အိန္ဒိယနိုင်ငံအနောက်ပိုင်းရှိ လက်နက်သိုလှောင်ရုံတစ်ခုတွင် ပေါက်ကွဲမှုဖြစ်ပွား ရှစ်ဦးသေဆုံးပြီး ခုနစ်ဦး ဒဏ်ရာရ
နယူးဒေလီ၊ မတော်တဆမှု
အိန္ဒိယနိုင်ငံအနောက်ပိုင်း မဟာရက်ရှထရာပြည်နယ်ရှိ လက်နက်သိုလှောင်ရုံတစ်ခုတွင် ဇန်နဝါရီလ ၂၄ ရက်ကပေါက်ကွဲမှုဖြစ်ပွားရာ အနည်းဆုံး လူရှစ်ဦးသေဆုံးပြီး ခုနစ်ဦးဒဏ်ရာရရှိသွားကြောင်းအာဏာပိုင်အဖွဲ့က ထုတ်ပြန်သည်။
ပေါက်ကွဲမှုသည် ဘန်ဒါရာခရိုင်ရှိ လက်နက်သိုလှောင်ရုံတွင် ဒေသစံတော်ချိန် နံနက် ၁၀ နာရီခွဲခန့်ကဖြစ်ပွားခြင်းဖြစ်ပြီး ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် အခင်းဖြစ်ရာသို့ အာဏာပိုင်များက မီးသတ်တပ်ဖွဲ့ဝင်များအား စေလွှတ်ခဲ့သည်။
ပေါက်ကွဲမှုကြောင့် သိုလှောင်ရုံ၏အမိုးမှာ အလုပ်သမားများအပေါ်ပြိုကျခဲ့ခြင်းဖြစ်ရာ ကယ်ဆယ်ရေးအဖွဲ့က အပျက်အစီးများကြား ပိတ်မိနေသူများအား ရှာဖွေရန်အတွက် မြေတူးစက်ကိုအသုံးပြုလျက်ရှိကြောင်းသိရသည်။
အဆိုပါလက်နက်သိုလှောင်ရုံပေါက်ကွဲမှုကို ၅ ကီလိုမီတာအကွာမှ ကြားခဲ့ရကြောင်းနှင့် ပေါက်ကွဲမှုကြောင့် ထိခိုက်ခဲ့ရသူများကို အကူအညီပေးအပ်နိုင်ရန်အတွက် ကယ်ဆယ်ရေးအဖွဲ့များက ကြိုးပမ်းလျက်ရှိသည်။