နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များအား တွေ့ဆုံအမှာစကားပြောကြား၊ အကြမ်းဖက်ဖြစ်စဉ်များကြောင့် နေရပ်စွန့်ခွာနေရသည့်ပြည်သူများအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့ငွေများ ပေးအပ်
နေပြည်တော်၊ ဖေဖော်ဝါရီ - ၁၁
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့်ပြိုင်ပွဲဖွင့်ပွဲအခမ်း အနားသို့ တက်ရောက်လာကြသည့် တိုင်းဒေသကြီးနှင့်ပြည်နယ် ဝန်ကြီးချုပ်များအား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ခန်းမဆောင်၌ တွေ့ဆုံ အမှာစကားပြောကြားပြီး အကြမ်းဖက်ဖြစ်စဉ်များကြောင့် နေရပ်စွန့်ခွာနေရသည့် ပြည်သူများအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ရန်ပုံငွေမှ ထောက်ပံ့ငွေများ ပေးအပ်သည်။
အဆိုပါ တွေ့ဆုံပွဲအခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ကောင်စီအတွင်းရေးမှူး ဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့် တပ်မတော်အရာရှိကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
တည်ငြိမ်အေးချမ်းရေး၊ ကုန်သွယ်မှုလုပ်ငန်းများတိုးမြှင့်ရေး
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အဖွင့် အမှာစကား ပြောကြားရာတွင် မိမိတို့အနေဖြင့် နိုင်ငံတော်တွင်ဖြစ်ပေါ်နေသည့် အခြေအနေများအရ တာဝန်ထမ်းဆောင်ခွင့်ကို ၆ လသက်တမ်းထပ်မံတိုးမြှင့်ခဲ့ရ ကြောင်း၊ ယခု ၆ လတာကာလအတွင်း တည်ငြိမ်အေးချမ်းမှုရှိစေရေးအလေးထား ဆောင်ရွက်သွားရမည်ဖြစ်ပြီး တိုင်းဒေသကြီးနှင့်ပြည်နယ်ဝန်ကြီးချုပ်များ အနေဖြင့် လည်း မိမိတို့တာဝန်ယူထားရသည့်ဒေသများအလိုက် နယ်မြေဒေသတည်ငြိမ် အေးချမ်းရေး၊ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက် သွားကြရန်လိုကြောင်း။
မိမိတို့အနေဖြင့် နိုင်ငံ့ဝန်ထမ်းများ အခက်အခဲမရှိစေရေး လစာနှင့်ထောက်ပံ့ ကြေးများကို တိုးမြှင့်ပေးခဲ့ကြောင်း၊ ပြည်တွင်းနိုင်ငံခြားငွေ အခက်အခဲများနှင့် ထုတ်လုပ်မှုကုန်ကျစရိတ်ကြီးမြင့်ခြင်းတို့ကြောင့် ကုန်ဈေးနှုန်းများ ကြီးမြင့်ရခြင်းဖြစ် ကြောင်း၊ ကုန်သွယ်မှုနှင့်ပတ်သက်၍ ကုန်သွယ်မှုကြောင့် နိုင်ငံပိုင်နိုင်ငံခြားငွေများ ရရှိသကဲ့သို့ Non Trade များမှလည်း နိုင်ငံခြားငွေများရရှိကြောင်း၊ ယခင်ဒီမိုကရေစီ အစိုးရသက်တမ်းနှစ်ခုတွင် ကုန်သွယ်မှုမှနိုင်ငံခြားငွေ လိုအပ်မှုမှာ ၂၄ ဘီလီယံကျော် ခန့်ရှိကြောင်း၊ လိုအပ်သည့် နိုင်ငံခြားငွေများကို အခြားပြည်ပချေးငွေများ၊ ထောက်ပံ့ ငွေများနှင့် Non trade များမှ ရရှိသည့်ငွေများဖြင့် ဖြည့်ဆည်း ဆောင်ရွက်ခဲ့ကြ ကြောင်း၊ မိမိတို့တာဝန်ယူထားရသည့်ကာလအတွင်း နိုင်ငံခြားချေးငွေများ မရရှိကြောင်း၊ ထို့ကြောင့် ကုန်ထုတ်လုပ်မှုများတိုးတက်စေရေး ဆောင်ရွက်လျက်ရှိ ကြောင်း၊ CMP လုပ်ငန်းများမှလည်း နိုင်ငံခြားငွေများရရှိကြောင်း၊ အခြား နိုင်ငံများ တွင် ပြည်ပသို့သွားရောက်အလုပ်လုပ်ကိုင်သူများထံမှ နိုင်ငံခြားငွေများလည်းရရှိ ကြောင်း၊ သို့သော်မိမိတို့နိုင်ငံတွင် ရသင့်သလောက်ရရှိမှုမရှိသည်ကို တွေ့ရသဖြင့် ပိုမိုတိုးတက် ရရှိရေး မိမိတို့အနေဖြင့်ဆောင်ရွက်ခဲ့ကြောင်း၊ ကုန်သွယ်မှုလုပ်ငန်းများမှ နိုင်ငံခြားငွေများ ပိုမိုတိုးတက်ရရှိစေရေး မိမိတို့အနေဖြင့် ကြိုးပမ်းဆောင်ရွက်သွားကြ ရန်လို ကြောင်း။
စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်နိုင်ရေး
နိုင်ငံတစ်ခု၏ဖွံ့ဖြိုးတိုးတက်မှုကို GDP ဖြင့် တိုင်းတာကြပြီး မိမိတို့နိုင်ငံ၏ GDP သည် အာဆီယံနှင့် ဒေသတွင်းနိုင်ငံများထက် နည်းပါးလျက်ရှိသည်ကို တွေ့ရှိရ ကြောင်း၊ နိုင်ငံ့ GDP တိုးတက်ရေးအတွက် လယ်ယာစိုက်ပျိုးရေးကဏ္ဍကြီး၊ စက်မှု ကဏ္ဍကြီးနှင့် ဝန်ဆောင်မှုကဏ္ဍကြီးဟူ၍ ကဏ္ဍကြီးသုံးရပ်ရှိပြီး နိုင်ငံ၏အဓိက လုပ်ငန်းရပ်ဖြစ်သည့် လယ်ယာစိုက်ပျိုးရေးကဏ္ဍကြီး၌ပင် အခြားနိုင်ငံများထက် ထုတ် လုပ်မှုစွမ်းရည်မှာ အားနည်းနေသေးသည်ကို တွေ့ရကြောင်း၊ ထို့ကြောင့် စိုက်ပျိုးရေး ကုန်ထုတ်လုပ်မှု တိုးတက်စေရေး အားပေးဆောင်ရွက်မှသာ နိုင်ငံ၏ GDP မှာလည်း တိုးတက်လာမည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများကို ယခုထက်ပိုမိုတိုးတက် အောင်ဆောင်ရွက်သွားနိုင်မည်ဆိုပါက ကုန်ဈေးနှုန်းများလည်း ထိုက်သင့်သလောက် ကျဆင်းသွားမည်ဖြစ်ကြောင်း၊ တိုင်းပြည်သာယာဝပြောစေရေး မြေကြီးကရွှေသီး အောင်လုပ်ကြရမည်ဖြစ်ကြောင်း၊ မိမိတို့အလုပ်လုပ်မှ မြေကြီးက ရွှေသီးမည်ဖြစ် သဖြင့် အမှန်တကယ်အလုပ်လုပ်ရန် လိုအပ်မည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်း များကို ယခုထက်ပိုမိုတိုးတက်အောင်ဆောင်ရွက်သွားနိုင်မည်ဆိုပါက ကုန်ဈေးနှုန်းများ လည်း ထိုက်သင့်သလောက်ကျဆင်းသွားမည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေးထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်နိုင်မှသာလျှင် ပို့ကုန်ကဏ္ဍတိုးတက်လာမည်ဖြစ်ပြီး နိုင်ငံခြားဝင်ငွေ သည်လည်း တိုးတက်လာမည်ဖြစ်ကြောင်း၊ နိုင်ငံအတွင်းဖြစ်ထွန်းအောင်မြင်ပြီး ပြည်ပဈေးကွက်လိုအပ်ချက်ရှိသည့် ဆန်၊ ပြောင်း၊ ကော်ဖီတို့ကို တိုးမြှင့်ထုတ်လုပ်နိုင် ရေးဆောင်ရွက်သွားကြရန်လိုကြောင်း။
မွေးမြူရေးနှင့်ပတ်သက်၍ ဒေသထွက်ကုန်ကြမ်းများကို အခြေခံသည့် တိရစ္ဆာန် အစာများဖြင့် မွေးမြူရေးလုပ်ငန်းများကို အောင်မြင်အောင်ဆောင်ရွက်သွားကြရန်လို ကြောင်း၊ ပြောင်းကုန်ကြမ်းများကို ပြည်ပသို့တင်ပို့မည့်အစား အရည်အသွေးမြင့် ပြောင်းထုတ်ကုန်များထုတ်လုပ်ခြင်း၊ ဘေးထွက်ပစ္စည်းများကို တိရစ္ဆာန်အစာ အဖြစ် အသုံးပြုခြင်းတို့ကို ဆောင်ရွက်နိုင်ကြောင်း၊ ပဲနှင့်ပတ်သက်၍လည်း အလားတူ ဆောင်ရွက်၍ရနိုင်မည်ဖြစ်ကြောင်း၊ ဆန်ထုတ်လုပ်မှုမှ ဆန်ကွဲနှင့် ဖွဲများကိုလည်း မွေးမြူရေးလုပ်ငန်းများအတွက် အကျိုးရှိရှိအသုံးချသွားရန်လိုကြောင်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးသည် တစ်ခုနှင့်တစ်ခု အပြန်အလှန်ဆက်စပ်လျက်ရှိသဖြင့် အောင်မြင် အောင်ဆောင်ရွက်ကြရန်လိုကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ပတ်သက်သည့် အခြေခံအချက်အလက် ကိန်းဂဏန်းများကို ပြည်နယ်နှင့်တိုင်းဒေသကြီးအလိုက် အတတ်နိုင်ဆုံးမှန်ကန်မှုရှိစေရေး စာရင်းကောက်ယူ ဆောင်ရွက်သွားရန်လိုပြီး ယင်း အခြေခံအချက်အလက်များနှင့် ဒေသတွင်းစားရေး လိုအပ်ချက်များအပေါ်မူတည်၍ စိုက်ပျိုးရေး၊ မွေးမြူရေးစီမံချက်များကိုချမှတ် ဆောင်ရွက်သွားရန်လိုကြောင်း၊ အလား တူ စိုက်ပျိုးရေးအတွက် လိုအပ်သည့် ရေများလုံလောက်စွာရရှိစေရေး သဲချောင်းများ၌ မြေအောက်တမံများ တည်ဆောက်ခြင်းများကို ဆောင်ရွက်သွားရန်လိုကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်မည်ဆိုပါက စိုက်ပျိုးရေးလုပ်ငန်းများကိုများစွာ အကျိုးဖြစ်ထွန်း နိုင်မည်ဖြစ်ကြောင်း၊ ထိုသို့ ဆောင်ရွက်နိုင်ရန်အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ် အလိုက် စီမံချက်များရေးဆွဲ တင်ပြဆောင်ရွက်သွားရန်လိုကြောင်း၊ ပန်းတိုင်ရည်မှန်း ချက်များပြည့်မီရေးနှင့် သီးထပ်စွမ်းအားများ တိုးတက်စေရေးအတွက် တိုင်းဒေသကြီး နှင့်ပြည်နယ်များအလိုက် ဆောင်ရွက်သွားကြရန်လိုကြောင်း။
လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် လမ်းပန်းဆက်သွယ်မှုလုံခြုံရေး
နေရေးလုံခြုံမှုနှင့်ပတ်သက်၍ ကမ္ဘာပေါ်တွင် ရာနှုန်းပြည့်လုံခြုံရေးဟူ၍ မည်သည့်နိုင်ငံတွင်မျှမရရှိနိုင်ကြောင်း၊ ရာဇဝတ်မှုများ၊ လုံခြုံရေးကျိုးပေါက်မှုများသည် နိုင်ငံတိုင်း၌ဖြစ်ပေါ်လျက်ရှိကြောင်း၊ ၂၀၂၃ ခုနှစ်မှစ၍ ပြည်သူ့လုံခြုံရေးစနစ်ကို စတင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း၊ နိုင်ငံတော်တွင် နိုင်ငံသားတိုင်းအနေဖြင့် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေးနှင့်အချုပ်အခြာ အာဏာ တည်တံ့ခိုင်မြဲရေးဟူသည့် ဒို့တာဝန်အရေးသုံးပါးကို စောင့်ထိန်းရန်တာဝန် ရှိကြပြီး ယင်းတာဝန်များကို ထမ်းဆောင်ရန်အတွက် စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော် ကာကွယ်ရေးအတွက် စစ်မှုထမ်းဆောင်နိုင်ရန် ပြည်သူ့စစ်မှုထမ်းဥပဒေ ကိုပြဋ္ဌာန်း ဆောင်ရွက်လျက်ရှိကြောင်း၊ လုံခြုံရေးနှင့်ပတ်သက်၍ အဓိကဆောင်ရွက်ရ မည်မှာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များဖြစ်ပြီး သက်ဆိုင်ရာနယ်မြေဒေသအလိုက် ဖွဲ့စည်း ထားရှိပြီးဖြစ်ကြောင်း၊ စွမ်းရည်စွမ်းအားရှိသည့် ရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူက အားကိုး ရသည့် ရဲတပ်ဖွဲ့ဝင်များဖြစ်ရန်လိုပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ အနေဖြင့်လည်း ၎င်းတို့၏တာဝန်ထမ်းဆောင်မှုများအပေါ်လိုအပ်သည်များ အားပေး ထောက်ပံ့ခြင်းများကို ဆောင်ရွက်ပေးသွားရန်လိုကြောင်း၊ နေရာဒေသအလိုက် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးအတွက် မှန်မှန်ကန်ကန်ဖြင့် တာဝန်ပေးအပ်နိုင်ရေး၊ မိမိတို့ဒေသ တည်ငြိမ်အေးချမ်းရေးနှင့် တရား ဥပဒေစိုးမိုးရေး၊ ဒေသ၏လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် နိုင်ငံတော်အစိုးရ၊ တပ်မတော်၊ ဒေသအလိုက်ရှိ ပြည်သူ့စစ်ဌာနေတပ်ဖွဲ့ဝင်များနှင့် ပြည်သူလူထုတို့ အတူတကွလက်တွဲ၍ ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း။
သွားလာရေးနှင့် လမ်းပန်းဆက်သွယ်ရေးလုံခြုံမှုအပိုင်းနှင့်ပတ်သက်၍ အကြမ်း ဖက်အဖွဲ့များအနေဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ အလစ်အငိုက်ကို အခွင့်ကောင်းယူ၍ အများပြည်သူအသုံးပြုလျက်ရှိသည့် ဆက်သွယ်ရေးလမ်းကြောင်းများပေါ်၌ အကြမ်း ဖက်မှုကို ကျူးလွန်လျက်ရှိကြောင်း၊ ထို့ကြောင့် ဒေသအလိုက် နယ်မြေစိုးမိုးမှုနှင့် လမ်းပန်းဆက်သွယ်ရေးလုံခြုံမှုကို အထူးအလေးထား ဆောင်ရွက်သွားကြရန်လို ကြောင်း၊ လမ်းပန်းဆက်သွယ်ရေးလုံခြုံမှုမရှိခြင်းကြောင့် ကုန်စည်စီးဆင်းမှုများကို ထိခိုက်စေနိုင်မည်ဖြစ်ပြီး စားရေးသောက်ရေးနှင့် လူမှုစီးပွားဘဝများလည်း ထိခိုက် စေနိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် သွားလာမှုနှင့် လမ်းပန်းဆက်သွယ်ရေးလုံခြုံမှုကို အထူးအလေးထား ဆောင်ရွက်သွားကြရန်မှာကြားလိုကြောင်း။
MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး
ယမန်နေ့က ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့်ပြိုင်ပွဲဖွင့်ပွဲအခမ်း အနားကို ကျင်းပပြုလုပ်ခဲ့ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ဝန်ကြီးချုပ်များ အနေဖြင့် တစ်စုတစ်စည်းတည်းဆုံစည်းခဲ့ကြကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ် များအလိုက် ထုတ်ကုန်များကို တစ်စုတစ်စည်းတည်းတွေ့ရှိရပြီး အားသာချက်၊ အား နည်းချက်များ၊ ဒေသအလိုက် ဆောင်ရွက်ချက်များကို တွေ့မြင်သိရှိရနိုင်သည့် တန်ဖိုး အရှိဆုံးသော အကြီးအကျယ်ဆုံးသော အခွင့်အရေးပင်ဖြစ်ကြောင်း၊ တိုင်းဒေသကြီး၊ ပြည်နယ် အသီးသီးရှိ MSME လုပ်ငန်းများအချင်းချင်း ပူးပေါင်းဆောင်ရွက်မှု တိုးပွား လာစေပြီး ကုန်ထုတ်လုပ်မှုကွင်းဆက်တစ်လျှောက်၌ ဒေသတစ်ခု၏ လိုအပ်ချက်ကို အခြားဒေသမှ ဖြည့်ဆည်းလာရန်နှင့် အားသာချက်၊ အားနည်းချက်များကို သိမြင် ဖော် ထုတ်လာစေနိုင်မည်ဖြစ်ပြီး ပြည်ပသို့ ဈေးကွက်ချဲ့ထွင်နိုင်ရန်အတွက် MSME လုပ်ငန်း များနှင့် ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံသူများ ပိုမိုချိတ်ဆက် ပူးပေါင်းဆောင်ရွက် လာစေနိုင်မည်ဖြစ်ကြောင်း။
MSME လုပ်ငန်းများအတွက်လိုအပ်သည့် ပညာတတ်လူသားအရင်းအမြစ်များ ရရှိစေရေး Polytechnic တက္ကသိုလ်များ၊ စိုက်ပျိုးမွေးမြူရေးနှင့် နည်းပညာ အထက် တန်းကျောင်းများ ဖွင့်လှစ်သင်ကြားလျက်ရှိသကဲ့သို့ စိုက်ပျိုးမွေးမြူရေးတက္ကသိုလ်များ ကိုလည်း တိုးချဲ့ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း၊ MSME လုပ်ငန်းများအတွက် တိုင်း ဒေသကြီးနှင့် ပြည်နယ်များအလိုက် ရင်းနှီးမတည်ငွေများ ထုတ်ပေးရာတွင်လည်း သတ်မှတ်ထားသည့် စည်းကမ်းများနှင့် အညီဆောင်ရွက်ပေးရန်လိုကြောင်း။
ပညာရေး၊ ကျန်းမာရေးဆိုင်ရာ အခြေခံအဆောက်အဦများဖွံ့ဖြိုးရေး
ပညာရေးမြှင့်တင်မှုလုပ်ငန်းများကို အထောက်အကူဖြစ်စေရန်အတွက် စာသင် ကျောင်းများ ကျောင်းအင်္ဂါရပ်များနှင့်အညီဖြစ်စေရေးအတွက် ပိုလျှံဘဏ္ဍာငွေများဖြင့် သတ်မှတ်ထားသည့် ဘဏ္ဍာရေးကာလအတွင်း ဆောင်ရွက်သွားရန်လိုကြောင်း၊ အလားတူ ပြည်သူ့ဆေးရုံများအတွက်လိုအပ်သည့် အဆောက်အဦများ၊ ခြံစည်းရိုးများ ကိုလည်း တည်ဆောက်ပေးသွားရန်လိုကြောင်း၊ လုံခြုံရေးဝန်ထမ်းများနှင့် ကျန်းမာရေး ဝန်ထမ်းများနေထိုင်မှု အဆင်ပြေစေရေးအတွက် ဝန်ထမ်းလိုင်းခန်းများ ပြည့်စုံစွာရှိ စေရေး အလေးထားဆောင်ရွက်ပေးရန်လိုကြောင်း၊ ဘတ်ဂျက်ငွေသုံးစွဲမှုနှင့် ပတ်သက် ၍ Quick Win ဖြစ်နိုင်သည့်လုပ်ငန်းများကို ဦးစားပေးဆောင်ရွက်သွားကြရန်လိုကြောင်း။
လွတ်လပ်၍တရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ ကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်
လွတ်လပ်၍ တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မိမိတို့အနေဖြင့် ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများ ကိုဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် မဲဆန္ဒရှင်စာရင်းများ မှန်ကန်မှုရှိစေရေး ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် အကြောင်းအမျိုးမျိုးကြောင့် နေရပ်ရွှေ့ပြောင်းလာသူများရှိသည်ကိုလည်း တွေ့ရှိရ ကြောင်း၊ အဆိုပါနေရပ် စွန့်ခွာရွှေ့ပြောင်းလာသူများ၏ စာရင်းများကိုမှန်ကန်စွာဖြစ် စေရေး သက်ဆိုင်ရာအုပ်ချုပ်မှုဆိုင်ရာအဖွဲ့အစည်းများအနေဖြင့် စဉ်ဆက်မပြတ် ဆောင်ရွက်နေရန်လိုကြောင်း၊ ရွေးကောက်ပွဲနှင့်ပတ်သက်၍ လူဦးရေစာရင်းများ မှန်မှန်ကန်ကန်ရရှိရန်လိုကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ တာဝန်ရှိသူများအနေဖြင့် ရွေးကောက်ပွဲနှင့်သက်ဆိုင်သည့် ဥပဒေများကို စေ့စပ် ကျယ်ပြန့်စွာ လေ့လာထားရန်လိုကြောင်း၊ နိုင်ငံရေးပါတီများမှလည်း လိုအပ်သည်များ ကြိုတင် ပြင်ဆင်ထားရမည်ဖြစ်ကြောင်း၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော် လွှတ်တော် ၃ ရပ်အတွက် ရွေးကောက် တင်မြှောက်မှုများကို ဥပဒေနှင့် အညီဆောင်ရွက်သွားရမည်ဖြစ်ကြောင်း။
အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီ နေရပ်စွန့်ခွာနေရသည့်ပြည်သူများအတွက် ထောက်ပံ့ငွေများ ပေးအပ်သွားမည်
သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေအရ အကြမ်းဖက်မှု၊ လက်နက် ကိုင်သောင်းကျန်းမှုဖြစ်ပွားခြင်းကြောင့် ပြည်သူများ၏ဆုံးရှုံးမှုများသည်လည်း သဘာဝ ဘေးအန္တရာယ်သတ်မှတ်ချက်များတွင်အကျုံးဝင်သောကြောင့် နိုင်ငံတော်အနေဖြင့် အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီ နေရပ်စွန့်ခွာနေရသည့်ပြည်သူများအတွက် ထောက်ပံ့ငွေများကို တစ်ဦးလျှင် တစ်လငွေကျပ် ၂၀၀၀၀ နှုန်းဖြင့် ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ လစဉ် ထောက်ပံ့ပေးသွားမည်ဖြစ်ပြီး နေပြည်တော် ကောင်စီနယ်မြေ အပါအဝင် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များ၏ သဘာဝဘေး စီမံခန့်ခွဲမှု ရန်ပုံငွေ စာရင်းအမှတ်များသို့ လွှဲအပ်ပေးသွားမည် ဖြစ်ကြောင်း၊ ထောက်ပံ့ငွေများပေးအပ်ရာတွင် သက်ဆိုင်ရာနယ်မြေများအလိုက် ယာယီနေရပ် စွန့်ခွာနေရသူများ အားလုံးပါဝင်မှုရှိစေရေး၊ စာရင်းတွင်မပါဝင်ဘဲ ကျန်နေခဲ့ရသူများ မရှိစေရေး၊ စနစ်တကျ ထိထိရောက်ရောက် ထောက်ပံ့ပေးအပ်နိုင်ရေး ဝိုင်းဝန်း ဆောင်ရွက်သွားကြရန်လိုကြောင်း၊ ယခုကောက်ယူရရှိထားသည့် စာရင်းတွင်မပါဝင်ဘဲ ထပ်မံကောက်ယူရရှိလာမည့် ယာယီနေရပ်စွန့်ခွာနေရသူများ၏ စာရင်းကိုလည်း စိစစ်ကောက်ယူ၍ ထပ်မံတင်ပြ တောင်းခံသွားရန်နှင့် စနစ်တကျစိစစ်ထောက်ပံ့ ပေးသွားရန်လိုကြောင်း။
နွေရာသီကျောင်းပိတ်ရက်ကာလကို အကျိုးရှိရှိ အသုံးချနိုင်ရေး
နွေရာသီကျောင်းပိတ်ရက်ကာလနှင့်ပတ်သက်၍ ကျောင်းသား၊ ကျောင်းသူများ အနေဖြင့် အားလပ်ရက်ကို အကျိုးရှိရှိအသုံးချနိုင်ရေး ဆောင်ရွက်ပေးသွားရန်လို ကြောင်း၊ သင်ယူခဲ့ပြီးဖြစ်သည့် သင်ခန်းစာများအား ပြန်လည်ဖတ်မှတ်လေ့လာစေ ခြင်း၊ အင်္ဂလိပ်စာ၊ ကွန်ပျူတာတို့ကဲ့သို့ ၎င်းတို့ကိုအကျိုးဖြစ်စေနိုင်မည့် အခြေခံ သင်တန်းများကို ဖွင့်လှစ်သင်ကြားစေခြင်းများကို စီစဉ်ဆောင်ရွက်ပေးသွားရန်လို ကြောင်း၊ ကျောင်းပိတ်ရက်ကာလအတွင်း ပညာရေးဝန်ထမ်းများ၏ အရည်အသွေး ပိုမိုကောင်းမွန်စေရေးအတွက် မွမ်းမံသင်တန်းပို့ချပေးနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိ ကြောင်း၊ မိမိတို့အနေဖြင့် ကျောင်းနေအရွယ်ကလေးတိုင်း KG + 9 အထိ ပညာ သင်ကြားရေးစနစ်အဖြစ် ဖော်ဆောင်ထားခြင်းဖြစ်ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များအနေဖြင့် ယခုမှာကြားချက်များအား ပြန်လည်ရောက်ရှိ ချိန်တွင် တာဝန်ရှိသူများအားပြန်လည်ဆွေးနွေးမှာကြားခြင်းနှင့် အကောင်အထည် ဖော်ခြင်းများကို ဆောင်ရွက်သွားရန်လိုကြောင်းဖြင့်မှာကြားသည်။
ယင်းနောက် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များက ဒေသအလိုက် လိုအပ်ချက်များနှင့် လုပ်ငန်းဆောင်ရွက်လျက်ရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြ ကြသည်။
ထို့နောက် တက်ရောက်လာကြသူများက အထွေထွေဆွေးနွေးတင်ပြရာတွင် စက်မှုဖွံ့ဖြိုးရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မြထွန်းဦးက စက်မှုကဏ္ဍဖွံ့ဖြိုးရေး ဆိုင်ရာများ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိမှုများကိုလည်းကောင်း၊ လျှပ်စစ် နှင့်စွမ်းအင်ဖွံ့ဖြိုးရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး တင်အောင်စန်းက လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးရေးဆိုင်ရာများ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိမှုများကို လည်းကောင်း၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မောင်မောင်အေး ဒီဇင်ဘာလအထိ က ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဆိုင်ရာကိစ္စရပ်များကို လည်းကောင်း၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးဖွံ့ဖြိုးရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ညိုစောက စိုက်ပျိုး မွေးမြူရေးကဏ္ဍဖွံ့ဖြိုးရေး ဆိုင်ရာများ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိမှု များကိုလည်းကောင်း၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် GDP တိုးတက်ရေးဆိုင်ရာများ၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည် ထောက်ပံ့ငွေများ ထုတ်ပေးထားရှိမှု အခြေအနေများ၊ ယာယီနေရပ်စွန့်ခွာနေရသူများအတွက် ထောက်ပံ့ငွေများ ပေးအပ် သွားမည့်အခြေအနေများကိုလည်းကောင်း၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသန်းဆွေက နိုင်ငံတကာဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်များကိုလည်းကောင်း၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၏ စွမ်းရည် စွမ်းအားမြှင့်တင်ရေးဆိုင်ရာကိစ္စရပ်များကိုလည်းကောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က စိုက်ပျိုးရေးမွေးမြူ ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေး ဆောင်ရွက်လျက်ရှိမှုများကိုလည်းကောင်း၊ ကောင်စီ တွဲဖက် အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦးက လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ လက်နက်ခဲယမ်းသယ်ဆောင်မှုနှင့် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး၊ လိုင်စင်မဲ့ မော်တော်ယာဉ်များစိစစ်ဖော်ထုတ်ရေး၊ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေးနှင့် မီးခိုးငွေ့ကင်းစင်ရေးဆိုင်ရာများကိုလည်းကောင်း အသီးသီးဆွေးနွေးတင်ပြကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ ဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်မှု၊ စိစစ်မှုတို့နှင့် ပတ် သက်၍ မျက်မြင်စစ်ဆေးခြင်း၊ ကျန်းမာရေးဆိုင်ရာစစ်ဆေးခြင်းများ၊ စိတ်ဓာတ် စည်း ကမ်းပိုင်းဆိုင်ရာ စစ်ဆေးခြင်းများကို စနစ်တကျဖြင့် ဆောင်ရွက်သွားရန်လိုကြောင်း၊ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်မှုနှင့်ပတ်သက်ပါက သတ်မှတ်ထားသည့် ဥပဒေအတိုင်းသာ ဖြစ်ရန်လိုပြီး အတင်းအဓမ္မစုဆောင်းခြင်းများ မဖြစ်ရန်လိုကြောင်း၊ MSME လုပ်ငန်း များနှင့်ပတ်သက်၍ လျှပ်စစ်မီးလိုအပ်ချက်ကို ဆိုလာစနစ်ဖြင့် ဆောင်ရွက်ပါက လုပ် ဆောင်ပြီး ၃ နှစ်တာကာလအတွင်း အရင်းကြေကာလသို့ ရောက်ရှိနိုင်မည်ဖြစ်သဖြင့် တိုင်းဒေသကြီးနှင့်ပြည်နယ်ဝန်ကြီးချုပ်များအနေဖြင့် မိမိတို့ဒေသအလိုက်ရှိ MSME လုပ်ငန်းများအား ဆိုလာစနစ်ကိုအသုံးပြု၍ အောင်မြင်အောင်ဆောင်ရွက်နိုင်ရေး အသိ ပညာပေးသွားရန်လိုကြောင်း၊ MSME လုပ်ငန်းများသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး ကို များစွာအထောက်အကူပြုနိုင်သည့်အတွက် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန် ပြပွဲနှင့်ပြိုင်ပွဲကို ယခုကဲ့သို့ခမ်းခမ်းနားနားဖြင့် ရည်မှန်းချက်ကြီးကြီးထား၍ ကျင်းပ ခြင်း ဖြစ်ကြောင်း၊ ပြပွဲနှင့် ပြိုင်ပွဲတွင် မြန်မာသံရုံးများမှ စီးပွားရေးသံမှူးများမှတစ်ဆင့် ပြည်ပဈေးကွက်ရှာဖွေနိုင်ရေး ဆောင်ရွက်မှုများ၊ စီးပွားရေးကို ဦးဆောင်ဦးရွက်ပြုနေ သည့် အရပ်ဖက်စီးပွားရေးအဖွဲ့အစည်းများ၊ လုပ်ငန်းရှင်များ၏ ငွေကြေးလိုအပ်ချက် များကို ဖြည့်ဆည်းပေးနိုင်မည့် ဘဏ်များနှင့်လည်း ချိတ်ဆက်နိုင်ရန် ဆောင်ရွက် ပေးထားသဖြင့် အကျိုးရှိရှိဆောင်ရွက်သွားနိုင်ရန်လိုကြောင်း၊ နယ်စပ်ဒေသများ၌ ဖြစ်ပေါ်လျက်ရှိသည့် အခြေအနေများနှင့်ပတ်သက်၍လည်း အရေးကြီးသည့်ကိစ္စရပ် များဖြစ်သဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသို့ အချိန်နှင့်တစ်ပြေးညီ ဆက်သွယ် အကြောင်း ကြားသွားရန်လိုကြောင်းဖြင့် ဆွေးနွေးပြောကြားသည်။
တင်ပြချက်များနှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံ တော်ဝန်ကြီးချုပ်က လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးရေးနှင့်ပတ်သက်၍ ရေနံစိမ်း တိုးမြှင့်ထုတ်ယူနိုင်ရေးကိစ္စများ၊ ဆိုလာစနစ်ဖြင့် လျှပ်စစ်ဓာတ်အား ထုတ်ယူမှုနှင့် ပတ်သက်၍ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် စိုက်ပျိုးမွေးမြူရေးမြေအဖြစ် သုံးစွဲရန်မသင့်လျော်သည့်နေရာများ၊ မြေလွတ်မြေရိုင်းနေရာများကို စိစစ်ဖော်ထုတ် ထားရန်လိုကြောင်း၊ အဆိုပါမြေနေရာများတွင် ဆိုလာလျှပ်စစ်ဓာတ်အားပေးစက်ရုံ များ တည်ဆောက်နိုင်ရေး နိုင်ငံတော်မှ စီစဉ် ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်းဖြင့် ဖြည့်စွက်ဆွေးနွေးပြောကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာနေရသည့် ပြည်သူများအတွက် ထောက်ပံ့ငွေများကို ပေးအပ်ရာ နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်များက အသီးသီး လက်ခံရယူကြသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကားပြောကြားရာတွင် အထွေထွေဆွေးနွေးမှုများတွင်ပါဝင်သည့် မီးခိုး ငွေ့ ကင်းစင်ရေးနှင့်ပတ်သက်၍ နိုင်ငံတကာတွင်လည်း ဆောင်ရွက်လျက်ရှိပြီး အားလုံး ကဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ခြင်းဖြင့် မီးခိုးငွေ့နှင့် လေထုသန့်ရှင်းရေးကို ဆောင်ရွက် သွားကြရန်လိုကြောင်း၊ လိုင်စင်မဲ့မော်တော်ယာဉ်များ စိစစ်ဖော်ထုတ်ရာ၌ ဖမ်းဆီးရမိသူ များအပြင် ပါဝင်ပတ်သက်နေသည့် အုပ်ချုပ်ရေးနှင့် လုံခြုံရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများ ကိုလည်း အဆင့်ဆင့် စိစစ်ဖော်ထုတ်အရေးယူသွားရန်လိုကြောင်း၊ တရားမဝင်မော်တော် ဆိုင်ကယ်များကိုလည်း စိစစ်ဖော်ထုတ်အရေးယူသွားရမည်ဖြစ်ကြောင်း၊ တရားမဝင် ကုန်ပစ္စည်းများ တင်သွင်းခြင်းနှင့် တင်ပို့ခြင်းသည် နိုင်ငံတော်အတွက်လည်း များစွာ ထိခိုက်စေနိုင်သဖြင့် ထိထိရောက်ရောက်ဖော်ထုတ်ဆောင်ရွက်သွားရန်လိုကြောင်း။
Online လိမ်လည်မှုများ၊ Online လောင်းကစားမှုများနှင့် ပတ်သက်၍လည်း ထိထိရောက်ရောက်ဖော်ထုတ် အရေးယူဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ မြန်မာ နိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် သတင်းအချက် အလက်များ ဖော်ထုတ်ရယူ၍ အရေးယူဆောင်ရွက်သွားကြရန်လိုကြောင်း၊ မူးယစ် ဆေးဝါးနှင့်ပတ်သက်၍လည်း ထုတ်လုပ်မှု၊ သယ်ယူပို့ဆောင်မှု၊ သိုလှောင် ရောင်းချမှု ဟူ၍ ရှိပြီး သယ်ယူပို့ဆောင်ရာတွင် မြို့ကြီးများကို ဖြတ်ကျော်သယ်ဆောင်နေခြင်းများ ဖြစ်သဖြင့် စနစ်တကျဖိဖိစီးစီးဖြင့် ဖော်ထုတ်အရေးယူဆောင်ရွက်သွားရမည်ဖြစ် ကြောင်း၊ ပြည်ပနိုင်ငံများမှ ဒုစရိုက်မှုများကျူးလွန်၍ ထွက်ပြေးတိမ်းရှောင်လာသူများ အနေဖြင့် နယ်စပ်ဒေသများရှိ ဒေသခံတိုင်းရင်းသူများနှင့် လက်ထပ်ထိမ်းမြားခြင်းများ လုပ်ဆောင်ပြီး မိမိတို့ နိုင်ငံသားအဖြစ်ရရှိရန်ဆောင်ရွက်ခြင်းများလည်းရှိကြောင်း၊ ထို့ကြောင့် သက်ဆိုင်ရာ အုပ်ချုပ်ရေး တာဝန်ရှိသူများအနေဖြင့် နိုင်ငံခြားသားများနှင့် မိမိတို့နိုင်ငံသားများ တရားမဝင် လက်ထပ်ပေါင်းသင်း နေထိုင်ခြင်းများကို စနစ်တကျဖြင့် ဖော်ထုတ်သွားကြရန်လိုကြောင်း။
စာကြည့်တိုက်များနှင့်ပတ်သက်၍လည်း အားပေးဆောင်ရွက်သွားရန်လိုပြီး စာဖတ်ရှိန်မြှင့်တင်ရေးနှင့် စာကြည့်တိုက်လုပ်ငန်းများ တိုးတက်ရေးအတွက်လည်း စဉ်ဆက်မပြတ် ဆောင်ရွက်ပေးသွားရန်မှာကြားလိုကြောင်းဖြင့် ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။