(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သာကေတမြို့နယ်၌ အလင်္ကာစာကြည့်တိုက် ဖွင့်လှစ်
ရန်ကုန် ဖေဖော်ဝါရီ ၈
(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် နိုင်ငံတော်မတည်ငွေ၊ မြန်မာနိုင်ငံစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှု ကော်မတီနှင့် အလှူရှင်များ၏ လှူဒါန်းငွေများဖြင့် အသစ်တည်ဆောက်ပြီးစီးသည့် အလင်္ကာစာကြည့်တိုက် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့က ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ်ရှိ အဆိုပါစာကြည့်တိုက်၌ ကျင်းပသည်။
ရှေးဦးစွာ စာကြည့်တိုက်ဖွင့်ပွဲ အခမ်းအနားအား ရန်ကုန်တိုင်းဒေသကြီး စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီ ဥက္ကဋ္ဌ လူမှုရေးရာဝန်ကြီး ဦးဌေးအောင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဥမ္မာချို၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်လွင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူနှင့် ၇/အရှေ့ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးရန်နောင်ဌေးတို့က ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် တာဝန်ရှိသူများသည် စာကြည့်တိုက်အတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးပြီး ကျောင်းသား၊ ကျောင်းသူများ၏ စာပေဖတ်ရှု လေ့လာနေမှုကိုကြည့်ရှုအားပေး၍ ဖွင့်ပွဲအခမ်းအနားတွင် ပါဝင်ဆောင်ရွက် ပေးသော အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း ဘင်ခရာအဖွဲ့နှင့် ပန်းဖွားအဖွဲ့တို့အား ဂုဏ်ပြုချီးမြှင့်ငွေများ ချီးမြှင့်သည်။
၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က အမှာစကား ပြောကြားပြီး စာကြည့်တိုက်အတွက် သုတ/ရသစာအုပ်များအား လှူဒါန်းရာ အလင်္ကာစာကြည့်တိုက်မှူးက လက်ခံရယူသည်။ ဆက်လက်၍ အလှူရှင်များက စာကြည့်တိုက်အတွက် အလှူငွေနှင့် သုတ/ရသစာအုပ်များ လှူဒါန်းရာ တာဝန်ရှိသူများကလည်းကောင်း၊ စာကြည့်တိုက်ဆိုင်ရာ အချက်အလက်များအား စာကြည့်တိုက်ကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌက ပေးအပ်ရာ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးကလည်းကောင်း လက်ခံရယူကြသည်။
ယင်းနောက် မြို့နယ်စာကြည့်တိုက်များ ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဒေါက်တာ သန်းထိုက်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က အခမ်းအနားတက်ရောက် လာကြသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံ နှုတ်ဆက်၍ စာကြည့်တိုက်ရေရှည် ရှင်သန်ဖွံ့ဖြိုး တိုးတက်စေရေး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးရန်မှာကြားကြောင်းနှင့် အလင်္ကာစာကြည့်တိုက်သည် ၇/အရှေ့ရပ်ကွက် သဇင်နီလမ်းတွင် တည်ရှိပြီး အလျားပေ ၂၀၊ အနံပေ ၃၀ အကျယ်အဝန်းရှိ Steel Structure အုပ်ညှပ်တစ်ထပ် အဆောက်အအုံ အမျိုးအစားဖြစ်ကြောင်း သိရသည်။