ယူကရိန်း၌ ငြိမ်းချမ်းမှု ထိန်းသိမ်းရေး တပ်ဖွဲ့ဝင်များကို ဖြန့်ကြက်မည့် အစီအစဉ်အား ဥရောပနိုင်ငံများက အမေရိကန်သို့ ကမ်းလှမ်းမည်
ဥရောပနိုင်ငံများက အရေအတွက်အားဖြင့် ၃၀၀၀၀ မကျော်သည့် ငြိမ်းချမ်းမှုထိန်းသိမ်းရေး တပ်ဖွဲ့ဝင်များကို ယူကရိန်းနိုင်ငံအတွင်း ဖြန့်ကြက်မည့် အစီအစဉ်အား အမေရိကန်အစိုးရထံ ကမ်းလှမ်းမည်ဖြစ်ကြောင်း ဗြိတိန်သတင်းစာကြီး တစ်စောင်က ဖော်ပြသည်။
ယူကရိန်းနိုင်ငံတွင် အနောက်နိုင်ငံများမှ ငြိမ်းချမ်းမှု ထိန်းသိမ်းရေး တပ်ဖွဲ့ဝင်များအား ဖြန့်ကြက်မည့် အစီအစဉ်ကို ပြင်သစ်နိုင်ငံ ပဲရစ်မြို့၌ ကျင်းပသည့် အလွတ်သဘော ဆွေးနွေးပွဲ၌ အတည်ပြုထားပြီး ဖြစ်ကြောင်း The Daily Telegraph သတင်းစာက ဖေဖော်ဝါရီလ ၁၉ ရက်တွင်ဖော်ပြသည်။
အဆိုပါ ကမ်းလှမ်းချက်အား ဗြိတိန်ဝန်ကြီးချုပ် ကီယာစတားမားက အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ထံသို့ လာမည့်ရက်သတ္တပတ်အတွင်း ပေးပို့မည်ဖြစ်ကြောင်း သိရသည်။ အဆိုပါကမ်းလှမ်းချက်အား ဗြိတိန်နှင့် ပြင်သစ်နိုင်ငံတို့က တင်သွင်းခြင်းဖြစ်သည်။
အဆိုပါကမ်းလှမ်းချက်အရ ဥရောပငြိမ်းချမ်းမှု ထိန်းသိမ်းရေးတပ်ဖွဲ့ဝင်များအား ယူကရိန်းနိုင်ငံရှိ အကြီးဆုံးမြို့ကြီးများဖြစ်သည့် ပိုတာဗာ၊ နီပရို၊ ခရီဗွိုင်ရော့တို့တွင် ဖြန့်ကြက်မည်ဖြစ်သည်။ သို့သော် ယူကရိန်းတွင် အဆိုပါတပ်ဖွဲ့ဝင်များ ဖြန့်ကြက်မည့် အစီအစဉ်ကို ဂျာမနီ၊ စပိန်နှင့် အီတလီတို့က ကန့်ကွက်ထားကြောင်း သိရသည်။
ဗြိတိန်ဝန်ကြီးချုပ် စတားမားနှင့် ပြင်သစ်သမ္မတ အီမန်နျူယယ်မက်ခရွန်တို့ အနေဖြင့် ယူကရိန်း ပဋိပက္ခအား အဆုံးသတ်နိုင်ရေးအတွက် ယူကရိန်းနိုင်ငံသို့ လာမည့် ရက်သတ္တပတ်အတွင်း သွားရောက်မည်ဟု အမေရိကန်အစိုးရက မျှော်လင့်သည်ဟု အမေရိကန်သမ္မတ ထရမ့်၏ အမျိုးသားလုံခြုံရေးအကြံပေး မိုက်ဝေါ့က ဖေဖော်ဝါရီလ ၁၉ ရက်တွင် Fox News ရုပ်သံနှင့် ပြုလုပ်သည့် တွေ့ဆုံမေးမြန်းခန်း တစ်ခု၌ ပြောကြားခဲ့ကြောင်း သိရသည်။