ပနားမားနှင့် တရုတ်နိုင်ငံတို့ကြား ဆက်ဆံရေးလျော့ပါးစေရန် အမေရိကန်၏ ကြိုးပမ်းမှုအပေါ် ကန့်ကွက်ဟု တရုတ်ပြော

 

ပနားမားနှင့် တရုတ်နိုင်ငံတို့ကြား ဆက်ဆံရေးလျော့ပါးစေရန် အမေရိကန်၏ ကြိုးပမ်းမှုအပေါ် ကန့်ကွက်ဟု တရုတ်ပြော

 

     ဖိအားပေးခြင်း၊ ခြိမ်းခြောက်ခြင်းများပြုလုပ်ခြင်းဖြင့် ပနားမားနှင့် တရုတ်နိုင်ငံတို့ကြား    ဆက်ဆံရေးလျော့ပါးစေရန် အမေရိကန်၏ ကြိုးပမ်းမှုအပေါ် တရုတ်နိုင်ငံက အခိုင်အမာ ကန့်ကွက်ကြောင်း တရုတ်လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကျောင်ကျီယွမ်က ပြောသည်။

တရုတ်နှင့် ပနားမားနိုင်ငံတို့၏ ဆက်ဆံရေးသည်  အခြားမည်သည့်နိုင်ငံကိုမျှ ပစ်မှတ်ထားခြင်းမရှိသောကြောင့် နှစ်နိုင်ငံကြား ဆက်ဆံရေးကို    မည်သည့်နိုင်ငံကမျှ ပျက်ပြားအောင် မလုပ်ဆောင်သင့်ကြောင်းနှင့် တရုတ်-ပနားမား နှစ်နိုင်ငံဆက်ဆံရေးကို မှန်ကန်သော လမ်းကြောင်းပေါ်၌ ဆက်လက်ထားရှိခြင်းသည် နှစ်နိုင်ငံပြည်သူများ၏ ရေရှည်အကျိုးစီးပွားအတွက်ဖြစ်ကြောင်း ကျောင်က  တရုတ်နိုင်ငံဆိုင်ရာ ပနားမားသံအမတ် မီဂူးလီကာနိုနှင့် ဖေဖော်ဝါရီလ ၈ ရက်က တွေ့ဆုံစဉ်ပြောကြားခြင်းဖြစ်သည်။

ပနားမားနိုင်ငံသည် တရုတ်နိုင်ငံ၏ ရပ်ဝန်းနှင့်ပိုးလမ်းမ စီမံကိန်း (Belt and Road Initiative-BRI) မှတရားဝင်နုတ်ထွက်ကြောင်း  ပနားမားသမ္မတ ဟိုဆေးရာအူးမူလီနိုက ဖေဖော်ဝါရီလ ၇   ရက်တွင် ပြောကြားခဲ့သည်။ ထို့ပြင် BRI စီမံကိန်းမှ ပနားမား နုတ်ထွက်ရခြင်းသည် နိုင်ငံအတွင်းသို့ အလည်အပတ်ရောက်ရှိနေသည့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မားကို့ရူဘီယို၏ ခရီးစဉ်နှင့် သက်ဆိုင်မှုမရှိဟု  ၎င်း ကြင်းဆိုထားကြောင်း  သိရသည်။

အမေရိကန်ပြည်ထောင်စုသည် ပနားမားတူးမြောင်းကို ပနားမားနိုင်ငံသို့ လွှဲပြောင်းပေးခဲ့သော်လည်း   ယင်းတူးမြောင်းကို   တရုတ်နိုင်ငံက လည်ပတ်လျက်ရှိသောကြောင့် အဆိုပါ တူးမြောင်းအား အမေရိကန်၏ ထိန်းချုပ်မှုအောက် ပြန်လည်ရောက်ရှိစေရန် အလိုရှိသည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဇန်နဝါရီလ  ၂၀   ရက်တွင် ပြောကြားခဲ့သည်။

အမေရိကန်အစိုးရ၏ အဆိုပါပြောဆိုစွပ်စွဲချက်နှင့် ပနားမားတူးမြောင်းကို အမေရိကန်က ပိုင်ဆိုင်သင့်သည် ဟူသော ထရမ့်၏ပြောဆိုမှုကို ပနားမားသမ္မတက  ငြင်းဆိုခဲ့ကြောင်း သိရသည်။