​​​​​​​ပူတင်နှင့်ထရမ့်တို့၏ဆွေးနွေးမှုက  တစ်ကမ္ဘာလုံးအတွက်အလွန်အရေးပါဟု မက်ဗီဒက်ပြော

ပူတင်နှင့်ထရမ့်တို့၏ဆွေးနွေးမှုက  တစ်ကမ္ဘာလုံးအတွက်အလွန်အရေးပါဟု မက်ဗီဒက်ပြော

မော်စကို၊ နိုင်ငံရေး

ရုရှားသမ္မတဗလာဒီမာပူတင်နှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တို့နှစ်ဦးကြား ပြုလုပ်ခဲ့သည့် ဖုန်းမှတစ်ဆင့်ဆွေးနွေးပြောဆိုမှုသည် နှစ်နိုင်ငံကြားနှစ်ပေါင်းများစွာကြာ    သံတမန်ဆက်ဆံရေးအေးစက်ခဲ့ပြီးနောက် ထွက်ပေါ်လာသည့်အလွန်အရေးပါသော ဆွေးနွေးမှုဖြစ်ကြောင်း ရုရှားလုံခြုံရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒီမီထရီမက်ဗီဒက်က ဖေဖော်ဝါရီလ၁၃ ရက်တွင် ပြောသည်။

ရုရှားနှင့်အမေရိကန်သမ္မတတို့နှစ်ဦးကြား ဆွေးနွေးမှုတစ်ရပ်ကို လုပ်ဆောင်ခဲ့ပြီးဖြစ်ကြောင်း၊  ယင်းဆွေးနွေးမှုသည်တစ်ကမ္ဘာလုံးအတွက်  အလွန်အရေးပါကြောင်း မက်ဗီဒက်ကထုတ်ပြန်ချက်တစ်ရပ်တွင်ပြောသည်။ ထို့ပြင်  ယခင်အမေရိကန်အစိုးရသည် ရုရှားနိုင်ငံအား အပြစ်ပေးရန်နှင့် အရှက်ခွဲရန်အတွက် နှစ်နိုင်ငံအစိုးရကြား  တွေ့ဆုံဆွေးနွေးမှုအားလုံးကို  ဖြတ်တောက်ပစ်ခဲ့ကြောင်း မက်ဗီဒက်က ဆက်လက်ပြောကြားသည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ဖေဖော်ဝါရီလ ၁၂ ရက်တွင် ရုရှားသမ္မတ ပူတင်နှင့် ဖုန်းမှတစ်ဆင့်ပြောဆိုခဲ့ပြီး လက်ရှိ  ဆက်လက်ဖြစ်ပွားနေသည့် ယူကရိန်းပဋိပက္ခအား   အဆုံးသတ်နိုင်ရေးအတွက်စေ့စပ်ဆွေးနွေးမှုများစတင်လုပ်ဆောင်ရန် ခေါင်းဆောင်နှစ်ဦးစလုံးက သဘောတူညီခဲ့ကြောင်း   ထရမ့်က ပြောကြားသည်။

ရုရှားနိုင်ငံက ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလတွင် ယူကရိန်း၌ အထူးစစ်ဆင်ရေးစတင်ပြီးနောက် သမ္မတပူတင်နှင့် အမေရိကန်သမ္မတဟောင်း   ဂျိုးဘိုင်ဒင်တို့ကြား ဖုန်းပြောဆိုဆက်သွယ်မှုရပ်ဆိုင်းခဲ့သည့်အပြင် အမေရိကန်အစိုးရသည် ဥရောပနိုင်ငံများနှင့်အတူ ယူကရိန်းနိုင်ငံသို့ စီးပွားရေး၊ လူသားချင်းစာနာမှုနှင့် စစ်ရေးအကူအညီများကို  ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။               

Ref: Tass