ယူကရိန်းလုံခြုံရေးကို အာမခံချက်ပေးရန် အတွက် တပ်ဖွဲ့ဝင်များစေလွှတ်ရန် အသင့်ရှိသည်ဟု ဗြိတိန်ပြော

 

ယူကရိန်းလုံခြုံရေးကို အာမခံချက်ပေးရန် အတွက် တပ်ဖွဲ့ဝင်များစေလွှတ်ရန် အသင့်ရှိသည်ဟု ဗြိတိန်ပြော

 

      ယူကရိန်းပဋိပက္ခကို ဖြေရှင်းနိုင်ရန်အတွက်  ယူကရိန်းနိုင်ငံ၏ လုံခြုံရေးကို အာမခံချက်ပေးရန်   ဗြိတိန်နိုင်ငံက ၎င်းတို့၏တပ်ဖွဲ့ဝင်များကို စေလွှတ်ရန် အသင့်ရှိသည်ဟု ဗြိတိန်ဝန်ကြီးချုပ် ကီယာ စတားမားက ပြောကြားခဲ့ကြောင်း ဗြိတိန်သတင်းစာကြီးတစ်စောင်   ဖြစ်သည့် The Daily Telegraph တွင်  ဖော်ပြထားသည်။

ဗြိတိန်နိုင်ငံအနေဖြင့် ယူကရိန်းနိုင်ငံ၏ လုံခြုံရေးကိုအာမခံပေးနိုင်ရန် လုပ်ဆောင်မှုတွင်   ဦးဆောင်သည့် အခန်းကဏ္ဍမှ ပါဝင်ရန်အသင့်ရှိပြီး ယူကရိန်းတပ်မတော်သို့  အကူအညီအဖြစ် နှစ်စဉ် စတာလင်ပေါင်  ၃ ဘီလီယံ (ဒေါ်လာ ၃ ဒသမ ၈ ဘီလီယံခန့်)ကို လာမည့် ၂၀၃၀ ပြည့်နှစ်အထိ ပေးအပ်ရန်ကတိပြုပြီးဖြစ်ကြောင်း စတားမားကပြောသည်။

ထို့ပြင် လိုအပ်ပါက ဗြိတိန်အစိုးရက ၎င်းတို့တပ်ဖွဲ့ဝင်များအား ယူကရိန်းသို့ စေလွှတ်ရန်အတွက်လည်း အသင့်ရှိသည်ဟု ၎င်းကဆက်လက်ပြောကြားသည်။

ယူကရိန်း၏  အနာဂတ်အရေးသည် ဥရောပဒေသတစ်ခုလုံးနှင့် သက်ဆိုင်သည့်ကိစ္စရပ် တစ်ခုဖြစ်သောကြောင့် ဥရောပနိုင်ငံများအနေဖြင့် ၎င်းတို့၏ ကာကွယ်ရေးအတွက် အသုံးစရိတ်ကို တိုးမြှင့်၍ နေတိုးအဖွဲ့တွင် ပိုမိုအရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်ရန်လိုအပ်ကြောင်း စတားမားက ပြောကြားခဲ့ကြောင်းသိရသည်။

ယူကရိန်းနိုင်ငံသို့ ဗြိတိန်တပ်များအား စေလွှတ်မည့်အစီအစဉ်အား စတားမားက ပထမဆုံးအကြိမ်အဖြစ် လူသိရှင်ကြား ထုတ်ဖော်ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း The Daily Telegraph သတင်းစာတွင် ဆက်လက် ဖော်ပြထားသည်။