ရန်ကုန်တိုင်းဒေသကြီးတွင် ငွေကျပ်သိန်း ၈၆၀၀ ကျော်တန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း)ကီလို ၂၀ နှင့် စိတ်ကြွရူးသွပ်ဆေးပြား ၃ ဒသမ ၆ သိန်းကျော် ဖမ်းဆီးရမိ

ရန်ကုန်တိုင်းဒေသကြီးတွင် ငွေကျပ်သိန်း ၈၆၀၀ ကျော်တန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း)ကီလို ၂၀ နှင့် စိတ်ကြွရူးသွပ်ဆေးပြား ၃ ဒသမ ၆ သိန်းကျော် ဖမ်းဆီးရမိ
 

နေပြည်တော်  ဇန်နဝါရီ  ၂၀

ရန်ကုန်တိုင်းဒေသကြီးတွင် ငွေကျပ်သိန်း ၈၆၀၀ ကျော်တန်ဖိုးရှိ အိုက်စ် (မက်သ် အဖက်တမင်း) ကီလို  ၂၀ နှင့် စိတ်ကြွရူးသွပ်ဆေးပြား ၃ ဒသမ ၆ သိန်းကျော် ဖမ်းဆီးရမိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှသိရသည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည်  ဇန်နဝါရီလ ၁၄ ရက် ညနေ၃ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၊ (၁၆)ရပ်ကွက်၊ မာလာမြိုင် (၆)လမ်းထိပ်တွင် ဦးမောင်မြင့်စိုး(ခ)ခိုင်ကျော်မင်း(ခ)ကိုမင်း၊ ဝင်းဗိုလ်(ခ)ဦးရခိုင်နှင့် ဦးမောင်မိုးညွန့် (ခ)မိုးချေ တို့ ၃ ဦးအား သတင်းအရရှာဖွေရာ ၎င်းတို့သယ်ဆောင်လာသည့် ခရီးဆောင်အိတ် ၂ လုံး အတွင်းမှ အိုက်စ်(မက်သ်အဖက်တမင်း) ကီလို ၂၀ သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်ဖော်ထုတ်ချက်အရ ဇန်နဝါရီလ ၁၆ ရက် နံနက် ၁ နာရီတွင် လှည်းကူးမြို့နယ်၊ ဂွေးတောက်အိုင်ကျေးရွာအုပ်စု၊ ဒေါင်းမြီးကွက်ကျေးရွာတွင် ကိုကိုနိုင်(ခ)စိန်ရွှေအောင်(ခ)ကျော်လင်း(ခ)ဂိုးကြီး နှင့် ဦးကြည်စိုးတို့အား စိတ်ကြွ ရူးသွပ်ဆေးပြား ၃ ဒသမ ၆၆ သိန်းနှင့်အတူ ဆက်လက်ဖမ်းဆီးရမိခဲ့ပြီး ဇန်နဝါရီလ ၁၇ ရက် မွန်းလွဲ ၁၂ နာရီတွင် သိမ်းဆည်းရမိစိတ်ကြွရူးသွပ်ဆေးပြားများပိုင်ရှင် ကျော်ဝင်းနိုင်(ခ)ဖိုးထူးအား   ဇမ္ဗူသီရိမြို့နယ်၊သပြေကုန်းဈေးတွင် ထပ်မံဖမ်းဆီးရမိခဲ့သဖြင့်    စုစုပေါင်းဒေသကာလတန်ဖိုးငွေကျပ်သိန်း ၈၆၆၀ တန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ကီလို ၂၀ နှင့် စိတ်ကြွရူးသွပ်ဆေးပြား  ၃ ဒသမ ၆၆ သိန်း ဖမ်းဆီးရမိခဲ့သည်။

ထို့အတူ ဇန်နဝါရီလ ၁၉ ရက် ညနေ ၃ နာရီခွဲတွင် ပူးပေါင်းအဖွဲ့သည် တာချီလိတ်မြို့နယ်၊ ဝမ်လုံးကျေးရွာအုပ်စု၊ လွယ်စီတုံ (အောက်)ကျေးရွာ၊ ပုံလို့လမ်းမပေါ်တွင် ယဲဆောင်(ခ)လီဂျူး မောင်းနှင်လာသည့် ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၀၀၀၀ သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ ညနေ ၄ နာရီတွင် လွယ်စီတုံ(အောက်)ကျေးရွာ၊ ရွာလယ်လမ်းတွင် လော်လို့(ခ)အားလို့ နှင့် အားချိ တို့အားစိတ်ကြွရူးသွပ်ဆေးပြား ၁၆၀၀ နှင့်အတူဖမ်းဆီးရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ် ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိသည်။