တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်) ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့ နယ်၊ ချောင်းဝကျေးရွာနှင့် အနီးဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်
နေပြည်တော်၊ ၂၀၂၅ ဖေဖော်ဝါရီလ - ၄ ရက်
တနင်္သာရီကမ်းရိုးတန်းဒေသတစ်လျှောက်မှ ဒေသခံပြည်သူများ ရန်ကုန်တိုင်း ဒေသကြီး၊ ကိုကိုးကျွန်းမြို့နယ်နှင့် ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းမြို့နယ် အနီးပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်ပေးရန် ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများပါဝင်သော နယ်လှည့်အထူးကုဆေးအဖွဲ့များ လိုက်ပါလာသည့် တပ်မတော်ပင်လယ်သွားဆေးရုံ ရေယာဉ် (သံလွင်)သည် ယနေ့နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်၊ ချောင်းဝကျေးရွာသို့ ရောက်ရှိရာ နယ်မြေခံတပ်မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်မိရပ်ဖများ၊ ဆရာ၊ဆရာမများနှင့် ကျောင်းသား၊ကျောင်းသူများက သောင်းသောင်းဖြဖြကြိုဆိုနှုတ်ဆက်ကြသည်။
အဆိုပါနယ်လှည့်ဆေးကုသရေးအဖွဲ့သည် ယနေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်၊ ချောင်းဝကျေးရွာရှိ ကျောင်းသစ်ကျောင်းတိုက်၌ အခြေပြု၍ ချောင်းဝကျေးရွာနှင့် အနီးဝန်းကျင် ကျေးရွာများမှ ဒေသခံပြည်သူ ၅၅၉ ဦးအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် ဆေးကုသမှုဆိုင်ရာရောဂါ ၁၁၄ ဦး၊ ခွဲစိတ်ရောဂါ ၄၄ ဦး၊ သားဖွား/မီးယပ်ရောဂါ ၂၉ ဦး၊ ကလေးရောဂါ ၄၃ ဦး၊ အရိုးရောဂါ ၁၁၅ ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ ၃၄ ဦး၊ မျက်စိရောဂါ ၉၀ ဦးနှင့် သွားနှင့်ခံတွင်းရောဂါ ၉၀ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးသည်။ ၄င်းတို့အနက် အထွေထွေခွဲစိတ်လူနာ ၆ ဦး၊ ဓာတ်မှန်ရိုက် လူနာ ၄၂ ဦး၊ အာထရာဆောင်းဖြင့် စမ်းသပ်စစ်ဆေးလူနာ ၄၇ ဦး၊ ECG စက်ဖြင့် နှလုံးစမ်းသပ်လူနာ ၃၉ ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၆၂ ဦးတို့ကို ရောဂါရှာဖွေစမ်းသပ်ကုသပေးခြင်းများ ဆောင်ရွက် ပေးပြီး ဆေးရုံတက်ရောက်ကုသရန် လိုအပ်သည့်လူနာ ၁၄ ဦးတို့ကို နီးစပ်ရာ တပ်မတော်ဆေးရုံများနှင့် ဆေးတပ်ရင်းများသို့ တက်ရောက်ကုသနိုင်ရေး စီစဉ် ဆောင်ရွက်ပေးသည်။
ထိုသို့ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုများအပေါ် ဒေသခံပြည်သူများ၏ စကားသံများကို ယခုလိုပဲကြားသိခဲ့ရပါတယ်-
နား၊ နှာခေါင်း၊ လည်ချောင်း လာပြတာရှင့်။ အရမ်းလည်း ကျေးဇူးတင်ပါ တယ်။ နောက်ပြီးတော့ ကျွန်မတို့က ခရီးလမ်းက သွားရလာရတာ ဝေးတော့ အခုလိုမျိုး နယ်လှည့်ဆေးကုသင်္ဘောကြီးက လာပြီးတော့ ဆေးလာကုပေးတဲ့ အတွက် အများကြီး အဆင်ပြေပါတယ်။ ဟိုအရင် နှစ်တွေတုန်းကလည်း နယ်လှည့်ဆေးကုသင်္ဘောကြီးက ဆေးလာကုပေးဖူးပါတယ်။ အဲ့တုန်းကကျတော့ မျက်စိလာပြတာပါ။ အဲ့တုန်းက မျက်စိက မျက်စင်းဆေးပေးလိုက်တာနဲ့တင် ပျောက်ကင်းသက်သာ သွားပါတယ်။ အစစအရာရာ အားလုံး အဆင်ပြေတယ် ပေါ့နော်။ ဆရာဝန်တွေက စေတနာလည်း ထားပြီး ကုသပေးပါတယ်။ ငွေကုန်ကြေးကျ ကတော့ အများကြီး သက်သာတာပေါ့ရှင်။ ကျွန်မတို့ အနေနဲ့ ဆိုရင် ပုသိမ်မြို့အထိ သွားရောက်ပြီးတော့ ဆေးခန်းက သွားပြရတာပါ။ အခုလို လာရောက်ကုသပေးတော့ ဆိုင်ကယ်လေးနဲ့ လာလိုက်ရုံပါပဲ။ လမ်းစရိတ်ကလည်း အများကြီး သက်သာပါတယ်။ ဆေးကုသစရိတ် တွေလည်း အများကြီး သက်သာ သွားပါတယ်။ အခုလို လာရောက်ဆေးကုသပေးတဲ့ ဆရာဝန်၊ ဆရာမတွေ၊ နိုင်ငံတော် အကြီးအကဲနှင့် တာဝန်ရှိသူတွေ အားလုံးကို အများကြီး ကျေးဇူးတင်ပါ တယ်ရှင်။
ကျွန်တော် အရိုးအကြောရောဂါဖြစ်လို့ လာပြတာပါ။ လေ့ကျင့်ခန်း လုပ်ဖို့ ပြောပါတယ်။ သောက်ဆေးတွေလည်း ပေးလိုက်ပါတယ်။ ကျွန်တော်က ကျောက်ကပ် အဆင့်(၄) ဖြစ်နေတဲ့ အခါကျတော့ အကိုက်အခဲပျောက်ဆေး သိပ်ပေးလို့ မရဘူးပေါ့နော်။ အဲ့တာကြောင့် လေ့ကျင့်ခန်းတွေကို ပိုပြီးလုပ်ဖို့ ပြောပါတယ်။ ပါရဂူတွေနဲ့ ပြဖို့ဆိုတာက ကျွန်တော်တို့ အနေနဲ့ ပုသိမ်တို့ ရန်ကုန်တို့ကို သွားမှပြလို့ ရမှာဖြစ်တာပေါ့။ ကျွန်တော်က တစ်ယောက်ထဲ သွားပြလို့ကလည်း အဆင်မပြေဘူးလေ။ မိသားစုက လိုက်ပေးမှရတာပါ။ မိသားစုကလည်း လူနည်းတဲ့အခါကျတော့ သွားဖို့တော်တော်လေး အခက်အခဲ ဖြစ်ပါတယ်။ အခုလို ပါရဂူတွေလည်း စုံစုံညီညီလေး ရောက်လာတဲ့အခါ ကျတော့ လိုက်ပြသရတာ အထူးပဲ အဆင်ပြေတာပေါ့။ သမားတော်ကြီးတွေ လာရောက် ပြီး တော့ ကုသပေးတဲ့ အတွက် ကျေးဇူးအထူးတင်ပါတယ် ခင်ဗျာ။ နိုင်ငံတော် အကြီး အကဲတွေကိုလည်း အခုလို ကုသလို့ရအောင် စီစဉ်ဆောင်ရွက်ပေး တဲ့အတွက် အထူးပဲ ကျေးဇူးတင်ရှိပါတယ် လို့ ပြောကြားချင်ပါတယ် ခင်ဗျာ။