သတင်းပေး တိုင်ကြားမှုများကြောင့် တရားမဝင် ကုန်စည်များနှင့်အဆိုပါ ကုန်စည်များ တင်ဆောင်လာသည့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ
နေပြည်တော် ဖေဖော်ဝါရီ ၅
တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် နေပြည်တော်ကောင်စီနယ်မြေ အပါအဝင် တိုင်းဒေသကြီး၊ ပြည်နယ်များတွင် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့များကို ဖွဲ့စည်း၍လည်းကောင်း၊ အကောက်ခွန်ဦးစီးဌာနက ဦးဆောင်သည့် One Stop Service ဌာနဆိုင်ရာ အဖွဲ့များ ဖွဲ့စည်း၍ လည်းကောင်း၊ နယ်စပ်ဝင်ထွက်ဂိတ်များ၊ နယ်စပ်ကုန်သွယ်ရေးရုံးနှင့် စခန်းများ၊ အမြဲတမ်းစစ်ဆေးရေး စခန်းများ၊ ကုန်သွယ်မှုလမ်းကြောင်း တစ်လျှောက်နှင့် ကုန်ပစ္စည်း သိုလှောင်ရုံများ၊ အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းများနှင့် လေဆိပ်များ၊ ကမ်းရိုးတန်းဆိပ်ကမ်းများတွင် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး လုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်လျက်ရှိရာ သတင်း အချက်အလက်ရရှိမှုသည် အလွန်အရေးပါရှိသည်။
တာဝန်သိပြည်သူများ၏ သတင်းပေးတိုင်ကြားမှုများကြောင့် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလအတွင်း သတင်းရရှိမှု (၆၃)ကြိမ်ရရှိခဲ့ပြီး သတင်းမှား (၈)ကြိမ်၊ နောက်ကျသတင်း (၁)ကြိမ်နှင့် ဖမ်းဆီးရမိမှု (၅၄)ကြိမ်ဖြစ်သည်။
သတင်းရရှိမှုကြောင့် ဖမ်းဆီးရမိ အမှုတွဲ(၈၁)မှု ဖွင့်လှစ်ထားပြီး ဖမ်းဆီးရမိမှုများတွင် သစ်မျိုးစုံ၊ လုပ်ငန်းသုံးပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများနှင့် စားသောက်ကုန်ပစ္စည်းများ ဖြစ်သော ကုန်ပစ္စည်း (၅၅)မျိုး အပါအဝင် ခန့်မှန်းတန်ဖိုးကျပ် (၉၂၄ ဒသမ ၀၆၉)သန်းနှင့် တရားမဝင်ကုန်စည်များ တင်ဆောင်လာသည့် မော်တော်ယာဉ်များ အပါအဝင် လိုင်စင်မဲ့မော်တော်ယာဉ်များနှင့် လိုင်စင်မဲ့မော်တော်ဆိုင်ကယ်များ ဖမ်းဆီးရမိခဲ့သည်။
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလအတွင်း သတင်းပေးတိုင်ကြားခဲ့သည့် တာဝန်သိပြည်သူများ ကိုလည်း ဖမ်းဆီးရမိမှုတန်ဖိုးကျပ်(၉၂၄ ဒသမ ၀၆၉)သန်း၏ ၂၀ ရာခိုင်နှုန်း ဖြစ်သော ကျပ်(၁၈၄ ဒသမ ၈၁၃)သန်းကို သတင်းပေး ဆုကြေးငွေအဖြစ် ချီးမြှင့်ပေးသွားမည်ဖြစ်ပြီး သက်ဆိုင်ရာဌာနများမှ မြန်မြန်ဆန်ဆန် ဆုချီးမြှင့်နိုင်ရေး ဆောင်ရွက်ပေးလျက်ရှိသည်။
ထို့ကြောင့် တာဝန်သိပြည်သူများအနေဖြင့် တရားမဝင် ကုန်သွယ်မှုသတင်းများနှင့် ပတ်သက်၍ လက်ကိုင်ဖုန်း - ၀၉-၄၀၄၃၃၉၉၆၉၊ အော်တိုတယ်လီဖုန်းနံပါတ်-၀၆၇-၄၀၉၈၈၃နှင့် အီးမေးလ် antiillegaltradeinfo@gmail.com သို့ သတင်းပေးပို့ တိုင်ကြားနိုင်ကြောင်း သတင်းရရှိသည်။