နိုင်ငံတော် သံဃမဟာ နာယက အဖွဲ့ ဥက္ကဋ္ဌ ဆရာတော်၏ နှစ်သစ်ကူး ဆုတောင်း

နှစ်သစ်ကူးမင်္ဂလာအခါ၌   ဆုတောင်းမင်္ဂလာ စကားပြောကြားလိုသည်မှာ ရှေးနှစ်ပေါင်း ၂၅ဝဝ ကျော်  ဘုရား လက်ထက် က ဝေသာလီပြည်၌ ကပ်ကြီး ၃ပါး ဆိုက်ရောက်ဖူးသည်။ (၁) ရောဂန္တ ရကပ်၊ (၂) ဘီလူး သရဲကပ်၊ (၃) အစာငတ်မွတ်သည့် ဒုဗ္ဘိက္ခကန္တရကပ် ဤကပ်ကြီး ၃ပါးကြောင့် သတ္တဝါတွေ ဒုက္ခအကြီးအကျယ်  ဆိုက် ရောက် နေခဲ့ပါသည်။ ထိုအခါ မြတ်စွာဘုရားရှင်က ညီတော် အာနန္ဒာထေရ်ကို  ရတနသုတ် သင်ပြပေးပြီး နေရာ အနှံ့ ရွတ်စေပါသည်။ မကြာမီ ကပ်ကြီး ၃ ပါး ကင်းပျောက် ချမ်းသာသွားကြပါသည်။

ဒို့မြန်မာနိုင်ငံသူ နိုင်ငံသားအပေါင်းလည်း ရတနသုတ်တရားကို နေ့ရောညပါ  အခါခပ်သိမ်းရွတ်ဖတ် ပူဇော်နိုင်ကြ ပါစေ၊  ဒါနသီလတို့ကိုလည်း  ဆောက်တည်၍ နတ်ဗြဟ္မာအပေါင်းအား အမျှအမျှပေးဝေနိုင်ကြပါစေ၊ နတ်ဗြဟ္မာ အပေါင်း အမျှရ၍ ကျန်းမာချမ်းသာ ဘုန်းတန်ခိုး ကြီးကြပါစေ၊ နတ်ဗြဟ္မာအပေါင်း သူတော်ကောင်းတို့က ကျေးဇူး တုံ့ပြန်သော အားဖြင့် နိုင်ငံသူ နိုင်ငံသား ကမ္ဘာသူ ကမ္ဘာသားတို့အား ဆိုက်ရောက်နေသော  ကိုဗစ်-၁၉ ရောဂန္တရ ကပ်ဆိုးကြီးမှ အမြန်ကင်းဝေးအောင် စောင့်ရှောက်ကြပါစေ ကုန်သတည်း။ဘဒ္ဒန္တကုမာရာဘိဝံသ၊ ဥက္ကဋ္ဌ

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့

ရန်ကုန်၊ ကမ္ဘာအေး။