဂဗေဒ)