အားကစားနှင့် ကာယပညာသိပ္ပံ (တောင်ကြီး)ရှိ အားကစားကွင်း/ရုံများနှင့် အားကစား လေ့ကျင့်နေမှုများ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် ကြည့်ရှုစစ်ဆေး
တောင်ကြီး ဖေဖော်ဝါရီ ၈
အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ပြည်ထောင်စုဝန်ကြီးရုံး ညွှန်ကြားရေးမှူးချုပ် ဦးမျိုးကျော်သူ၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့မွန်းလွဲပိုင်းက အားကစားနှင့် ကာယပညာသိပ္ပံ (တောင်ကြီး)သို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ထိုသို့စစ်ဆေးစဉ် သင်တန်းသား၊သင်တန်းသူများ စားသောက်ရန် ချက်ပြုတ် ပြင်ဆင်မှု၊ စတိုခန်းအတွင်းပစ္စည်းများ သိုလှောင်ထိန်းသိမ်းမှု၊ နေ့စဉ် Menu ဇယားရေးဆွဲ ၍ ချက်ပြုတ်ကျွေးမွေးမှု အခြေအနေများကိုကြည့်ရှု စစ်ဆေးပြီး သတ်မှတ်ထားသောနှုန်းထားအတိုင်း ပြည့်ဝစွာချက်ပြုတ် ကျွေးမွေးရန်၊ ကျန်းမာရေးနှင့်ညီညွတ်စွာ ချက်ပြုတ်ကျွေးမွေးခြင်း ရှိ/မရှိအား တာဝန်ခံ ဆရာဝန်နှင့် တာဝန်ရှိသူများက နေ့စဉ်အလှည့်ကျစစ်ဆေး၍ နေ့စဉ်စစ်ဆေးချက် မှတ်တမ်းထားရှိ ဆောင်ရွက်ရန်မှာကြားပြီး သင်တန်းသား၊ သင်တန်းသူများနှင့် နေ့လယ်စာအတူ စားသုံးသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ကျောင်းအုပ်ချုပ်မှုရုံး အစည်းအဝေးခန်းမ၌ ကျောင်းအုပ်ကြီးနှင့် အားကစားနည်းအလိုက် တာဝန်ခံများအား တွေ့ဆုံအမှာ စကားပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် တိုက်ကွမ်ဒိုအားကစားရုံ၌ တိုက်ကွမ်ဒို အားကစားနည်းနှင့် ဂျူဒိုအားကစားနည်း လေ့ကျင့်နေမှု၊ မီတာ ၄၀၀ ပြေးလမ်းပါ ဘောလုံးကွင်းအတွင်း အမျိုးသား၊ အမျိုးသမီး ဘောလုံးအားကစားသမားများနှင့် ပြေးခုန်ပစ် အားကစားသမားများ လေ့ကျင့်နေမှု၊ လက်ဝှေ့အားကစားရုံ၌ လက်ဝှေ့ အားကစားသမားများ လေ့ကျင့်နေမှု၊ လေ့ကျင့်ရေးရေကူးကန်၌ ရေကူးအားကစားသမားများ လေ့ကျင့်နေမှုတို့အား ကြည့်ရှုစစ်ဆေးစဉ် အားကစားနှင့်ကာယပညာသိပ္ပံ ကျောင်းများအလိုက်ပြိုင်ပွဲများ ကျင်းပရန်ရှိသဖြင့် အားကစားနည်းအလိုက် စံချိန် ကောင်းများရရှိအောင် လေ့ကျင့်ရန်နှင့် ကျောင်းအုပ်ကြီးအပါအဝင် တာဝန်ရှိသူများအားလုံး အားကစားနည်းများအလိုက် အခြေခံသဘောတရား၊ ဥပဒေသများကို ကိုယ်တိုင်သိရှိ နားလည်၍ စံပြနေထိုင်လုပ်ကိုင်ကြရန် မှာကြားခဲ့ကြောင်းနှင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် အားကစားနှင့် ကာယပညာသိပ္ပံ(တောင်ကြီး)၌ အားကစားနည်းခုနစ်နည်း၊ သင်တန်းသား၊ သင်တန်းသူ ၁၅၉ ဦး တက်ရောက် သင်ကြားလျက်ရှိကြောင်း သိရသည်။