လျှပ်စစ်ဓာတ်အားခွဲစက်ရုံအတွင်းသို့ မျောက်တစ်ကောင် ဝင်ရောက်လာမှုကြောင့် သီရိလင်္ကာနိုင်ငံ တစ်ဝန်းတွင် လျှပ်စစ်ဓာတ်အား ပြတ်တောက်
ကိုလံဘို၊ ပြည်တွင်းရေး
သီရိလင်္ကာနိုင်ငံတွင် ဖေဖော်ဝါရီလ ၉ ရက်က လျှပ်စစ်ဓာတ်အားခွဲ စက်ရုံတစ်ခုအတွင်းသို့ မျောက်တစ်ကောင် ကျုးကျော်ဝင်ရောက်လာမှုကြောင့် နိုင်ငံတစ်ဝန်းတွင် လျှပ်စစ်မီးများပြတ်တောက် သွားခဲ့ရကြောင်း အစိုးရအဖွဲ့မှ တာဝန်ရှိသူများကပြောသည်။
အဆိုပါမျောက်သည် မြို့တော်ကိုလံဘိုတောင်ပိုင်း ဆင်ခြေဖုံးဒေသရှိ စက်ရုံအတွင်းသို့ဝင်ရောက်လာပြီးနောက် ဓာတ်အားပေးကွန်ရက်စနစ်ရှိ ထရန်စဖော်မာတစ်လုံးအား ထိတွေ့ကိုင်တွယ်ခဲ့ရာမှ ဓာတ်အားပေးစနစ်တွင် တစ်ဖက်စောင်းနင်းဖြစ်ပြီး ဒေသစံတော်ချိန် ၁၁ နာရီ ၃၀ မိနစ်ခန့်တွင် လျှပ်စစ်ဓာတ်အား ပြတ်တောက်သွားခြင်းဖြစ်ကြောင်း လျှပ်စစ်ဝန်ကြီး ကုမာရ ဂျာယာကိုဒီက သတင်းထောက်များကို ပြောသည်။
ယင်းနောက် လျှပ်စစ်အင်ဂျင်နီယာများက လျှပ်စစ်ဓာတ်အားပေးစနစ်ပြန်လည် ကောင်းမွန်လာစေရန် ကြိုးပမ်းခဲ့ပြီးနောက် တစ်နာရီခန့်အကြာတွင် ဆေးရုံနှင့် အခြားအရေးကြီး အဆောက်အအုံများသို့ လျှပ်စစ်ဓာတ်အား ပြန်လည်ပေးနိုင်ခဲ့ပြီး သုံးနာရီအကြာတွင် အပြည့်အဝ ပြန်လည်ပေးနိုင်ခဲ့ကြောင်း သိရသည်။
လက်ရှိတွင် လျှပ်စစ်မီးကို နိုင်ငံအတွင်းရှိ အချို့ဒေသများသို့ ပြန်လည်ပေးနိုင်ခဲ့သော်လည်း အချို့နေရာများတွင် လျှပ်စစ်ဓာတ်အားသည် အချိန်မည်မျှကြာ ပြတ်တောက်လျက်ရှိသည်ကို အတိအကျ မသိရသေးပေ။