မြန်မာ့လက်ရွေးစင် အမျိုးသားဖူဆယ် အသင်းအတွက် နည်းပြသစ်ခန့်အပ်
ရန်ကုန် ဖေဖော်ဝါရီ ၆
မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်သည် မြန်မာ့လက်ရွေးစင် အမျိုးသားဖူဆယ် အသင်းအတွက် ထိုင်းနိုင်ငံသား ပတ္တယားပီခွန်ကို နည်းပြချုပ်အဖြစ် ခန့်အပ်ခဲ့သည်။
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် ယခင်နည်းပြဟောင်းဖြစ်သူ ထိုင်းနိုင်ငံသား ဘန်လက်ချာယိုဝန်နှင့် လမ်းခွဲအပြီး ရက်ပိုင်းအကြာမှာပင် ထိုင်းနိုင်ငံသားဖြစ်သူ ပတ္တယားပီခွန်ကို နည်းပြသစ်အဖြစ် ခန့်အပ်ခဲ့ခြင်းဖြစ်သည်။ ထိုင်းလက်ရွေးစင်ဖူဆယ် ကစားသမားဟောင်းဖြစ်သလို အရှေ့တောင်အာရှ ထိပ်သီးဖူဆယ်လက်ရွေးစင်အသင်းများကို ကိုင်တွယ်ခဲ့ဖူးသည့် ပတ္တယားပီခွန်ကို မြန်မာ့လက်ရွေးစင် အမျိုးသားဖူဆယ် အသင်းအတွက် ခန့်အပ်နိုင်ခဲ့ခြင်းဖြစ်သည်။
အသက် ၅၆ နှစ်ရှိ ပတ္တယားပီခွန်သည် AFC Futsal Level-3 နည်းပြလိုင်စင်ရရှိထားသူဖြစ်ပြီး ထိုင်း၊ ဗီယက်နမ်၊ စင်ကာပူ ဖူဆယ်လက်ရွေးစင်အသင်းများနှင့် ထိုင်းဖူဆယ်ကလပ် အသင်းများကို ကိုင်တွယ်ခဲ့သူဖြစ်သည်။
မြန်မာ့လက်ရွေးစင် အမျိုးသားဖူဆယ် အသင်းသည် ယခုနှစ်အတွင်း အာဆီယံဖူဆယ် ချန်ပီယံရှစ်ပြိုင်ပွဲ၊ အာရှဖလားဖူဆယ်ခြေစစ်ပွဲနှင့် (၃၃)ကြိမ်မြောက် ထိုင်းဆီးဂိမ်းပြိုင်ပွဲ ယှဉ်ပြိုင်ရမည်ဖြစ်ပြီး နည်းပြသစ် ပတ္တယားပီခွန်အနေဖြင့် ရလဒ်ကောင်းရရှိအောင် စွမ်းဆောင်ပေးရမည်ဖြစ်သည်။