ထရမ့်၏ ကုန်သွယ်ရေးစစ်ပွဲမှ ထွက်ပေါ်လာနိုင်သည့် အကျိုးဆက်များအပေါ် စိုးရိမ်မှုကြောင့် အင်္ဂလန်ဘဏ်ရှိ ရွှေချောင်း ထောင်ပေါင်းများစွာကို ပြန်လည် ထုတ်ယူခဲ့ဟုဆို
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကုန်သွယ်ရေးစစ်ပွဲမှ ထွက်ပေါ်လာနိုင်သည့် အကျိုးဆက်များအပေါ် စိုးရိမ်မှုကြောင့် ၂၀၂၄ ခုနှစ် အကုန်ပိုင်းမှစ၍ အင်္ဂလန်ဘဏ်မှ ရွှေချောင်းထောင်ပေါင်းများစွာကို ပြန်လည်ထုတ်ယူခဲ့ကြကြောင်း နာမည်ကြီး Telegraph သတင်းစာကြီးက ဖော်ပြသည်။
အမေရိကန်ပြည်ထောင်စု နယူးယောက် ဈေးကွက်ရှိ ရွှေဈေးသည် လန်ဒန်မြို့ရှိ ငွေသားဈေးကွက်ထက် ဈေးနှုန်းမြင့်တက်လာပြီးနောက် နိုင်ငံအတွင်းရှိ ကုန်သည်အများအပြားက ရွှေချောင်းများ ပြန်လည်ထုတ်ယူရန် တောင်းဆိုလာခဲ့သည်ဟု အင်္ဂလန်ဘဏ်မှ လက်ထောက်အုပ်ချုပ်ရေးမှူး ဒေ့ရမ်စဒန်က ပြောကြားခဲ့ကြောင်း Telegraph သတင်းစာကြီးက ဖေဖော်ဝါရီလ၈ ရက်တွင် ဖော်ပြသည်။
ပြီးခဲ့သည့်နှစ်ကုန်ပိုင်းမှစ၍ အင်္ဂလန်ဘဏ်မှပြန်လည်ထုတ်ယူခဲ့သည့် ရွှေချောင်းများမှာ ၈၀၀၀ ခန့်ရှိပြီး ယင်းပမာဏသည် ဘဏ်အတွင်းရှိ ရွှေချောင်း စုစုပေါင်း၏ ၂ ရာခိုင်နှုန်းရှိကြောင်း သိရသည်။
အမေရိကန်အစိုးရ၏ ကုန်သွယ်ရေး စစ်ပွဲဆင်နွှဲမှု၏ တစ်စိတ်တစ်ပိုင်းအဖြစ် ထရမ့်က ရွှေချောင်းများအပေါ် အခွန်သစ်များ တိုးမြှင့်ကောက်ခံမည်ကို ဗြိတိန်ရှိ ကုန်သည်များက စိုးရိမ်ခဲ့ခြင်းဖြစ်ကြောင်း ဒေ့ရမ်စဒန်က ဆက်လက် ပြောကြားခဲ့ကြောင်း သိရသည်။