တီးတိန်နှင့် မင်းတပ်မြို့နယ်တို့ရှိ ကျေးရွာနှစ်ရွာတွင် လူထုအခြေပြု ခရီးသွား လုပ်ငန်းလုပ်ဆောင်မည်

မင်းတပ်  ဒီဇင်ဘာ  ၂၈

ချင်းပြည်နယ်  တီးတိန်မြို့နယ်  ပိန်းပိကျေးရွာနှင့်  မင်းတပ်မြို့နယ်  ဘောင်ကျေးရွာနှစ်ရွာတို့၌    လူထုအခြေပြု ခရီးသွား လုပ်ငန်းကို COVID-19 ကာလအလွန်တွင် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ချင်းပြည်နယ် ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှုဦးစီး ဌာနမှ သိရသည်။

ပိန်းပိကျေးရွာသည် ပင်လယ်ရေမျက်နှာပြင်အထက်  ၃၅၅၄ ပေတွင်တည်ရှိပြီး ဒေသခံများ၏ ရိုးရာဓလေ့များ၊  ရိုးရာသီချင်း များဖြင့်  ခရီးသွားဧည့်သည်များအကြား ရေပန်းစားသော နေရာတစ်ခုဖြစ်ကာ စစ်ကိုင်းတိုင်း ဒေသကြီး ကလေးမြို့မှ ခိုင်ကမ်း-ပိန်းပိ ကျေးရွာလမ်းကြောင်းအ တိုင်း သွားရောက်နိုင်ကြောင်း၊ အဆိုပါ ကျေးရွာ သည် ချင်းပြည်နယ်တွင် ဒုတိယအမြင့်ဆုံးတောင် ဖြစ်သည့် ကနေဒီတောင်၏ တောင်ခြေတွင် ရှိသောကြောင့် ကျောက်ဂူများနှင့် ကနေဒီတောင်မှ အဆင်းတွင် ရှာလ်လုမ်း ခံတပ်ကိုလည်း ဝင်ရောက် လေ့လာ နိုင်မည်ဖြစ် ကြောင်း သိရသည်။

''ခရီးသွားတွေ  သွားရောက်လည်မယ် ဆိုရင်တော့ လည်လို့ရတဲ့ အနေအထားဖြစ်နေပါပြီ။ တည်းခိုနေထိုင်ဖို့ ကတော့ ကျေးရွာ အိမ်တွေရှိပါတယ်။ ကျေးရွာတွေမှာ ရိုးရာ အစားအသောက်အနေနဲ့   ဆာဗူးသီး၊ တန်ဟိုး၊ မဲဘု၊ အေတွီ၊ ကြက်သားဂျင်းသုပ်၊  ခေါင်ရည်နဲ့ တခြားချင်းရိုးရာအစား အသောက်တွေ   သုံးဆောင်နိုင်ပါမယ်။ COVID-19 ကာလ ဖြစ်နေလို့ တရားဝင် မဖွင့်နိုင်သေးတာပါ''  ဟု   ချင်းပြည်နယ် ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာနမှ ပြည်နယ်တာဝန်ခံ  ဦးအောင်ဖြိုးကပြော သည်။

ဘောင်ကျေးရွာသည်   မင်းတပ်မြို့မှ ၂၅ မိုင်ခန့် အကွာတွင်တည်ရှိပြီး မော်တော်ယာဉ်ဖြင့်   တစ်နာရီခန့် သွား လာရသည့် ခရီးစဉ်ဖြစ်ကြောင်း၊ ဘောင်ကျေးရွာရှိဒေသခံများသည် အသုံးအဆောင်များကို ဝါးဖြင့် ပြုလုပ် အသုံးပြုကြပြီး ချိုးလူမျိုးတို့၏ ရိုးရာ ဝါးဂီတ၊  သစ်သားပတ္တလားတီးခတ်မှုများ ကိုလည်းလေ့လာနိုင်သည့်အပြင် ကြက်ဥ ဗေဒင် တွက်ချက်နည်း၊ ရိုးရာဂျပ်ခုတ် လုပ်ငန်းများ၊ ရိုးရာပါးရဲ ထိုးခြင်းများကို လေ့လာနိုင်ကြောင်း၊ အဆိုပါ ကျေးရွာအခြေ ပြုခရီးစဉ်ဒေသတွင် ဒေသခံများ နှင့်အတူ ရိုးရာအကကို ဝိုင်းဖွဲ့ကာ ပါဝင်ဆင်နွှဲနိုင် ကြောင်း သိရသည်။

ထို့ပြင် ဘောင်ကျေးရွာ တစ်ဝိုက်တွင် ဒေသခံများ ယုံကြည်သော မိမိအပြစ်ကို တစ်ပါးသူထံ မရောက်စေရန်နှင့် မကောင်းမှု မှန်သမျှ ပျောက်ကင်းအောင် ဆေးကြောရသည့် Kut M' shi Li ရေကန်၊ နာရေးကိစ္စ နိမိတ်ပြသည့် အခါကလေးငို သံကြားရသည့် Nau Hta Lung ကျောက်ဂူ၊ လပြည့်လကွယ်တွင်သာဆားထွက်ပြီး တိရစ္ဆာန်များ သောက်သုံးလေ့ရှိသည့် Bawng Sih ဆား ရေတွင်းနှင့်  နတ်ကွန်းသစ်ပင်၊ မျိုးနွယ်စု တစ်ခုချင်းစီ၏ အရိုး ကျောက်ဂူများ၊ နှစ်စဉ် လုံယူးပွဲ ကျင်းပပြီး စိုက်ထူထားသည့်လုံယူး ကျောက်ဖျာများ၊ လပြည့်လ ကွယ် ညများတွင် မောင်းသံများကြားရသည့် Pho Bo Lung ကျောက်ဆောင်၊ သဘာဝ ကျောက်ပန်းပွင့်များနှင့် သဘာဝအတိုင်း ပွင့်သော  လုံ့ခေ ကျောက်ဆောင် တို့ကို သွားရောက် လေ့လာ နိုင်ကြောင်း သိရသည်။

ထယ်လ်ဏ