“ မိုးကြိုနှမ်းသီးနှံ စိုက်ပျိုးထုတ်လုပ်မှု တိုးမြှင့်ရေးကြိုးပမ်း ဆောင်ရွက်မှုများ” ခေါင်းစဉ်ဖြင့် (၆၂)ကြိမ်မြောက် တောင်သူနည်းပညာ ဆွေးနွေးပွဲသို့ ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ် တက်ရောက်
နေပြည်တော် ဖေဖော်ဝါရီ ၈
(၆၂)ကြိမ်မြောက် တောင်သူနည်းပညာ ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဇေယျာသီရိမြို့နယ်ရှိ စိုက်ပျိုးရေး သုတေသနဦးစီးဌာန နဝရတ်ခန်းမ၌ ကျင်းပသည်။
ဆွေးနွေးပွဲသို့ စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ သုတေသီများနှင့် လယ်ဝေးမြို့နယ်မှ တောင်သူများ တက်ရောက်ကြပြီး တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးမှ စိုက်ပျိုးရေးပညာရှင် ၂၅၀ ဦးနှင့် တောင်သူဦးရေ ၃၀၀ တို့က အွန်လိုင်းစနစ်ဖြင့် ( Zoom Point ၁၀၀)မှ ပါဝင်တက်ရောက် ဆွေးနွေးကြသည်။
ဆွေးနွေးပွဲတွင် ဒုတိယဝန်ကြီးက စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ပြောင်းလဲလာသည့် ရာသီဥတု အခြေအနေများနှင့် မမျှော်မှန်းနိုင်သည့် စိန်ခေါ်မှုများကို ရင်ဆိုင်နိုင်ရေးအတွက် သင့်လျော်သည့် စိုက်နည်းစနစ်များအသုံးပြု စိုက်ပျိုးနိုင်ရေးသည် အရေးကြီးကြောင်း၊ ဥပမာအနေဖြင့် ရေကြီးခြင်း၊ ရေလိုအပ်ခြင်း တို့အား ချိန်ညှိနိုင်ရန်အတွက် ပေါင်ကြီးတင်စနစ် အသုံးပြုစိုက်ပျိုးရန် တွန်းအားပေး ဆောင်ရွက်လျက်ရှိသကဲ့သို့ နေပြည်တော်ကောင်စီနယ်မြေအတွင်း ရေကြီးနစ်မြုပ်ခဲ့သည့် လယ်ကွက်များတွင် ထယ်ရေးမဲ့ စိုက်ပျိုးသည့်စနစ်အား သုတေသနပြု သရုပ်ပြ စိုက်ပျိုးပြသထားရာ မျက်မြင် အဖြေအရ ပဲယဉ်း၊ ပြောင်း၊ နေကြာ၊ ပဲပိစပ် သီးနှံများ အောင်မြင်ဖြစ်ထွန်းပြီး ပဲယဉ်းသီးနှံက အောင်မြင်မှုအများဆုံး တွေ့ရှိရကြောင်း ပြောကြားသည်။
ထို့နောက် မကွေးတိုင်းဒေသကြီး ဒုတိယတိုင်းဦးစီးမှူး ဦးငွေဆန်းက မကွေးတိုင်းဒေသကြီး၏ ဆီထွက်သီးနှံစိုက်ပျိုးထုတ်လုပ်မှု အခြေအနေနှင့် မိုးကြိုနှမ်း(နွေနှမ်း) သီးနှံ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး ကြိုးပမ်းဆောင်ရွက်မှုများကို တင်ပြဆွေးနွေးသည်။
ဆက်လက်၍ ဆွေးနွေးပွဲ တက်ရောက်လာကြသူများ၏ မေးမြန်းချက်များအပေါ် ဒုတိယဝန်ကြီးက သီးနှံရိတ်သိမ်းချိန် အလေအလွင့်နည်းအောင် ရိတ်သိမ်းကြရန် နှင့် သီးနှံများရောင်းချရာတွင် စုပေါင်းရောင်းချသည့် အလေ့အကျင့်ကို ကျင့်သုံးကြရန် ဖြည့်စွက် ဆွေးနွေးခဲ့ကြောင်း သိရသည်။