UWSA (ဝ)အဖွဲ့နှင့် NDAA(မိုင်းလား)အဖွဲ့တို့အတွက် COVID-19  ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအထောက်အကူပြုပစ္စည်းများနှင့် စားသောက်ဖွယ်ရာများ ပေးအပ်လှူဒါန်း

နေပြည်တော်၊ ဒီဇင်ဘာ - ၃၁
    
တပ်မတော်အနေဖြင့် ကမ္ဘာ့ကပ်ရောဂါ Coronavirus Disease 2019 (COVID-19) ရောဂါနှင့်ပတ်သက်၍ ရောဂါကြိုတင်ကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများတွင် အင်တိုက်အားတိုက်အရှိန်အဟုန်ဖြင့် ပါဝင်ကူညီဆောင်ရွက်လျက်ရှိပြီး တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီး၌ တပ်မတော်ဆေးအဖွဲ့များဖြင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်းနှင့် ပြည်သူ့ဆေးရုံများ၊ တိုက်နယ်ဆေးရုံများ၊ ကျေးလက်ကျန်းမာရေး ဌာနများသို့ ဆေးရုံသုံးပစ္စည်းများ ပေးပို့လှူဒါန်းခြင်းများ ဆောင်ရွက်ပေးလျက်ရှိသည်။
    
ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် UWSA (ဝ)အဖွဲ့နှင့် NDAA(မိုင်းလား)အဖွဲ့တို့အတွက် COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအထောက်အကူဖြစ်စေရန် တပ်မတော်(ကြည်း၊ ရေ၊ လေ)မှ လှူဒါန်းသည့် ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအထောက်အကူပြုပစ္စည်းများကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်လေဆိပ်မှတစ်ဆင့် တပ်မတော်လေယာဉ်၊ ရဟတ်ယာဉ်တို့ဖြင့် ပို့ဆောင်ပေးသည်။
    
ထိုသို့ပို့ဆောင်ရာတွင် အဆိုပါဆေးပစ္စည်းများအား ပန်ဆန်းမြို့၌ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် သန်းလှိုင် နှင့် အဖွဲ့ဝင် များက သွားရောက် ပေးအပ်လှူဒါန်းရာ UWSA(ဝ)အဖွဲ့မှ ဦးပေါက်ယူရီ နှင့် အဖွဲ့ဝင်များက ကြိုဆိုခဲ့ကြသည်။
    
ဦးစွာ တိုင်းမှူးက (Covid-19)ရောဂါကြိုတင် ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အထောက်အကူပစ္စည်းများ ပေးအပ်လှူဒါန်းရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများက လှူဒါန်းသည့် Personal Protective Equipment (PPE) ဝတ်စုံ ၃၀၀၀ စုံ၊Goggle ၁၂၀၀ ခု၊ Surgical Gloves  ၆၀၀၀ ခု၊ N95 Mask  မျိုးစုံ ၆၀၀၀ ခု၊ Face Shield   မျိုးစုံ ၁၈၀၀ ခု၊Surgical Mask  ၃၀၀၀၀ ခု၊ Aprons    ၁၂၀၀ ခု၊ Hand Gel  ၁၀၀ ဘူး၊ Spirit   Methylated 500 ml ၆၀၀ ဘူး၊ Bleaching  Powder ၁ ဘူး၊ Waste  Disposal   Bag ၆၀၀ ခု၊ Oxygen  Cylinder  ၁၀ ဘူး၊ Disposable  Cap  ၁၂၀၀ ခု၊ Shoe  Cover ၃၀၀၀ ခု၊ ဆေးဝါးပစ္စည်းမျိုးစုံတို့ကို ပေးအပ်ရာ UWSA (ဝ)အဖွဲ့မှ ဦးပေါက်ယူရီ က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ကာ ကျေးဇူးတင်စကား ပြောကြားသည်။ 
    
အလားတူ NDAA (မိုင်းလား)အဖွဲ့အတွက် တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများက လှူဒါန်းသော (Covid-19)ရောဂါကြိုတင် ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အထောက်အကူပစ္စည်းများကို တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ခင်လှိုင်နှင့် အဖွဲ့ဝင်များက ယနေ့နေ့လယ်ပိုင်းတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းလားမြို့၊ အရှေ့တိုင်း ဧည့်ရိပ်မွန်ဟိုတယ်၌ သွားရောက်ပေးအပ်ရာ NDAA(မိုင်းလား)အဖွဲ့မှ ဥက္ကဋ္ဌ ဦးစိုင်းလင်းနှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်သည်။ 
    
ထို့နောက် တိုင်းမှူး က လှူဒါန်းရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး  (Covid-19)ရောဂါကာကွယ်ရေး အထောက်အကူပြု ပစ္စည်းများဖြစ်သည့် Personal Protective Equipment (PPE) ဝတ်စုံ ၂၀၀၀ စုံ၊ Goggle  ၈၀၀ ခု၊ Surgical Gloves   ၄၀၀၀ ခု၊N95 Mask မျိုးစုံ ၄၀၀၀ ခု၊ Face Shield  မျိုးစုံ ၁၂၀၀ ခု၊ Surgical Mask   မျိုးစုံ ၂၀၀၀၀ ခု၊ Aprons  ၈၀၀ ခု၊ Hand Gel ၁၀၀ ဘူး၊Spirit   Methylated 500 ml ၄၀၀ ဘူး၊ Bleaching  Powder  ၁ ဘူး၊ Waste  Disposal   Bag  ၄၀၀ ခု၊ Oxygen  Cylinder  ၁၀ ဘူး၊Disposable  Cap  ၈၀၀ ခု၊ Shoe  Cover ၂၀၀၀ ခုနှင့် ဆေးပစ္စည်းမျိုးစုံတို့ကို ပေးအပ်လှူဒါန်းရာ  ဦးစိုင်းလင်းနှင့် တာဝန်ရှိသူများက လက်ခံရယူပြီး ကျေးဇူးတင် စကားများပြန်လည်ပြောကြားခဲ့ ကြောင်း သတင်းရရှိသည်။