ချမ်းအေးသာစံမြို့နယ်၊ အောင်မြေသာစံမြို့နယ်နှင့် ငဖဲမြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
နေပြည်တော် ဖေဖော်ဝါရီ ၇
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် ဖေဖော်ဝါရီလ ၄ ရက် ည ၉ နာရီတွင် ချမ်းအေးသာစံမြို့နယ်၊ ရန်မျိုးလုံရပ်ကွက်၊ ၇၁ လမ်းတွင် တူးမိုင်မောင်းနှင်လာသည့် ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ပြောင်းဆေးဝါး Happy Water သုည ဒသမ ၀၂ ကီလို သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးချက်အရ ည ၁၁ နာရီတွင် အောင်မြေသာစံမြို့နယ်၊ ပုလဲငွေရောင်ရပ်ကွက်ရှိ ၎င်း၏နေအိမ်ကို ဆက်လက်ရှာဖွေရာ စိတ်ပြောင်းဆေးဝါးများဖြစ်သည့် ကက်တမင်း ၂ ဒသမ ၅ ကီလို၊ Happy Water ၁ ဒသမ ၂၆ ကီလို၊ အက်တက်စီဆေးပြား ၄၅၀ ပြား၊ Happy Water အရည် သုည ဒသမ ၀၁၈ လီတာ ထပ်မံသိမ်းဆည်းရမိခဲ့ကြောင်း။
ထို့ပြင် ပူးပေါင်းအဖွဲ့သည် ဖေဖော်ဝါရီလ ၆ ရက် နံနက် ၁၁ နာရီခွဲတွင် ငဖဲမြို့နယ်၊ ပဒါန်းကျေးရွာအုပ်စု၊ ပဒါန်းကျေးရွာအနီးရှိ ဦးချောက်၏နေအိမ်တဲကို ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၄၂၀၀ နှင့် ဘိန်းစိမ်း သုည ဒသမ ၀၃ ကီလို သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။