အမေရိကန်နှင့်ရုရှား အဆင့်မြင့်အရာရှိကြီးများ၏ တွေ့ဆုံဆွေးနွေးပွဲကို ဆော်ဒီအာရေဗျ၌ ကျင်းပ

 

အမေရိကန်နှင့်ရုရှား အဆင့်မြင့်အရာရှိကြီးများ၏ တွေ့ဆုံဆွေးနွေးပွဲကို ဆော်ဒီအာရေဗျ၌ ကျင်းပ

 

      ယူကရိန်းလက်နက်ကိုင် ပဋိပက္ခ အဆုံးသတ်ရေး စေ့စပ်ဆွေးနွေးရန်နှင့် နှစ်နိုင်ငံကြား  ဆက်ဆံရေး တိုးတက်လာစေရန် ကြိုးပမ်းချက်တစ်ရပ်အဖြစ် အမေရိကန်နှင့် ရုရှား  အဆင့်မြင့်အရာရှိကြီးများ၏ တွေ့ဆုံဆွေးနွေးပွဲကို  ဆော်ဒီအာရေဗျနိုင်ငံ   ရီယက်မြို့၌   ဖေဖော်ဝါရီလ ၁၈ ရက်တွင် စတင်ကျင်းပကြောင်း သိရသည်။

ယခုကျင်းပသည့် အမေရိကန်နှင့် ရုရှားအရာရှိကြီးများကြား တွေ့ဆုံဆွေးနွေးမှုသည် ရုရှားသမ္မတ ဗလာဒီမာပူတင်က လွန်ခဲ့သည့်  သုံးနှစ်နီးပါးက ယူကရိန်းနိုင်ငံအတွင်း အထူးစစ်ဆင်ရေးတစ်ရပ် စတင်ဆင်နွှဲခဲ့ပြီးနောက် နှစ်နိုင်ငံစလုံးမှ ထိပ်တန်းအရာရှိများ အကြား  ပထမဆုံးအကြိမ်ကျင်းပသည့်  မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေးမှုဖြစ်သည်။

ယခုတွေ့ဆုံပွဲ၌ ရုရှားနိုင်ငံခြားရေး ဝန်ကြီး ဆာဂျီလက်ရော့နှင့် ရုရှားသမ္မတဗလာဒီမာပူတင်၏ အကြံပေး ယူရီအူရှာကော့တို့က အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မားကို့ရူဘီယို၊  အမျိုးသားလုံခြုံရေး အကြံပေးမိုက်ဝေါ့၊   အမေရိကန်အထူး ကိုယ်စားလှယ် စတိဝစ်ကော့တို့နှင့် တွေ့ဆုံ ဆွေးနွေးခဲ့ခြင်းဖြစ်သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း၌ ရုရှားသမ္မတပူတင်နှင့် ဖုန်းမှတစ်ဆင့်ဆွေးနွေး၍ နှစ်နိုင်ငံကြား စေ့စပ်ညှိနှိုင်းမှုစတင်ရန် နှစ်ဖက်စလုံးမှ  သဘောတူခဲ့ကြောင်း ကြေညာခဲ့ပြီးနောက်   ရီယက်မြို့တွင်  နှစ်နိုင်ငံအရာရှိကြီးများ၏  တွေ့ဆုံဆွေးနွေးမှု ထွက်ပေါ်လာခြင်းဖြစ်သည်။

အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့ ဆော်ဒီအာရေဗျနိုင်ငံမှ ကိုယ်စားလှယ်များလည်း တက်ရောက်ခဲ့သည်။

အမေရိကန်နှင့် ရုရှားနိုင်ငံတို့အနေဖြင့် ၎င်းတို့၏ ဆက်ဆံရေးကြား ရှိနေသည့် အနှောင့်အယှက်များကို ဖယ်ရှားနိုင်ရေးအတွက် ဆွေးနွေးတိုင်ပင်မှု ယန္တရားတစ်ခုကို တည်ထောင်ရန်   ယခုဆွေးနွေးပွဲ၌ သဘောတူခဲ့ကြပြီး ဆွေးနွေးပွဲသည် အပြုသဘောဆောင်သည့် ဆွေးနွေးပွဲတစ်ရပ် ဖြစ်သည်ဟု ရုရှားက ထုတ်ပြန်သည်။

သို့ရာတွင် ယူကရိန်းက ပါဝင်မှုမရှိဘဲ သမ္မတချမှတ်မည့် မည်သည့်ငြိမ်းချမ်းရေး သဘောတူညီချက်ကိုမျှ အသိအမှတ်ပြုမည် မဟုတ်ကြောင်းနှင့် ရီယက်မြို့၌ ကျင်းပမည့် အမေရိကန်နှင့် ရုရှားအရာရှိကြီးများကြား တွေ့ဆုံဆွေးနွေးမှုနှင့် စပ်လျဉ်း၍ ယူကရိန်းနိုင်ငံအား   အသိပေးထားခြင်းလည်း မရှိကြောင်း ယူကရိန်းသမ္မတ ဇီလန်စကီက ဖေဖော်ဝါရီလ ၁၇ ရက်တွင် ပြောကြားထားကြောင်း သိရသည်။