ယမန်နေ့မှအဆက်
မဇ္ဈိမသတင်းဌာနမှ သတင်းထောက် ဦးသန်းထိုက်အောင်က ပြီးခဲ့သော ရွေးကောက်ပွဲအချက်အလက်များနှင့် ပတ်သက်ပြီး တပ်မတော်က အချက်အလက်များ ထုတ်ပြန်နေတာရှိကြောင်း၊ ထိုထုတ်ပြန်မှုသည် ဘာအတွက် ထုတ်ပြန်သည်ကို သိလိုပါကြောင်း၊ ထုတ်ပြန်ရုံပဲ ထုတ်ပြန်တာလား၊ ဘာတွေလုပ်မှာလဲ၊ ရွေးကောက်ပွဲ ရလဒ်ကို လက်မခံတာလား ရှင်းရှင်းလင်းလင်း သိလိုပါကြောင်း မေးမြန်းသည်။
ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက အဓိက ထုတ်ပြန်ချက် ၃ ခု ထုတ်ပြန်ထားပြီးဖြစ်ကြောင်း၊ ထိုထုတ်ပြန်ချက် ၃ ခုတွင် ဘယ်လိုနည်းနှင့် ထုတ်ပြန်သလဲဆိုသည်ကို စာရင်းဇယားများနှင့် ဖော်ပြပြီးဖြစ်ကြောင်း၊ စာရင်း ရရှိခဲ့မှုနည်းလမ်းများအနေနှင့် တိုင်းဒေသကြီး၊ ပြည်နယ်၊ မြို့နယ်များ၏ မဲဆန္ဒရှင်စာရင်းများကို ပေးထား တာရှိပါကြောင်း၊ အချို့လည်း ရွေးကောက်ပွဲမဲစာရင်း ကြေညာခါနီးမှ အချိန်ကပ်ပြီးရသည့်သူများရှိကြောင်း၊ မဲစာရင်းကြေညာပြီးမှ ရခဲ့သည်လည်းရှိကြောင်း၊ ပါတီများကိုပေးခဲ့တာရှိကြောင်း၊ ကြေညာခဲ့တာရှိကြောင်း၊ PDF File များဖြစ်ကြောင်း၊ ထို PDF File များထဲက စာရင်းများကို Excel File များ ပြောင်း၍ စစ်ဆေးခဲ့ ကြောင်း၊ စစ်ဆေးသည့်အခါ အများအားဖြင့်မူတည်သည်မှာ လူတစ်ယောက်၏ ID ဖြစ်သည့် မှတ်ပုံတင် ဖြစ်ကြောင်း၊ ထိုမှတ်ပုံတင်ကတ်ကို အဓိကထား စစ်ဆေးခဲ့ကြောင်း၊ မှတ်ပုံတင်ကတ်များနှင့်ပတ်သက်၍ Excel File များနှင့် စစ်ဆေးခဲ့သည့်အခါ မှတ်ပုံတင်ကတ်များ ထပ်နေသည်ကိုတွေ့ရှိခဲ့ရကြောင်း၊ မိမိတို့ ထုတ်ပြန်ချက်ထဲတွင်လည်း ပါပြီးဖြစ်ကြောင်း၊ မိမိတို့ထုတ်ပြန်ချက်ထဲတွင် သံသယဖြစ်နိုင်သည်များ၊ ထပ်နေသည်များကို နည်းပညာနှင့်အခြေခံပြီး ထုတ်ပြန်တာဖြစ်ကြောင်း၊ ဒါနှင့်ပတ်သက်ပြီး ဥပဒေအတိုင်း ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။
ဆက်လက်၍ မဇ္ဈိမသတင်းဌာနမှ သတင်းထောက် ဦးသန်းထိုက်အောင်က ဥပဒေအတိုင်းဆိုတာ ဥပမာ-အချို့သောတပ်မတော်သားများက မဲဆန္ဒရှင်အနေနှင့် အချို့သောကိုယ်စားလှယ်များကို ကန့်ကွက်လွှာ တင်သွင်းထားသည်များရှိပါကြောင်း၊ တပ်မတော်၏လမ်းညွှန်မှုကြောင့် ဟုတ်၊ မဟုတ်သိလိုကြောင်း၊ ဥပဒေ အတိုင်း ဆောင်ရွက်မည်ဆိုသည်မှာ ထိုသို့ဆောင်ရွက်ခြင်းကို ဆိုလိုခြင်းလား၊ ဘယ်လိုအခြေ အနေမျိုးလဲ သိလိုပါကြောင်း မေးမြန်းသည်။
ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက လွှတ်တော်ရွေးကောက်ပွဲဥပဒေပုဒ်မ ၆၈(က) နည်းဥပဒေ ၈၇ တို့အရ ယှဉ်ပြိုင် အရွေးခံသည့် မည်သည့်လွှတ်တော်ကိုယ်စားလှယ်လောင်းကမဆို သို့မဟုတ် မည်သည့်မဲဆန္ဒနယ်တွင် မဲပေးခဲ့သည့် မည်သည့်မဲဆန္ဒရှင်ကမဆို ကန့်ကွက်နိုင်တာဖြစ်ကြောင်း၊ ယခုကန့်ကွက်သည်များကတော့ တပ်မတော်သားများအနေဖြင့် မဲဆန္ဒရှင်အနေဖြင့် ကန့်ကွက်တာဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။
ဆက်လက်၍ မဇ္ဈိမသတင်းဌာနမှ သတင်းထောက် ဦးသန်းထိုက်အောင်က နောက်တစ်ချက်အနေနှင့် ယခုလိုပဲ ရွေးကောက်ပွဲဆိုင်ရာအချက်အလက်များကို ထုတ်ပြန်ချက်ကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီကလည်း ထုတ်ပြန် နေတာရှိပါကြောင်း၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အကြီးအကဲများ သည် တပ်မတော်၏ ထိပ်ပိုင်းခေါင်းဆောင်များအနေနှင့် တာဝန်ထမ်းဆောင်ခဲ့ခြင်းများရှိခဲ့သည့်အတွက် ပြည်သူအကြားထဲတွင် ယင်းပါတီနှင့်တပ်မတော်ကို ယှဉ်တွဲပြီး မြင်နေတာရှိပါကြောင်း၊ ထို့ပြင် ယခုလုပ် ဆောင်ချက်များကလည်း ပုံစံတူဖြစ်နေသည့်အတွက် တပ်မတော်နှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီကြားတွင် ယခုကိစ္စများကို ပူးပေါင်းဆောင်ရွက်သည်များ ရှိ၊ မရှိသိလိုကြောင်း မေးမြန်းသည်။
ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပူးပေါင်းဆောင်ရွက်ခြင်းမရှိပါကြောင်း၊ တပ်မတော်အနေနှင့် တပ်မတော်သား မဲဆန္ဒရှင်များ မဲပေးခဲ့သည့်နယ်မြေများတွင် တွေ့ရှိချက်များကို လိုအပ်ရင်လိုအပ်သလိုပြောသွား မှာဖြစ်သည် ဟု ယခင်သတင်းစာရှင်းလင်းပွဲကတည်းကပြောခဲ့ပါကြောင်း ပြန်လည်ဖြေကြားသည်။
ဆက်လက်၍ မဇ္ဈိမသတင်းဌာနမှ သတင်းထောက် ဦးသန်းထိုက်အောင်က ပြီးခဲ့သည့် သတင်းစာရှင်း လင်းပွဲတွင် မိမိ မေးခဲ့ဖူးကြောင်း၊ မိမိတို့သတင်းဌာနမှ Live ထုတ်လွှင့်ခဲ့သည့်အတွက် မန္တလေးတိုင်း ဒေသကြီးမှ ဘုရားတည်မည့်ကျောက်တုံးများကို သယ်ခဲ့သည့်ကိစ္စတွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တာဝန်ရှိသူများ သွားရောက်စစ်ဆေးပြီး တောင်သူများ၏ နစ်နာမှုကိုဖြေရှင်းပေးမည်၊ တတ်နိုင်သမျှ ကူညီဆောင်ရွက်ပေးမည်ဆိုပြီး အရာရှိပိုင်းတွေက ကတိပေးဆောင်ရွက်သွားတာရှိပါကြောင်း၊ သို့သော် သတင်းစာ ရှင်းလင်းပွဲပြုလုပ်ခါနီးအချိန်ထိ မိမိမေးမြန်းကြည့်ရာ အမြန်လမ်းတစ်လျှောက်ရှိ တောင်သူများကို ယခုအချိန်အထိ တာဝန်ရှိသူများအနေဖြင့် မည်သူမျှလာရောက်စစ်ဆေးခြင်းမျိုး၊ ကူညီခြင်းမျိုးလာရောက် ပြုလုပ်ပေးခြင်းမရှိသေးကြောင်း သိရှိရပါကြောင်း၊ တပ်မတော်အနေဖြင့် လိုအပ်သည်များကို ကူညီဆောင် ရွက်ပေးစေလိုကြောင်းနှင့် မည်သို့ဆောင်ရွက်ထားသည်ကိုလည်း မိမိအနေဖြင့် သိရှိလိုပါကြောင်း မေးမြန်း သည်။
ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ထိုကိစ္စနှင့်ပတ်သက်ပြီး ဆောင်ရွက်နေတာရှိပါကြောင်း၊ မြေပြင်မှာ လမ်းဖောက် လုပ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် တပ်များ၊ ပူးပေါင်းအဖွဲ့များရှိကြောင်း၊ ထိုအဖွဲ့များအနေနှင့် ထိုဖြစ်စဉ်များ မှန်၊ မမှန် စိစစ်နေဆဲဖြစ်ပါကြောင်း၊ အကုန်လုံးကို သိမ်းကျုံးမပြောလိုပေမယ့် အချို့ဖြစ်စဉ် များမှာ မမှန်ကန်ပါကြောင်း ပြန်လည်ဖြေကြားသည်။
RFA သတင်းဌာနမှ သတင်းထောက် ဒေါ်သက်စုအောင်က ဒီဇင်ဘာလ ၃၁ ရက်နေ့မှာ နောက်ဆုံး ထားပြီးတော့ ရွေးကောက်ပွဲကျင်းပဖို့ဆိုပြီး AA က တောင်းဆိုခဲ့ကြောင်း၊ အဲဒီတောင်းဆိုချက်ကိုလည်း တပ်မတော်ကကြိုဆိုခဲ့တယ်၊ အခုဒီကာလအတွင်းမှာလည်း ရွေးကောက်ပွဲကလည်း မကျင်းပနိုင်ခဲ့ဘူး။ အခုလို တိုက်ပွဲတွေရပ်ထားတဲ့အတောအတွင်းမှာ ဒေသခံတွေကပြောတာက ဒီကာလအတွင်းမှာ တပ်မတော် ဘက်က စစ်ရေးလှုပ်ရှားတာတွေမြင်နေရကြောင်း၊ တိုက်ပွဲပြန်ဖြစ်မှာကို စိုးရိမ်မှုတွေရှိနေကြတယ်။ နေရပ် ကိုပြန်သွားတဲ့သူတွေက ထောင်ချီနေကြကြောင်း၊ ဒါပေမဲ့ သူတို့က ပြန်တယ်ဆိုတာ စိတ်ချလက်ချပြန် တာမဟုတ်ဘဲ စိုးရိမ်မှုတွေရှိနေတယ်၊ တပ်မတော်ဘက်က ကင်းလှည့်တာတို့၊ လက်နက်အင်အား တိုးချတာ၊ စစ်ရေးလှုပ်ရှားမှုတွေသည် စစ်ဆင်ရေးပြန်စမယ်ဆိုတဲ့သဘောလား။ ဆက်စပ်မေးခွန်းအရ နောက်ပြီး AA နှင့် ငြိမ်းချမ်းရေးညှိနှိုင်းမှု အခြေအနေနဲ့ပတ်သက်ပြီး တပ်မတော်ဘက်က တရားဝင် သတင်းမထုတ်ပြန်သော် လည်း တစ်ဖက်က မေးတာသိတဲ့အခါမှာ တပ်မတော်ထိပ်ပိုင်း ခေါင်းဆောင်များနှင့် AA ကခေါင်းဆောင်တွေ Online ကနေတစ်ဆင့် ညှိနှိုင်းဆွေးနွေးတာတွေရှိတယ်လို့သိခဲ့ရတယ်၊ ညှိနှိုင်းဆွေးနွေးမှုကကော အလား အလာဘယ်လိုရှိပါသလဲ။ ညှိနှိုင်းရာမှာ အဓိက တွေ့ကြုံရတဲ့အခက်အခဲတွေက ဘာတွေလဲ။ AA နဲ့ တပ်မတော်ဆွေးနွေးပွဲမှာ အစိုးရကြားမှာ သဘောထားက ဘယ်လိုရှိပါသလဲ။ သဘောထားကွဲလွဲမှုရှိပါသလား သိလိုကြောင်း မေးမြန်းသည်။
ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက နံပါတ်တစ်မေးခွန်းကတော့ တပ်မတော်အနေဖြင့် ရခိုင်ပြည်နယ်မှာ ပစ်ခတ် တိုက်ခိုက်မှုတွေ ဆက်လက်မဖြစ်ပွားစေဖို့ကိုဘဲ ဆောင်ရွက်နေကြောင်း၊ ဒါကြောင့် စစ်အင်အားဖြည့်တင်းတာ မရှိဘူးလို့ဘဲပြောကြားလိုကြောင်း၊ စစ်အင်အားဖြည့်တင်းတာဆိုရင် ဘယ်အထောက်အထားနဲ့ပြောတာလဲ ဆိုတာ ပြန်လည်မေးမြန်းလိုကြောင်း၊ နံပါတ်နှစ်အချက်အနေဖြင့် ရွေးကောက်ပွဲ နှင့်ပတ်သက်ပြီး AA အနေဖြင့် ထုတ်ပြန်ချက်၊ ကြေညာချက်ထုတ်ပြန်ခဲ့ကြောင်း၊ ဒီနှစ်မကုန်ခင်မှာ ရွေးကောက်ပွဲလုပ်ပေး နိုင်ဖို့ အတွက်ဆန္ဒရှိတဲ့အကြောင်း၊ မေတ္တာ ရပ်ခံတဲ့အကြောင်း၊ ဒါကို တပ်မတော်အနေဖြင့် ကြိုဆိုကြောင်းကို ပြောကြားခဲ့ ကြောင်း၊ အဲဒီနောက်ပိုင်းမှာ ပစ်ခတ်တိုက်ခိုက်မှုမရှိသလောက်ဖြစ်ကြောင်း၊ လက်ရှိ အချိန် အထိလည်းမရှိကြောင်း၊ ပစ်ခတ်တိုက်ခိုက်မှုတွေ ဆက်လက်ဖြစ်ပွားနိုင်သလား၊ မဖြစ်ပွားနိုင်ဘူးလားက နှစ်ဖက်စလုံးတွင် မူတည်လိမ့်မယ်လို့ ပြောလိုကြောင်း၊ နှစ်ဖက်စလုံးရဲ့ ဆက်လက်စောင့်ထိန်း၊ စောင့်စည်းမှုပေါ်မှာပဲ မူတည်လိမ့်မည်လို့ပြောလိုကြောင်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အနေဖြင့် ယခင်မြစ်ကြီးနားမှာ KBC ဥက္ကဋ္ဌတို့နှင့် တွေ့ဆုံသည့်အခါတွင် တပ်မတော်အနေဖြင့် လက်ရှိ EAOs တည်ရှိနေသည့်နေရာများနှင့်ပတ်သက်ပြီး တပ်မတော်အနေဖြင့် ထိုးစစ်ဆင်တိုက်ခိုက်မှာမဟုတ်ဘူးလို့ ပြောခဲ့ပြီး ဖြစ်ကြောင်း၊ နံပါတ်သုံးအချက်အနေဖြင့် ငြိမ်းချမ်းရေးနှင့်ပတ်သက်လို့ကတော့ တပ်မတော် အနေဖြင့် အောက်ခြေအဆင့် ဆွေးနွေးမှုတွေရှိပါကြောင်း၊ ဆွေးနွေးခဲ့တဲ့နေရာမှာ အဓိကရည်မှန်းပြီး ဆွေးနွေးတာကတော့ ရခိုင်ပြည်နယ်မှာ လွတ်လပ်ပြီးတရားမျှတသည့်ရွေးကောက်ပွဲတွေဖြစ်လာနိုင်စေမည့် အခြေအနေ တစ်ခုရရှိနိုင်စေဖို့ ကျွန်တော်တို့ကဆောင်ရွက်ခဲ့တာ၊ ဆွေးနွေးခဲ့တာဖြစ်ကြောင်း၊ စောဒကတက် နေတာတွေတော့ရှိကြောင်း၊ အကြမ်းဖက်အဖွဲ့အစည်းနှင့် ဆွေးနွေးတာလားဆိုတဲ့ဟာမျိုးတွေဖြစ်ကြောင်း၊ ၎င်းကဲ့သို့ ဆွေးနွေးတာနှင့်ပတ်သက်ပြီး ယခင်သတင်းစာ ရှင်းလင်းပွဲမှာလည်း ပြောခဲ့ပြီးဖြစ်ကြောင်း၊ ငြိမ်းချမ်းရေး ဆွေးနွေးမှုလုပ်ငန်းစဉ်တွေမှာ ယခင်အစိုးရလက်ထက် အဆက်ဆက်ကတည်းက၊ ဖဆပလ အစိုးရလက်ထက်၊ တော်လှန်ရေး ကောင်စီအစိုးရလက်ထက်၊ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ အစိုးရလက် ထက်၊ နောက်ပိုင်းမှာ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီအစိုးရလက်ထက်၊ သမ္မတကြီး ဦးသိန်းစိန်အစိုးရ လက်ထက် အဲဒီအစိုးရလက်ထက်တွေမှာ ငြိမ်းချမ်းရေးဆွေးနွေးမှုဖြစ်စဉ်တွေကို ပြန်ကြည့်လိုက်ရင်သိနိုင်မည်ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးဆွေးနွေးမှုဖြစ်စဉ်တွေမှာ တပ်မတော်အနေဖြင့် သီးခြား ဆွေးနွေးရသည့်လုပ်ငန်းစဉ်များရှိကြောင်း၊ အစိုးရ အနေဖြင့် သီးခြားဆွေးနွေးရသည့်လုပ်ငန်း စဉ်များရှိကြောင်း၊ အစိုးရလည်းမဟုတ်၊ တပ်မတော်လည်းမဟုတ်ဘဲ ကြားခံအဖွဲ့ အစည်းများနှင့် သီးခြား ဆွေးနွေးရသည်များရှိကြောင်း၊ သို့သော် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များဆွေးနွေးရာတွင် ယခင်ခေတ်တုန်းက အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေဆိုတာမရှိခဲ့ကြောင်း၊ မတရားအသင်းဥပဒေသာရှိကြောင်း၊ အဲ့ဒီမတရား အသင်းဥပဒေကို ပယ်ဖျက်ပြီးမှ ဆွေးနွေးခဲ့ခြင်းမဟုတ်ကြောင်း၊ ယခုလက်ရှိအတိုင်းသာ ဆွေးနွေးခဲ့ကြောင်း၊ အဆင့်တစ်ခု တိုးတက်လာပြီးမှ မတရားအသင်းကနေ ပယ်ဖျက်ခဲ့သည်ဆိုတာ ရက်စွဲတွေ၊ ခုနှစ်တွေနှင့် ယခင်သတင်းစာရှင်းလင်းပွဲတွင် ပြောခဲ့ပြီးဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့် ရခိုင်ပြည်နယ်မှာ ယခုလို ပစ်ခတ်တိုက်ခိုက်မှုရပ်စဲနေတာကြောင့် ငြိမ်းချမ်းနေသည့်အခြေအနေ၊ IDP Camp တွေမှာနေပြီး ရွာသူ၊ ရွာသားတွေ သူ့ရွာသူပြန်၊ သူ့အလုပ်သူလုပ်နိုင်သည့် အခြေအနေကနေတစ်ဆင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တွေ ဖြစ်ပေါ်တိုးတက်လာလိမ့်မည်ဟု ယုံကြည်ကြောင်း ပြန်လည်ဖြေကြားသည်။
RFA သတင်းဌာနမှ သတင်းထောက် ဒေါ်သက်စုအောင်က ဆက်လက်၍ သိချင်တာက လက်ရှိဆွေးနွေးတဲ့ အခြေအနေနဲ့ ကြားထဲမှာဆွေးနွေးတာရှိပါသလား။ ထပ်မံဆွေးနွေးဖို့ရှိမလား။ ဘယ်လိုအခြေအနေရောက် နေပြီလဲဆိုတာကို သိလိုကြောင်း မေးမြန်းသည်။
ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက လက်ရှိဆွေးနွေးတာ ကျွန်တော်သိသလောက်ကတော့ ကြားထဲမှာ ဆွေးနွေးတာ မရှိကြောင်း၊ နောက်ထပ်ဖြစ်ပေါ်တိုးတက်လာမှုအခြေအနေကတော့ ခုနကပြောသည့် နှစ်ဖက်အခြေအနေ ပေါ်တွင်သာ မူတည်မည်ဖြစ်ကြောင်းဖြင့် ဖြေကြားသည်။
ဆက်လက်၍ RFA သတင်းဌာနမှ သတင်းထောက် ဒေါ်သက်စုအောင်က သူတို့ပေးထားသည့်အချိန်က ဒီဇင်ဘာလ ၃၁ ရက်ဆိုတာကြေညာထားတယ်။ မနက်ဖြန်ဆိုလျှင် ၃၁ ကပြည့်ပြီဖြစ်၍ ဒီနောက်ပိုင်း အခြေ အနေမှာရော တပ်မတော်အနေနဲ့ ဒီကြားထဲမှာ ထပ်ပြီးပြောဖို့တွေ၊ ဆွေးနွေးဖို့တွေ၊ တွေ့ဆုံဖို့တွေ တိုက်ပွဲကိစ္စ အပါအဝင်ရှိမလား သိလိုကြောင်း မေးမြန်းသည်။
ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဒါနှင့်ပတ်သက်ပြီး လောလောဆယ်ကတော့ သိရှိထားခြင်းမရှိကြောင်း၊ ကျွန်တော်ပြောသလို ဖြစ်ပေါ်တိုးတက်မှုတွေရှိနိုင်မည်ဟု ပြောလိုပါကြောင်း ဖြေကြားသည်။
ဆက်လက်၍ RFA သတင်းဌာနမှ သတင်းထောက် ဒေါ်သက်စုအောင်က နောက်ထပ်မေးခွန်းအနေဖြင့် ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ် တင်းမကျေးရွာ မှာ ရွာသား ၁၈ ယောက်ကို တပ်မ ၅၅ မှပြီးခဲ့သည့် မတ်လက ဖမ်းဆီးသွားချိန်မှစလို့ ယခုအချိန်အထိ သတင်းအစအန မရသေးတဲ့အတွက် သူတို့ရဲ့မိသားစုဝင် တွေက စိတ်ပူပန်နေကြတယ်။ ရဲစခန်းမှာ အမှုသွားဖွင့်တော့လည်း ဒါကရဲအရေးပိုင်တဲ့ အမှုမဟုတ်တဲ့အတွက် အမှုဖွင့်လို့မရဘူး။ တပ်ကိုပဲမေးပါဆိုပြီး ရဲကပြောတယ်။ တပ်မတော်ကရော ရွာသား ၁၈ ယောက်နဲ့ ပတ်သက်လို့ ကျွန်မသိသလောက် အောက်ခြေမှာစုံစမ်းတာတွေ လုပ်နေပါတယ်လို့ကြားရပါတယ်။ ရွာသား ၁၈ ယောက်နဲ့ပတ်သက်ပြီး သတင်းထုတ်ပြန်ပေးဖို့ရှိပါသလား။ ဒါနဲ့ပတ်သက်ပြီး အရေးယူမှုတွေ ရှိနေတယ် ဆိုရင်လည်း ဘယ်လိုအခြေအနေမှာရှိသလဲ သိလိုပါကြောင်း မေးမြန်းသည်။
ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဒါနဲ့ပတ်သက်ပြီး မိမိပြောလိုတာကတော့ အခုလိုအချိန်မျိုးမှာ သက်ဆိုင်ရာ ကာယကံရှင်တွေက ခိုင်မာသည့်အထောက်အထားနှင့် တိုင်းစစ်ဌာနချုပ်တွေ၊ အဲဒီဒေသမှာရှိတဲ့၊ တပ်နယ်မှာ ရှိတဲ့ တပ်ပိုင်းဆိုင်ရာတွေကို ပြောလို့ရကြောင်း၊ သေချာသည့်အထောက်အထား၊ ခိုင်လုံသည့် အထောက် အထားတွေနှင့် တိုင်ကြားမည်ဆိုပါက တိုင်ကြားနိုင်ကြောင်း၊ ဒါမှ လုပ်ငန်းဆက်လက်လုပ်ဆောင် ၍ရမည်ဖြစ် ကြောင်း ပြန်လည်ဖြေကြားသည်။
ဆက်လက်၍ RFA သတင်းဌာနမှ သတင်းထောက် ဒေါ်သက်စုအောင်က ပြီးခဲ့သည့် သတင်းစာရှင်းလင်းပွဲမှာ ဗိုလ်ချုပ်ပြောခဲ့တာရှိကြောင်း၊ ဒါနဲ့ပတ်သက်ပြီး သွားပြီးတော့စုံစမ်းလို့ရတယ်။ မေးလို့ရတယ်။ ပြဿနာက ရဲစခန်းက တပ်နဲ့ဆိုင်တယ်ဆိုပြီးတော့ လုံးဝအမှုတောင်ဖွင့်လို့မရဘူးဆိုတဲ့ အခြေအနေဖြစ်နေတော့ သူတို့ ဘက်ကလည်း ၁၈ ယောက်တောင်ပျောက်တယ်ဆိုတော့ မိသားစုဝင်တွေက တော်တော်ကို စိုးရိမ်နေကြ တယ်။ ကျွန်မတို့ တခြားကြားနေတာက အောက်ခြေမှာကြားရတာကတော့ တပ်ကနေပြီး ဒီကိစ္စနဲ့ပတ် သက်ပြီး စုံစမ်းနေတာတွေရှိတယ်ဆိုတာ ကြားနေရပါတယ်။ ဒီအပေါ်မှာ ဘယ်လိုပြောပေးလို့ရမလဲ သိလို ကြောင်း မေးမြန်းသည်။
ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက အဲဒီကာလတုန်းက အဲဒီဘက်မှာ အခြေအနေ ရှုပ်ထွေးပါကြောင်း၊ ခုနကပြော သလို တပ်ကနေဖမ်းသွားတယ်လို့ တစ်ဖက်သတ်စွပ်စွဲလို့မရကြောင်း၊ အဲဒီမှာဖြစ်ပျက်နေသည့် လူသတ်မှုတွေ၊ လူသေမှုတွေ၊ အဲဒီမှာဖြစ်ပျက်နေသည့်အကြောင်းအရာတွေက ဘယ်လိုဖြစ်ပျက်ခဲ့တယ်ဆိုတာလည်း မီဒီယာ တွေ သိရှိပြီးဖြစ်မည်ဖြစ်ကြောင်း၊ ဈေးလယ်ခေါင်တွင် ခေါင်းဖြတ်အသတ်ခံရသည့် ဖြစ်စဉ်တွေရှိခဲ့ကြောင်း၊ ဒါကြောင့် သက်သေအထောက်အထား ခိုင်ခိုင်လုံလုံဖြင့် သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်မှာပဲဖြစ်ဖြစ်၊ တပ်နယ် မှာပဲဖြစ်ဖြစ် တိုင်ကြားနိုင်ကြောင်း၊ တိုင်လည်း တိုင်ကြားနေတာတွေရှိကြောင်း၊ ရဲစခန်းမှာ အမှုဖွင့်တာမှ မဟုတ်ဘူး၊ မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်ကိုလည်း တိုင်ကြားနေကြောင်း၊ ဒီဘက်မှာတိုင်ကြားတာ တွေကမျိုးစုံရှိကြောင်း၊ သူတို့ရဲ့တွေ့ရှိချက်တွေ၊ ထင်မြင်ယူဆချက်တွေ တိုင်ကြားနေတာရှိကြောင်း၊ လမ်း ကြောင်းများစွာရှိ ကြောင်း ပြန်လည်ဖြေကြားသည်။
ဆက်လက်၍ RFA သတင်းဌာနမှ သတင်းထောက် ဒေါ်သက်စုအောင်က ဆိုလိုချင်တာက တပ်နယ်တွေ၊ တိုင်းစစ်ဌာနချုပ်တွေမှာသွားပြီး စုံစမ်းလို့ရတယ်ပေါ့နော်။ တပ်အနေနဲ့ကတော့ ဖမ်းဆီးထားတာ၊ ထိန်းသိမ်း ထားတာ မရှိဘူးလို့ ပြောချင်တာလား သိလိုကြောင်းမေးမြန်းသည်။
ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ကျွန်တော်ပြောတာက တပ်အနေဖြင့် ဖမ်းဆီးထားတာ မရှိဘူးဟုမပြောလို ကြောင်း၊ ဒီဖြစ်စဉ်နှင့်ပတ်သက်ပြီး မသိသေးကြောင်း၊ အထောက်အထားခိုင်ခိုင်လုံလုံဖြင့် တိုင်ကြားရမည့် လမ်းကြောင်းများ၊ ပြောနိုင်သည့် လမ်းကြောင်းများရှိကြောင်း၊ လွတ်လပ်စွာတိုင်ကြားနိုင်ခွင့်၊ လွတ်လပ်စွာ ပြောဆိုပိုင်ခွင့်များရှိကြောင်း၊ အဲဒီလိုမလုပ်ဘဲနှင့် ဒီဟာတစ်ခုတည်းကိုပဲ တပ်မတော်က လုပ်တယ်ဆိုသည့် ပုံစံမျိုးနှင့် ဒီသတင်းစာရှင်းလင်းပွဲမှာ လာပြောကြ၊ မေးမြန်းကြတာတွေက မသင့်တော်ဘူးဟုထင်ကြောင်း ပြန်လည်ဖြေကြားသည်။
ဆက်လက်၍ RFA သတင်းဌာနမှ သတင်းထောက် ဒေါ်သက်စုအောင်က ရွေးကောက်ပွဲမှာ AA ကလည်း ထုတ်ပြန်ထားတဲ့ ဒီဇင်ဘာလ ၃၁ ရက်နေ့မှာ ရွေးကောက်ပွဲကျင်းပဖို့အတွက် တိုက်ပွဲတွေရပ်ထား မယ်ဆိုပြီး တော့ တပ်ကလည်း မပစ်ကြဘူး။ တစ်လကျော်လောက်ရှိသွားပြီဖြစ်ကြောင်း၊ ဒီကာလမှာ ရွေးကောက်ပွဲ ကော်မရှင်ကတော့ ယခုအချိန်အထိ မနက်ဖြန်ဆို ၃၁ ပြည့်ပြီ။ ရွေးကောက်ပွဲ ကျင်းပဖို့အလားအလာ လုံးဝ မမြင်ရဘူးဆိုတော့ အဓိကရွေးကောက်ပွဲကော်မရှင် ကပြောထားတာက အဲဒီဘက်မှာ တိုက်ပွဲတွေရှိလို့ ရွေးကောက်ပွဲ မကျင်းပနိုင်တာ။ ငြိမ်သွားရင် လုပ်လို့ရမယ်ဆိုတဲ့ပုံစံမျိုးကို သတင်းစာရှင်းလင်းပွဲမှာ ကော်မရှင်က ပြောထားတာရှိပါကြောင်း၊ နှစ်ဖက်ဖြစ်တဲ့ တပ်ရော၊ AA ရောက ယခုတိုက်ပွဲမရှိဘဲ ငြိမ်နေ ကြောင်း၊ ဒါပေမဲ့ ရွေးကောက်ပွဲကော်မရှင်ကတော့ ဒီမှာရွေးကောက်ပွဲကျင်းပတာမရှိဘူး။ တပ်ကလည်း တိုက်ပွဲမဖြစ်ဖို့အတွက် နှစ်ဖက်ညှိနှိုင်းနေတာတွေရှိကြောင်း၊ ဒီအပေါ်မှာ တပ်ကလည်းရပ်ထားပေးတယ်။ ဒါနဲ့ပတ်သက်ပြီး ကော်မရှင်အပေါ် ဘာများပြောချင်ပါသလဲ သိလိုကြောင်းမေးမြန်းသည်။
ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ယခုမေးသည့်မေးခွန်းသည် ရွေးကောက်ပွဲ ကော်မရှင်ကိုမေးရမည်ဖြစ်၍ ရွေး ကောက်ပွဲကော်မရှင်ကိုသာမေးရန်ပြောလိုကြောင်းဖြင့် ဖြေကြားသည်။
ဆက်လက်၍ RFA သတင်းဌာနမှ သတင်းထောက် ဒေါ်သက်စုအောင်က ရွေးကောက်ပွဲကော်မရှင်ကို မေးရမည့်မေးခွန်းမှန်းသိပါကြောင်း၊ တကယ့်ဒီဘက်မှာ တိုက်ပွဲဖြစ်လို့ရပ်ထားတာက တပ်နဲ့ AA ဖြစ်လို့ဆိုပြီး ရပ်ထားတယ်ဆိုတဲ့ ပုံစံမျိုး ပြောပါကြောင်း၊ ယခုက တပ်နှင့် AA တိုက်ပွဲမဖြစ်တော့လည်း မကျင်းပကြောင်း၊ တပ်ကရပ်ထားတဲ့အတွက် ဒီအပေါ်မှာ ဘယ်လိုသဘောထားပေးချင်ပါသလဲ သိလိုကြောင်း မေးမြန်းသည်။
ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဘာသဘောထားမှမပေးလိုကြောင်းဖြင့် ဖြေကြားသည်။
ဆက်လက်၍ RFA သတင်းဌာနမှ သတင်းထောက် ဒေါ်သက်စုအောင်က ကိုသန်းထိုက်အောင် မေးခွန်းနဲ့ ဆက်စပ်ပြီး မေးမြန်းလိုကြောင်း၊ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး တပ်ကနေစိစစ်တွေ့ရှိတဲ့ အချက်အလက် တွေကို ကြေညာပေးနေတာ သုံးကြိမ်ရှိပြီဖြစ်ကြောင်း၊ နောက်ထပ် ကြေညာဖို့ရှိပါသေးသလား။ ဒီအချက် အလက်တွေက စုံစမ်းစစ်ဆေးတယ်ဆိုတာမျိုးမှာ ကော်မရှင်ကပြောတယ်။ တပ်ကလည်း ကြေညာထား တယ်။
တကယ်လို့ ဒါတွေစစ်ဆေးခဲ့ရင် ဒါတွေကူညီပါလို့ပြောတယ်။ ကော်မရှင်က ဥပဒေနဲ့မညီတဲ့အတွက် မကူညီနိုင်ဘူးလို့ စာပြန်ထုတ်တယ်။ ဒါတွေကို တပ်မတော်အနေနဲ့ ဘယ်လိုအချက်အလက်ပေါ်မှာ ကိုးကားပြီးစိစစ်တွေ့ရှိတာလဲ။ ဒါတွေကို ဘယ်လောက်အထိ ဆက်ပြီးထုတ်ပြန်ဖို့ရှိပါသလဲ။ ဒီရဲ့နောက်ဆုံး အဆင့်က ဘာလုပ်မှာလဲ သိလိုကြောင်း မေးမြန်းသည်။
ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပုံစံ(၁)ထုတ်ပြန်ခဲ့တာရှိကြောင်း၊ ပုံစံ(၁) ထုတ်ပြန်ခဲ့သည့်အပေါ် အခြေခံ ကြောင်း၊ ရွေးကောက်ပွဲကော်မရှင်ကနေ ပါဝင်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်အသီးသီးကို PDF CD တွေထုတ်ပေးခဲ့တာတွေရှိကြောင်း၊ အဲဒီအပေါ်မှာအခြေခံကြောင်း၊ ဆက်လက်လုပ်ဆောင်သွားမှာကတော့ ဥပဒေအတိုင်း ဆက်လက်လုပ်ဆောင်သွားမည်လို့ပြောလိုကြောင်း ပြန်လည်ဖြေကြားသည်။
Myanmar Now သတင်းဌာနမှ သတင်းထောက် ဦးဉာဏ်လှိုင်လင်းက ဧရာဝတီသတင်းဌာနကိုပြော ထား သည့် ဂျော်ဒန်နိုင်ငံကဝယ်မည့် လေယာဉ်ကိစ္စကိုအသေးစိတ်သိလိုပါကြောင်း၊ စာချုပ်များချုပ်ပြီးပြီလား၊ မြန်မာနိုင်ငံကို ဘယ်အချိန် ရောက်မလဲ၊ ထိုလေယာဉ်များ၏ စွမ်းဆောင်ရည်များကို သိလိုကြောင်း မေးမြန်းသည်။
ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက မိမိအနေဖြင့် အသေးစိတ်ဖြေကြား၍မရနိုင်ကြောင်း၊ အဆိုပါကိစ္စနှင့် ပတ်သက်ပြီး တပ်မတော်မှ အခုလောလောဆယ် အသုံးပြုနေသည့် ပို့ဆောင်ရေးလေယာဉ်က တရုတ်နိုင်ငံ ထုတ် Y-8 အမျိုးအစား အလတ်စားပို့ဆောင်ရေး လေယာဉ်များဖြစ်ကြောင်း၊ Y-8 အမျိုးအစား အလတ်စား ပို့ဆောင်ရေး လေယာဉ်အနေဖြင့် တပ်မတော်တစ်ခုတည်းအတွက် အသုံးပြုခြင်းမဟုတ်ဘဲ အရပ်ဘက်၊ စစ်ဘက်နှစ်ခုစလုံးအသုံးပြုနေကြောင်း၊ Dual Use တွေဖြစ်ကြောင်း၊ သဘာဝဘေးအန္တရာယ်ကူညီကယ်ဆယ် ရေးတွင်လည်း ထိထိရောက်ရောက် ဆောင်ရွက်နိုင်သည့် လေယာဉ်များဖြစ်ကြောင်း၊ အနီးဆုံးသာဓက အနေဖြင့် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲကာလတွင် ရခိုင်ပြည်နယ်သို့ မဲပုံးများ၊ မဲပစ္စည်းများပို့ဆောင်ရာတွင် အဆိုပါလေယာဉ်များကိုအသုံးပြုခဲ့ကြောင်း၊ ထိုလေယာဉ်များ သက်တမ်းပြည့်တော့မည်ဖြစ်ခြင်းကြောင့် အလတ်စားသယ်ယူပို့ဆောင်ရေးလေယာဉ်များနှင့်ပတ်သက်ပြီး ဝယ်ယူနိုင်ရေးဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါလေယာဉ်သည် C-295 လေယာဉ်အမျိုးအစားဖြစ်ကြောင်း၊ ထိုလေယာဉ်များအနေဖြင့် HADR လုပ်ငန်းများ ဆောင်ရွက်နိုင်သလို၊ လက်ရှိအသုံးပြုနေသော အလတ်စားသယ်ယူပို့ဆောင်ရေးလေယာဉ်များ သက်တမ်းကုန်ဆုံးလျှင် ပြန်လည်ဖြည့်တင်းနိုင်ရန်အတွက် နိုင်ငံတကာတွင် အသုံးပြုလျက်ရှိသော လေယာဉ် အမျိုးအစား အများကြီးထဲက အသေးစိတ်လေ့လာမှုများကို ကြိုတင်ဆောင်ရွက်ထားပြီး C-295 လေယာဉ် သည် လေ့လာခဲ့သည့် လေယာဉ်အမျိုးအစားတစ်ခုဖြစ်ကြောင်း၊ အဆိုပါကိစ္စနှင့်ပတ်သက်ပြီး မိမိပြော နိုင်သည်မှာ တပ်မတော်အနေဖြင့် ထိုလေယာဉ်များ ဝယ်ယူရခြင်းသည် စစ်ဘက်ဆိုင်ရာ သယ်ယူ ပို့ဆောင်ရေး လုပ်ငန်းများတွင် အသုံးပြုခြင်းမျိုးမဟုတ်ဘဲ နိုင်ငံတွင် လိုအပ်လျက်ရှိသော သယ်ယူပို့ဆောင် ရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် ဝယ်ယူရခြင်းဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။
ဆက်လက်၍ Myanmar Now သတင်းဌာနမှ သတင်းထောက် ဦးဉာဏ်လှိုင်လင်းက ဒုတိယတစ်ခုအနေဖြင့် တပ်မတော်ပိုင် ဆက်သွယ်ရေးလုပ်ငန်း ဖြစ်သည့် Mytel နှင့်ပတ်သက်ပြီး မေးချင်ပါကြောင်း၊ ဒီရက်ထဲမှာ ကြေညာချက်တွေထွက်ထားတာရှိကြောင်း၊ ဗီယက်နမ်စစ်တပ်ပိုင် Viettel နဲ့တွဲလုပ်နေတော့ ပြည်သူတွေ ၏ သတင်းအချက်အလက်တွေ ဗီယက်နမ်ဘက်ကို ပေါက်ကြားမလားဆိုသည့် စိုးရိမ်မှုတွေရှိသလို တပ်မတော်၏ စစ်ရေးကိစ္စတွေ၊ လမ်းကြောင်းတွေ ဖိုက်ဘာဆက်ကြောင်းတွေကတစ်ဆင့် ပေါက်ကြားမှု မျိုးဝေဖန်မှုတွေ ရှိကြောင်း၊ ဒီအပိုင်းတွေနှင့်ပတ်သက်ပြီး လက်လှမ်းမမီအောင်သူများ နိုင်ငံစစ်တပ်နှင့် လက်တွဲပြီး လုပ်သည့် အတွက် ဘယ်လိုမျိုးစီမံဆောင်ရွက်ထားတာရှိပါသလဲ၊ နှစ်ဖက်ကြား၊ တပ်မတော်ကြားမှာ သဘောတူညီမှု ဘယ်လိုများလုပ်ထားပါလဲဆိုတာ သိချင်ပါကြောင်း မေးမြန်းသည်။
ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပထမအချက်အနေဖြင့် ယခုလိုနိုင်ငံတော်လုံခြုံရေးနှင့် ပတ်သက်ပြီး စိတ်ပူပန် ပေးတဲ့အတွက် အထူးပင်ကျေးဇူးတင်ရှိတယ် ဆိုတာပြောလိုကြောင်း၊ ဒုတိယအချက်က မိမိတို့နိုင်ငံမှာ အော်ပရေတာ ဘယ်နှခုရှိပါသလဲ၊ အဲ့ဒီအော်ပရေတာတွေကလည်း ၁၀၀ ရာခိုင်နှုန်းစိတ်ချရပါတယ်လို့ အာမခံပါသလား၊ တရုတ်နိုင်ငံမှာရှိသည့် Huawei ကုမ္ပဏီတောင်မှ တရုတ်နိုင်ငံ တပ်မတော်ရဲ့ နောက်ခံဖြစ် သည်ဆိုသည့် စွပ်စွဲချက်နဲ့ တိုက်ခိုက်နေကြကြောင်း၊ Huawei ကုမ္ပဏီသည် 5G စနစ်မှာ ရှေ့ပြေးဖြစ်နေတဲ့ အတွက် တိုက်ခိုက်နေတာမျိုးရှိကြောင်း၊ မြန်မာနိုင်ငံမှာ ဘယ်အော်ပရေတာကများ နိုင်ငံခြားနှင့်ဖက်စပ်မှု၊ ဆက်စပ်မှုကင်းရှင်းသည့် အော်ပရေတာရှိလဲဆိုတာ မေးလိုပါကြောင်း၊ ဒါနှင့်ပတ်သက်ပြီး တပ်မတော် အနေဖြင့် ပြောလိုတာက သူများတွေဂရုစိုက်တာထက် ပိုပြီးဂရုစိုက်တယ်လို့ပဲ ပြောလိုကြောင်း ပြန်လည် ဖြေကြားသည်။
ဆက်လက်၍ Myanmar Now သတင်းဌာနမှ သတင်းထောက် ဦးဉာဏ်လှိုင်လင်းက အရင်တစ်ခေါက်တုန်း ကလည်း တပ်မတော်စစ်ဆေးကျောင်းသားနှင့် ပတ်သက်လို့မေးပြီးဖြစ်ကြောင်း၊ ကာလတွေလည်းကြာပြီ၊ အခုထိမိသားစုနှင့် တွေ့ခွင့်မရသေးဘူးဆိုတော့ သူ့ကိုစစ်တရားရုံးက ပြစ်ဒဏ်ပေးလိုက်ပြီလား၊ ဘယ်လို အနေအထားမျိုးဖြစ်နေလို့ မိသားစုနှင့်တွေ့လို့မရသေးတာလဲဆိုတာ သိချင်ကြောင်း မေးမြန်းသည်။
ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက စစ်တရားရုံးအနေဖြင့် စစ်ဆေးနေဆဲဖြစ်သည့်အတွက် စစ်ဆေးပြီးလို့ရှိရင် ထုတ်ပြန်တာတွေ၊ မိသားစုနှင့်တွေ့ဆုံရတာတွေ သူ့အစဉ်လိုက် ဖြစ်လာလိမ့်မည်ဖြစ်ကြောင်း ဖြေကြားသည်။
ဆက်လက်၍ Myanmar Now သတင်းဌာနမှ သတင်းထောက် ဦးဉာဏ်လှိုင်လင်းက အဲဒီသတင်းနှင့် ဆက်စပ်ပြီး သိလာရတာက တပ်မတော်ဆေးတက္ကသိုလ်ဆင်းထားပြီးသည့် အရာရှိများသည် တပ်မတော် ထဲမှာ တာဝန်မထမ်းဆောင်ဘဲ အကြောင်းအမျိုးမျိုးကြောင့် ပြင်ပမှာရောက်သွားပြီးတော့ ထောင်တန်းကျ နေသူတွေ တော်တော်များတယ်လို့ သိရတာဟုတ်ပါသလား၊ ဟုတ်တယ်ဆိုလည်း အရေအတွက် ဘယ် လောက်ရှိပါသလဲ၊ ပြစ်မှုပြစ်ဒဏ်တွေကလည်း ဘယ်လိုများရှိပါသလဲ သိချင်ကြောင်း မေးမြန်းသည်။
ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြန်လည်ဖြေကြားရာတွင် ကျွန်တော် အရေအတွက်မသိကြောင်း၊ အဲဒါနှင့် ပတ်သက်ပြီး စစ်ပြေးမှုဖြစ်သည့်လူတွေရှိကြောင်း၊ တပ်မတော်ဆေးဝန်ထမ်းတပ်ဖွဲ့မှာရှိသည့် အချို့အရာရှိ များအနေဖြင့် စစ်ပြေးမှုဖြစ်ထားတာတွေရှိကြောင်း၊ စစ်ပြေးမှု၏ ထုံးစံအတိုင်းပဲ မည်သည့်နိုင်ငံတပ်မတော်မှ စစ်ပြေးမှုဖြစ်သည့်လူတွေကို ပြစ်ဒဏ်ကင်းလွတ်ခွင့်မရှိကြောင်း၊ လွတ်ငြိမ်းချမ်းသာခွင့်လည်း မရှိကြောင်း ပြန်လည်ဖြေကြားသည်။
ဆက်လက်၍ Myanmar Now သတင်းဌာနမှ သတင်းထောက် ဦးဉာဏ်လှိုင်လင်းက တစ်လက်စတည်း တပ်မတော်သား ဆရာဝန်အသိုင်းအဝိုင်းက ဥပမာ- ကန်သာယာဆေးရုံလိုဟာမျိုးမှာ တပ်မတော်သား ဆရာဝန် Inservice တွေက ဝင်လုပ်နေရပြီး နိုင်ငံတာဝန်၊ ပုဂ္ဂလိကတာဝန်လုပ်နေရပြီးတော့ အခကြေး ငွေအနည်းငယ်ပဲရပြီး အတင်းအဓမ္မစေခိုင်းမှု ပုံစံမျိုး ဝေဖန်သည့်လူအချို့ရှိကြောင်း၊ ထိုကိစ္စနှင့်ပတ်သက်ပြီး တပ်မတော်ဘက်က ဘယ်လိုများ စီမံဆောင်ရွက်နေတာရှိပါလဲဟု မေးမြန်းသည်။
ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက မိမိအနေဖြင့် မသိသည့်အတွက် ဘာမှပြောစရာမရှိကြောင်း ဖြေကြားသည်။
7 Days သတင်းဌာနမှ သတင်းထောက် ဦးရဲနိုင်က ရွေးကောက်ပွဲမဲစာရင်းများနှင့် ပတ်သက်ပြီး တပ်မတော်မှ ထုတ်ပြန်နေတဲ့မဲစာရင်းက ဘယ်မဲစာရင်းလဲ၊ ပထမအကြိမ် ရွေးကောက်ပွဲကော်မရှင်မှ ထုတ်ပြန်ထားတဲ့ မဲစာရင်းတစ်ခုရှိကြောင်းနှင့် အမှားတွေ ပြင်ဆင်ပြီး ဒုတိယအကြိမ်ထုတ်ပြန်တယ်၊ ပြီးမှ အမှားတွေ ပြန်ပြင်ဆင်ပြီး ရွေးကောက်ပွဲနေ့တွင် အသုံးပြုတဲ့မဲစာရင်းလား သို့မဟုတ် ပထမအကြိမ်မှာ ထုတ်ပြန်တဲ့ မဲစာရင်းလား ဘယ်ဟာကိုအခြေခံပြီး တပ်မတော်အနေနဲ့ ထုတ်ပြန်ခဲ့သည်ကို သိလိုပါကြောင်း မေးမြန်း သည်။
ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေတောင်မှ မဲစာရင်းစုံစုံ လင်လင်မရပါကြောင်း၊ သက်ဆိုင်ရာမဲဆန္ဒနယ်အလိုက် ပြိုင်တဲ့ လွှတ်တော်ကိုယ်စားလှယ်အနေနဲ့လည်း တချို့ဆိုရင် ရွေးကောက်ပွဲကျင်းပတဲ့ ရက်နီးခါမှရရှိပါကြောင်း၊ တချို့ဆိုရင်ရွေးကောက်ပွဲပြီးမှ မဲစာရင်း ရရှိခဲ့ကြကြောင်း၊ တချို့ဆိုရင် အခုထိရေရေရာရာမသိရှိသေးပါကြောင်း၊ ဒါနှင့်ပတ်သက်ပြီး ဘယ်ဟာကို အခြေခံ ခဲ့လဲဆိုရင် ပုံစံ(၁)မဲစာရင်း ထုတ်ပြန်ခဲ့တဲ့မဲစာရင်း၊ CD တွေနှင့်ဝေခဲ့တဲ့ မဲစာရင်းတွေကို အခြေခံခဲ့ ကြောင်းနှင့် ခိုင်မာတဲ့ဟာတွေကိုသာ ထုတ်ပြန်ခဲ့တာဖြစ်ပါကြောင်း၊ ပုံစံ(၁)ဆိုတာက ရွေးကောက်ပွဲ ကော်မရှင်မှ နှစ်ကြိမ်ထုတ်ပြန်ထားတဲ့ နှစ်ကြိမ်လုံးကိုအခြေခံပြီး PDF နှင့်ပေးထားတဲ့ CD တွေကိုရော အားလုံးကိုအခြေခံပြီး ဆောင်ရွက်ခဲ့တာဖြစ်ပါကြောင်း ပြန်လည်ဖြေကြားသည်။
ဆက်လက်၍ 7 Days သတင်းဌာနမှ သတင်းထောက် ဦးရဲနိုင်က PDF က Excel ကိုပြောင်းပြီး စစ်တယ် ပြောထားတာရှိတော့ ပထမအကြိမ်မဲစာရင်းတုန်းက မဲစာရင်းထပ်တာမှားတာတွေက Excel File သုံးပြီး စာရင်းပြုစုတာကြောင့်ဖြစ်ကြောင်းကို ကော်မရှင်မှတာဝန်ရှိသူများက ပြောထားတဲ့အတွက် တပ်မတော်အနေ နဲ့ PDF ကို Excel File သုံးပြီးတော့ ဘယ်လိုကြောင့် စစ်ဆေးဖြစ်တာလဲဆိုတာကို ရှင်းပြပေးစေလိုပါကြောင်း မေးမြန်းသည်။
ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြန်လည်ဖြေကြားရာတွင်အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ရှင်းလင်းပြရန်အကြောင်း မရှိပါကြောင်း ဖြေကြားသည်။
ဆက်လက်၍ 7 Days သတင်းဌာနမှ သတင်းထောက် ဦးရဲနိုင်က ကော်မရှင်က မဲစာရင်းအမှားများအား ရွေးကောက်ပွဲမတိုင်ခင်ပြင်လို့ရအောင် နှစ်ကြိမ်တိတိကြေညာပြီးတော့ ပြင်ဆင်ခဲ့ကြောင်းနှင့် အဲ့အချိန် တည်းက တပ်မတော်အနေနဲ့က အမှားတွေရှိတယ်ဆိုပြီးတော့ ပြောခဲ့တာမျိုးမရှိကြောင်းနှင့် ရွေးကောက်ပွဲပြီး မှပဲ အခုလိုမျိုးမဲစာရင်းနဲ့ပတ်သက်ပြီး ထောက်ပြတာမျိုးတွေရှိတဲ့အခါကြတော့ ဝေဖန်မှုတွေရှိတဲ့အတွက် တပ်မတော်အနေဖြင့် ဘယ်လိုများ ရှင်းပြချင်တာရှိပါသလဲ၊ မှတ်ချက်ပေးချင်တာရှိမလဲဆိုတာ သိရှိလိုပါ ကြောင်း မေးမြန်းသည်။
ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဝင်ရောက်ယှဉ်ပြိုင်တဲ့ လွှတ်တော်ကိုယ်စားလှယ်တောင်မှ မဲစာရင်းစုံစုံလင်လင် မရခဲ့ပါကြောင်း၊ သက်ဆိုင်ရာမဲဆန္ဒနယ်မှာ ဝင်ရောက် ယှဉ်ပြိုင်ခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ အနေနဲ့ လည်း တချို့ဆိုရင် ရွေးကောက်ပွဲ ကျင်းပတဲ့ရက်နီးမှ ရခဲ့တာတွေရှိကြောင်း၊ တချို့ဆိုရင်ရွေးကောက်ပွဲပြီးမှ မဲစာရင်း ရခဲ့တာတွေရှိကြောင်း၊ တချို့ဆိုရင် အခုထိရေရေရာရာမသိသေးပါကြောင်း၊ ကျန်တဲ့ မဲများအတွက် ပြောရန်ပင်မလိုကြောင်း၊ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်တဲ့ ကိုယ်စားလှယ်တွေတောင်မှ ယခုလိုအခြေ အနေရှိပါကြောင်း ပြန်လည်ဖြေကြားသည်။
ဆက်လက်၍ 7 Days သတင်းဌာနမှ သတင်းထောက်ဦးရဲနိုင်က တပ်မတော်အနေနဲ့ ဥပဒေအတိုင်း ဆောင်ရွက်မယ်ဆိုတော့ မဲဆန္ဒရှင်အနေနဲ့ကလည်း ရွေးကောက်ပွဲကော်မရှင်မှာ ကန့်ကွက်လွှာတင် သွင်းရလားဆိုတော့ တပ်မတော်အနေနဲ့ ဥပဒေအတိုင်း ဆောင်ရွက်တယ်ဆိုတာ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကို ကန့်ကွက်လွှာတင်သွင်းတာမျိုးတွေ လုပ်ဆောင်သွားမလား ဆိုတာရှိမလား၊ ဘယ်လောက်ထိ ဆောင်ရွက်သွားဖို့ရှိမလဲဆိုတာ သိရှိလိုပါကြောင်း မေးမြန်းသည်။
ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဥပဒေမှ အကျုံးဝင်သည့်အရာမှန်သမျှ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဖြေကြားသည်။
ဆက်လက်၍ 7 Days သတင်းဌာနမှ သတင်းထောက်ဦးရဲနိုင်က ၂၀၁၀ တုန်းကဆိုရင်လည်း ကြိုတင်မဲနှင့် ပတ်သက်ပြီး ပြဿနာများရှိခဲ့ပါကြောင်း၊ ပြီးရင် ၂၀၁၀၊ ၂၀၁၅ ခုနှစ်တွေမှာလည်း တပ်မတော်အနေနဲ့ မဲစာရင်းနှင့်ပတ်သက်ပြီးတော့ ပါဝင်ဆောင်ရွက်ခဲ့တာမျိုးမရှိကြောင်း၊ ၂၀၂၀ ရွေးကောက်ပွဲတွင် မဲစာရင်းနှင့် ပတ်သက်ပြီး သုံးကြိမ်တိုင်တိုင် မဲစာရင်းထုတ်ပြန်ခဲ့တဲ့အတွက် ဘာကြောင့်များတပ်မတော်အနေနဲ့ မဲစာရင်း တွေမှာ ပါဝင်လာရလဲဆိုတာ သိလိုပါကြောင်း မေးမြန်းသည်။
ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက နှိုင်းယှဉ်ပြီးလေ့လာကြည့်ပါလို့ပဲ ပြောလိုပါကြောင်း၊ ၂၀၁၅ မှာ ဘာတွေကန့် ကွက်ခဲ့လဲ။ ၂၀၂၀ မှာ ဘာကန့်ကွက်ချက်တွေဖြစ်နေလဲ၊ ၂၀၁၅ ခုနှစ်ကဆိုရင် ဘယ်ဟာတွေ ကန့်ကွက် ချက်တွေသည် မမှန်ဘဲနှင့်ပြောတာလဲ၊ ဘယ်ဟာတွေသည် မှန်လျက်နှင့်ဖြစ်ခဲ့တာလဲ၊ ဒါတွေကိုနှိုင်း ယှဉ်ပြီး လေ့လာစေလိုပါကြောင်း ပြန်လည်ဖြေကြားသည်။
ဆက်လက်၍ 7 Days သတင်းဌာနမှ သတင်းထောက် ဦးရဲနိုင်က နှိုင်းယှဉ်ချက်အပေါ် တပ်မတော်အနေနဲ့ ဥပမာတစ်ခုလောက် ပြောပြပေးစေလိုကြောင်း မေးမြန်းသည်။
ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ၂၀၁၅ မှာက ရွေးကောက်ပွဲနှင့်ပတ်သက်ပြီး ရွေးကောက်ပွဲ မဲလက်မှတ် တွေပေါ်မှာ ဖယောင်းသုတ်ထားတယ်ဆိုပြီး စွပ်စွဲချက်တွေရှိခဲ့ကြောင်း၊ ရွေးကောက်ပွဲကော်မရှင်အနေနဲ့ မဲလက်မှတ်ပေးပြီး လက်တွေ့စစ်ဆေးမှုများ စစ်ဆေးစေခဲ့ပြီး ဖြေရှင်းမှုများ ဆောင်ရွက်ခဲ့ပါကြောင်း၊ အခုချိန်မှာ မဲစာရင်းတွေတောင်းတယ်၊ အကျုံးမဝင်ဘူးပြောတယ်၊ ကျန်တဲ့အရာတွေ ထုတ်ပေးပါပြောတော့ အကျုံးမဝင်ဘူးပြောကြားခဲ့သည့်အတွက် တရားဝင်၊ မဝင် စဉ်းစားရန်သင့်ပါကြောင်း ပြန်လည်ဖြေကြားသည်။
ဆက်လက်၍ ဧရာဝတီသတင်းဌာနမှ သတင်းထောက် ဦးထက်နိုင်ဇော်က ပထမဦးဆုံးသိချင်သည်မှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမျိုးသမီးဗိုလ်လောင်းသင်တန်းကျောင်းတစ်ခု၏ သင်တန်းဆင်းပွဲတွင် နိုင်ငံသားတိုင်းစစ်မှုထမ်းရန်ပြောသည့် ကိစ္စရှိကြောင်း၊ ယခုအချိန်မှာ ဘာကြောင့်စစ်မှုထမ်းရန်ပြောပါသလဲ၊ တကယ်လက်တွေ့ရော ဖြစ်နိုင်မည်လား၊ စစ်မှုထမ်းပါက မည်သို့ကောင်းကျိုး၊ ဆိုးကျိုး ရှိနိုင်မည်လဲဆို သည်ကို သိချင်ကြောင်းမေးမြန်းသည်။
ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဖွဲ့စည်းပုံ အခြေခံဥပဒေအရတော့ နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့် တာဝန် အခန်းမှာပါပြီးသားဖြစ်ကြောင်း၊ ဥပဒေပြဋ္ဌာန်းချက်နှင့်အညီ စစ်ပညာသင်ကြားရန်၊ စစ်မှုထမ်းရန်တာဝန် ရှိသည်ဆိုသည့် နိုင်ငံသားများ၏ တာဝန်ပဲ ဖြစ်ကြောင်း၊ နောက်တစ်ချက်က မြန်မာနိုင်ငံတွင် ယခင်က တည်းက ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင်လည်း ပြောခဲ့ဖူးကြောင်း၊ ၁၉၄၇ ခုနှစ်၊ ဇူလိုင်လထဲမှာ ၎င်း၏ နောက်ဆုံးမိန့်ခွန်းတွင် ပြောကြားခဲ့မှုရှိကြောင်း၊ “ဗမာပြည်လွတ်လပ်ရေးရပါက နိုင်ငံသားတိုင်းက နိုင်ငံတော် ကာကွယ်ရေးတာဝန်ရှိကြောင်း၊ ထို့ကြောင့် ဗမာပြည်တွင် ဗမာတိုင်းဗမာတိုင်း အရွယ်ရောက်သည့်သူမှန်သမျှ၊ ကျန်းမာသည့်သူမှန်သမျှ စစ်မှုမထမ်းမနေရဆိုသည့်အတိုင်း စစ်ထဲသို့ထည့်ရလိမ့်မည်ဖြစ်ကြောင်း၊ နှစ်နှစ် တန်သည်၊ သုံးနှစ်တန်သည် စစ်ထဲသို့ဝင်ရမည်” ဆိုသည့် စကားမျိုးပြောခဲ့ဖူးကြောင်း၊ မြန်မာနိုင်ငံတွင် နိုင်ငံ သားတိုင်း စစ်မှုထမ်းဆောင်ရမည့် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုသည်မှာ ယခုမှဖြစ်လာခြင်းမဟုတ်ကြောင်း၊ ၁၉၅၉ ခုနှစ်ကတည်းက ပြဋ္ဌာန်းခဲ့မှုရှိကြောင်း၊ ၎င်းကို တော်လှန်ရေးကောင်စီလက်ထက်တွင် တစ်ကြိမ် ပြင်ဆင်ခဲ့ကြောင်း၊ ၂၀၁၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၄ ရက်နေ့တွင် ပြည်သူ့စစ်မှုထမ်းဥပဒေကို ထပ်မံပြဋ္ဌာန်း ခဲ့ကြောင်း၊ ထိုဥပဒေအရ မြန်မာနိုင်ငံသားများ အမျိုးသားဆိုပါက အသက် ၁၈ နှစ်မှ ၃၅ နှစ်မပြည့်သေးသည့် နိုင်ငံသားတိုင်း၊ အမျိုးသမီးဖြစ်ပါက ၁၈ နှစ်မှ ၂၇ နှစ် မပြည့်သေးသည့် နိုင်ငံသားတိုင်း ၂ နှစ် စစ်မှုထမ်း ဆောင်ရမည်ဖြစ်ကြောင်း၊ အသေးစိတ်ကိုတော့ ထိုဥပဒေတွင် လေ့လာနိုင်ကြောင်း၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်အနေဖြင့် ပြောကြားရသည့် ရည်ရွယ်ချက်ကတော့ မြန်မာနိုင်ငံ၏ ပထဝီအနေအထား၊ မဟာဗျူဟာ အချက်အချာကျမှုနှင့် နိုင်ငံ၏ လွတ်လပ်ရေးနှင့် အချုပ်အခြာ အာဏာကာကွယ်ရန်၊ စစ်ပညာသင်ကြား ရန်နှင့် စစ်မှုထမ်းဆောင်ရန် နိုင်ငံသားတိုင်း မဖြစ်မနေလုပ်ဆောင်ရမည့်တာဝန်ဖြစ်သည်ကို မိန့်ခွန်းတွင် ပြောကြား ခဲ့ကြောင်း၊ ယခုလို ပြောကြားရခြင်းမှာ နံပါတ်(၁)ပြဋ္ဌာန်းပြီးသား ဥပဒေအကြောင်းအရာများကြောင့် ပြော ကြားခြင်းဖြစ်ကြောင်း၊ နံပါတ်(၂)နိုင်ငံသားတိုင်းကနိုင်ငံတော်ကာကွယ်ရေးတာဝန် ထမ်းဆောင်ရန်ရှိကြောင်း၊ နောက်တစ်ချက်မှာ ယခုဖြစ်ပေါ်နေသည့် ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခ အခြေအနေများကြောင့် စစ်မှုထမ်း ဥပဒေကို ကျင့်သုံးရန်အတွက် ယခုလောလောဆယ်တွင် ကန့်သတ်ချက်များရှိကြောင်း၊ ငြိမ်းချမ်းရေး ရရှိလာပါက၊ ပြည်တွင်းငြိမ်းချမ်းရေး ဖြစ်စဉ်များတိုးတက်လာရင် ပြည်သူ့စစ်မှုထမ်းဥပဒေသည် ဆောင်ရွက် သင့်သော ဥပဒေတစ်ခုအဖြစ် ပြောခြင်းဖြစ်ကြောင်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အနေဖြင့်လည်း ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ တိုးတက်လာလိမ့်မည်၊ ရရှိလာလိမ့်မည်ဟုလည်း ယုံကြည်ကြောင်း၊ ထို့ကြောင့် အနာဂတ်တွင် ဆက်လက်လုပ်ဆောင်ရမည့် လုပ်ငန်းအဖြစ် ကြိုတင် အသိပေးထားခြင်း ဖြစ်ကြောင်း၊ ပြည်သူ့စစ်မှုထမ်းကိစ္စများ၊ အမျိုးသားစစ်မှုထမ်းစနစ် (National Service) တို့နှင့် ပတ်သက်ပြီး မိမိတို့တွင် အိမ်နီးနားချင်း ငါးနိုင်ငံရှိကြောင်း၊ ထိုငါးနိုင်ငံတွင် သုံးနိုင်ငံ၌ ပြဋ္ဌာန်းပြီး ကျင့်သုံး နေကြောင်း၊ ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယတို့တွင် မပြဋ္ဌာန်းရသေးကြောင်း၊ သုံးနိုင်ငံတွင် လက်တွေ့ အပြည့်အဝ ကျင့်သုံးနေသည့်နိုင်ငံတစ်နိုင်ငံရှိကြောင်း၊ ထိုနိုင်ငံသည် လာအို ဖြစ်ကြောင်း၊ တစ်စိတ်တစ်ပိုင်းကျင့်သုံး နေသည့်နိုင်ငံမှာ ထိုင်းနိုင်ငံဖြစ်ကြောင်း၊ ပြဋ္ဌာန်းထားပြီးမကျင့်သုံးသေးသည့်နိုင်ငံမှာ တရုတ်နိုင်ငံဖြစ်ကြောင်း၊ ဒေသတွင်းနိုင်ငံ များတွင်လည်း ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ စင်ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှားနိုင်ငံတို့တွင် အင်ဒိုနီးရှားတစ်နိုင်ငံတည်းပဲ အမျိုးသား စစ်မှုထမ်းစနစ်ပြဋ္ဌာန်းခြင်းမရှိဘဲ ကျန်သည့်နိုင်ငံများက ပြဋ္ဌာန်း ထားကြောင်း၊ ထိုသို့လုပ်ဆောင်ခြင်းဖြင့် မျှော်လင့်ချက်ကတော့ နိုင်ငံသူနိုင်ငံသားများ အားလုံးအနေဖြင့် နိုင်ငံတော် ကာကွယ်ရေးတာဝန်အတွက် ပိုမို၍ အသိအမြင်များရရှိလာလိမ့်မည်ဖြစ်ကြောင်း၊ စစ်ဘက်၊ အရပ်ဘက်ဆက်ဆံရေးများတွင်လည်း ပိုမို၍ကျယ်ပြန့်လာလိမ့်မည် ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။
ဆက်လက်၍ ဧရာဝတီသတင်းဌာနမှ သတင်းထောက် ဦးထက်နိုင်ဇော်က ဗိုလ်ချုပ်ဖြေကြားခဲ့သည်ကို မိမိအနေဖြင့်နားလည်ပါကြောင်း၊ အမေရိကန်တွင်လည်း စစ်မှုထမ်းကြကြောင်း၊ တောင်ကိုရီးယားတွင်လည်း မဝင်မနေရဆိုပြီးထမ်းကြကြောင်း၊ သို့သော်လည်း ထိုတပ်မတော်များက အရပ်ဘက်ထိန်းချုပ်မှုအောက် တွင်ရှိကြောင်း၊ ဒီမှာက အရပ်ဘက်ထိန်းချုပ်မှုအောက်တွင် မရှိကြောင်း၊ ဒီမိုကရေစီတပ်မတော်မဟုတ် သေး ကြောင်း၊ တချို့ကပြောကြသည်မှာ စစ်အာဏာရှင်တပ်မတော်ဟုလည်းပြောကြကြောင်း၊ ထိုသို့အနေအထား တွင် ပြည်သူများက တိုင်းချစ်ပြည်ချစ်စိတ်ဖြင့် စစ်တပ်ထဲဝင်ဖို့အတွက် စဉ်းစားရမှုများရှိကြောင်း၊ ထိုအချက် ပေါ်တွင် ဘာများပြောချင်ပါသလဲ သိလိုကြောင်း မေးမြန်းသည်။
ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက မိမိတို့အနေဖြင့်လည်း ဝေဖန်ချက်များကိုတွေ့ရှိကြောင်း၊ တပ်မတော်နှင့် ပတ်သက်ပြီး ယခုအချိန်တွင် မဝင်နိုင်သေးကြောင်း၊ ပြုပြင်ပြောင်းလဲမှဝင်မည်ဟု ဆိုသည်များကိုတွေ့ရ ကြောင်း၊ ထိုကိစ္စနှင့်ပတ်သက်ပြီးပြောချင်သည်မှာ စိတ်ထားအမှန်လားဟု စိစစ်လိုပါကြောင်း၊ မိမိယခုပြော မည့်စကားသည် သမိုင်းကြောင်း အရသာပြောခြင်းဖြစ်ကြောင်း၊ ကာကွယ်ရေးနှင့်ပတ်သက်လာရင်ဖြစ်ဖြစ်၊ လုံခြုံရေးနှင့်ပတ်သက်လာရင်ဖြစ်ဖြစ် သမိုင်းကြောင်းအရပြောရမည်ဆိုပါက လွတ်လပ်ရေးကြိုးပမ်းမှုကာလ ၁၉၄၂ ခုနှစ် ဒီဇင်ဘာလ ၂ ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းက တစ်နိုင်ငံလုံးကို အသံလွှင့်ပြောကြားချက် တစ်ခုရှိကြောင်း၊ ထိုပြောကြားချက်မူရင်းအတိုင်းသာ မိမိပြောပြမည်ဖြစ်ကြောင်း၊ ထိုခေတ်တုန်းက မြန်မာ ပြည်သူလူထုအနေနဲ့ နိုင်ငံတော်ကာကွယ်ရေးနှင့် ပတ်သက်ပြီး အမြင်ဘယ်လိုရှိတယ်၊ တပ်မတော်နဲ့ ပတ်သက်သည့်အမြင် ဘယ်လိုရှိတယ်၊ ထိုခေတ်အခါက ဗိုလ်ချုပ်အောင်ဆန်းသည် အမျိုးသား ခေါင်းဆောင် ဖြစ်ကြောင်း၊ တပ်မတော်၏ ခေါင်းဆောင်လည်းဖြစ်ကြောင်း၊ ထိုအချိန်တုန်းကခန့်မှန်းချက်၊ ရေးသား ချက်များအရ တစ်နိုင်ငံလုံးသည် ဗိုလ်ချုပ် အောင်ဆန်း၏ ဦးဆောင်မှုအောက်တွင်ရှိသည်ကို ရေးသားကြ ကြောင်း၊ သို့သော်လည်း လက်တွေ့ဖြစ်နေသည့်အနေအထားအရ ဗိုလ်ချုပ်အောင်ဆန်း၏ ပြောကြားချက်ကို ပြောပြမည်ဖြစ်ကြောင်း၊ “မြန်မာပြည်သည် လူသတ်မှု စသည့်အမှုအခင်းများတွင် အမေရိကန်နိုင်ငံ၊ ချီကာဂိုပြီးရင် ဒုတိယစွဲသည်ဟုကြားဖူးကြောင်း၊ မြန်မာမြန်မာချင်း သတ်ဖြတ်ခြင်းသည် မြန်မာ့သတ္တိအစစ် မဟုတ်ကြောင်း၊ မြန်မာပြည်လည်း အကျိုးမရှိကြောင်း၊ ထိုသို့လုပ်ဆောင်မည့်အစား မြန်မာပြည်အတွက် ကမ္ဘာမှာထွက်ပြီး မိုက်ပြစမ်းပါ၊ ဒါမှရာဇဝင်ပြောင်မှာ၊ ဒါပေမဲ့ ကျွန်တော်တွေ့ခဲ့သလို မတွေ့ပါရစေနဲ့၊ ကျွန်တော် ရွာတွေ၊ ရွာတွေကို ဖြတ်လာခဲ့တယ်၊ ဒီရွာကလူတွေရဲ့ သတ္တိကတော့ စိတ်ချ။ လူဆိုးချည်းပဲ၊ စစ်ထဲလိုက်မည့်သူ ထွက်စမ်းဆိုတော့ ၂ ယောက် ၃ ယောက် ဒါတောင်ပြန်ထွက်ပြေးလိုက်သေးကြောင်း၊ တက်လူဆိုတဲ့လူငယ်တွေ ဘောင်းဘီအနီ၊ အင်္ကျီအနီတွေနဲ့တွေ့ပါရဲ့၊ စစ်ထဲလိုက်ရမယ်ဆိုတော့ တီကိုဆားနဲ့ တို့သလို ကြက်ပျောက်၊ ငှက်ပျောက် ပျောက်ကုန်တာတွေ့ရတယ်” ဒါမိမိတို့၏ သမိုင်းအမှန်ဖြစ်ကြောင်း၊ ပါးစပ်က ဘယ်လိုပြောပြော လက်တွေ့မှာ မဟုတ်ဘူးဆိုတာ တွေ့လိမ့်မည်ဖြစ်ကြောင်း၊ ဒါသည် လွတ်လပ်ရေး ကြိုးပမ်းမှုကာလ ဖြစ်ပြီး ဗိုလ်ချုပ်အောင်ဆန်း၏ ဦးဆောင်မှုအောက်တွင် တစုတစည်း တည်းရှိသည်ဟု သမိုင်းတွင်လည်း ဖတ်ရ၊ မှတ်ရကြောင်း၊ လက်တွေ့ဟုတ်၊ မဟုတ် ဗိုလ်ချုပ်စကားဖြင့် ချင့်ချိန်ကြည့်ရန်လိုကြောင်း၊ ထို့ကြောင့် ယခုဝေဖန်ပြောဆိုနေသည့်သူများ ဗိုလ်ချုပ်ပြောသည့်စကားအတိုင်း နိုင်ငံတော်ကို တကယ်ကာကွယ်ချင်သည်ဆိုပါက ထိုစကားထဲတွင်ပါသည့် လူငယ်များ/တက်လူများကဲ့သို့ မလုပ်ပါနှင့်ဟုပြောချင်ကြောင်း၊ လက်တွေ့လုပ်ပြပါဟုပြောချင်ကြောင်း၊ တကယ်စစ်မှန်တဲ့ စိတ်ဓာတ်ထားပါ လို့ပြောလိုကြောင်း၊ ဘယ်လိုပြောပြော နိုင်ငံတော်ကာကွယ်ရေးတာဝန်ကို ထမ်းဆောင်သည့်အချိန်မှာတော့ မီဒီယာများထဲတွင် အသက်မီသောလူများလည်း နိုင်ငံတော်ကာကွယ်ရေး တာဝန်ကိုထမ်းဆောင်ပါက မိမိတို့နှင့် အတူတူလက်တွဲ၍ တာဝန်ထမ်းဆောင်၍ ရကြောင်း ပြန်လည်ဖြေကြားသည်။
ဆက်လက်၍ ဧရာဝတီသတင်းဌာနမှ သတင်းထောက် ဦးထက်နိုင်ဇော်က ပြီးခဲ့သည့်ရက်ပိုင်းက ကချင်ပြည် နယ်နှင့် ရှမ်းပြည်နယ် နယ်စပ်တွင် တရုတ်ဘက်က ခြံစည်းရိုးများခတ်နေကြောင်း၊ မြန်မာအစိုးရကလည်း သိပုံမရကြောင်း၊ ကြိုတင်အကြောင်းကြားပုံလည်း မရကြောင်း၊ တချို့နေရာများတွင် အခိုင်အမာခတ် နေကြောင်း၊ ၎င်းတို့က COVID-19 ကိုအကြောင်းပြပြီး ဒီထက်ပိုကြီးသည့် ရည်ရွယ်ချက်လည်း ရှိနိုင်ကြောင်း၊ ထိုသို့ခြံစည်းရိုးများ ရုတ်တရက်ခတ်လာသည့်အပေါ်တွင် အချုပ်အခြာအာဏာကို ကာကွယ်စောင့်ရှောက် နေရသည့် တပ်မတော်အနေဖြင့် ဘယ်လိုသဘောထားရှိလဲ၊ ဘယ်လောက်စိုးရိမ်မှုရှိလဲ သိချင်ကြောင်း မေးမြန်းသည်။
ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလတုန်းကစတင်သည်ဟု သိရကြောင်း၊ စက်တင် ဘာလထဲတွင် BP-53 ၊BP-65 ကြားထဲတွင် စိုက်ထူခဲ့မှုရှိကြောင်း၊ ထိုကိစ္စနှင့်ပတ်သက်ပြီး နှစ်နိုင်ငံနယ်နိမိတ် စည်းကမ်းသတ်မှတ်ချက်များရှိကြောင်း၊ နယ်နိမိတ်မျဉ်း၏ ၁၀ မီတာအတွင်း ကျရောက်နေခြင်းဖြစ်၍ နမ့်ခမ်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးက ယူနန်ပြည်နယ်၊ ရွှေလီပြည်ပရေးရာဌာနကို ကန့်ကွက် အကြောင်းကြားခဲ့ရာ သံတိုင် ၂၄၀ ကို ပြန်ဖြုတ်သွားကြောင်း၊ BP-121 မှ BP-129 အတွင်း သံတိုင် ၆၁ တိုင်စိုက်ထူမှုများ ဆောင်ရွက်ခဲ့ကြောင်း၊ ထိုနေရာတွင် မိမိတို့၏ လုံခြုံရေးတပ်ဖွဲ့ဝင်များက ခြံစည်းရိုးများ ဖယ်ရှားပေးရန် ပြောကြားခဲ့ကြောင်း၊ ထိုနေရာတွင်ရှိသည့် ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(လောက်ကိုင်)က PLA ကို ကန့်ကွက်လွှာများပေးခဲ့ကြောင်း၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့က လင်ချန်းပြည်သူ့ အစိုးရ၊ ပြည်ပဆက်ဆံရေးဌာနကို ကန့်ကွက်လွှာများပို့ခဲ့ကြောင်း၊ ထို့ကြောင့် သံတိုင် ၈၅ တိုင်ပြန်ဖြုတ်သွား ကြောင်း၊ အောက်တိုဘာလတွင် BP-53 ၊ BP -69 တို့တွင် သံတိုင် ၁၁၃ တိုင်၊ သံဆန်ခါကွက် ၃၄၀ မီတာ ကာရံခဲ့မှုများရှိကြောင်း၊ ထိုကိစ္စများကိုလည်း ကန့်ကွက်ခဲ့သည့်အတွက် သံတိုင် ၂၄ တိုင် ပြန်လည် ဖြုတ်သိမ်းသွားခဲ့ကြောင်း၊ ယခုဆောင်ရွက်နေမှုများနှင့် ပတ်သက်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များ အနေဖြင့် အနီးကပ် စောင့်ကြည့် စစ်ဆေးခြင်းများ၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(လောက်ကိုင်)၊ ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသဦးစီးရုံးတို့မှ တစ်ဖက်နိုင်ငံ PLA နှင့် ပြည်သူ့ဆက်ဆံရေးဌာနများကို ကန့်ကွက်လွှာ ပေးပို့ခြင်း၊ မြေပြင်တွင်ဆွေးနွေးခြင်း၊ တားမြစ်ခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုကိစ္စများကို ငြိမ်းချမ်းစွာညှိနှိုင်း ဖြေရှင်းအဖြေရှာသည့်နည်းဖြင့် ဆောင်ရွက်သွားနိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်း ပြန်လည် ဖြေကြားသည်။
ဆက်လက်၍ ဧရာဝတီသတင်းဌာနမှ သတင်းထောက် ဦးထက်နိုင်ဇော်က ချက်ချင်းတော့ကန့်ကွက်တယ်၊ ဒါပေမဲ့ဘယ်နှမိုင်ခန့်ရှိပါသလဲ၊ ဘယ်လောက် ပြီးလဲသိချင်ကြောင်း မေးမြန်းသည်။
ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြန်လည်ရှင်းလင်းပြောကြားရာ ရှင်းပြခဲ့သည့်အထဲ၌ အချက်အလက်များ ပါပြီးဖြစ်ကြောင်း၊ ထိုအချက်အလက်များကိုလည်း သတင်းစာရှင်းလင်း ပွဲပြီးသွားပါက ပေးလိုက်မည်ဖြစ် ကြောင်း ပြန်လည်ဖြေကြားသည်။
ဆက်လက်၍ ဧရာဝတီသတင်းဌာနမှ သတင်းထောက် ဦးထက်နိုင်ဇော်က ဖာပွန်တွင် တပ်မတော်နှင့် KNLA ယခုနောက်ပိုင်း ပဋိပက္ခတော်တော်လေး ကျယ်ကျယ်ပြန့်ပြန့်ဖြစ်လာကြောင်း၊ တပ်မတော်အနေဖြင့် ထိုကိစ္စ ကို KNLA နှင့် ညှိနှိုင်းနေပါသလား၊ ဖာပွန်တိုက်ပွဲက ဘယ်လိုပါလဲ၊ KNLA ဘက်ကပြောသည်မှာ ဖာပွန်၊ မဲဝိုင် ဧရိယာမှာ တပ်မတော်တပ်စခန်းများ ဖယ်ရှားပေးရန် အပစ်ရပ်စာချုပ်ချုပ်ဆိုကတည်းက ဆွေးနွေးထား သောနေရာများဟုလည်း ပြောကြောင်း၊ ထိုကိစ္စသည် ဟုတ်ပါသလား၊ ယခုမနက်ပိုင်းတွင်လည်း ဒေသခံ များက တပ်မတော်ကိုဆန္ဒပြနေကြကြောင်း၊ အဓိကက တပ်မတော်တပ်စခန်းများ တိုးချဲ့ခြင်း၊ လမ်း ဖောက်ခြင်း၊ Drone များဖြင့် လာကြည့်ခြင်းကို မကျေနပ်ကြောင်း၊ ထိုကိစ္စကိုသိလိုကြောင်း မေးမြန်းသည်။
ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ယခုဖြစ်နေသည့် မဲဝိုင်စခန်းကိစ္စဆိုသည်မှာ မဲဝိုင်စခန်းကို တိုးချဲ့လာသည့် စခန်းဟု စွပ်စွဲမှုများရှိနေကြောင်း၊ ယခင်ကတည်းက မဲဝိုင်စခန်းဟောင်းရှိကြောင်း၊ ၁၉၈၃ ခုနှစ် မတိုင်ခင် ကတည်းကရှိကြောင်း၊ ၁၉၈၃ ခုနှစ်မှာတော့ ထိုစခန်းတွင်အခြေမပြုဘဲ တပ်ကနေရာပြောင်းပေးလိုက်ပြီး ၁၉၉၅ ခုနှစ်တွင် ယခုလက်ရှိရှိနေသော မဲဝိုင်ခြေကုတ်စခန်းတွင် တပ်မတော်အနေဖြင့် လုံခြုံရေးအတွက် ဆောင်ရွက်နေကြောင်း၊ ၂၀၁၀ ပြည့်နှစ်အတွင်း အရှေ့ဘက် မဲဝိုင်ချောင်းတစ်ဖက်ကမ်း၊ စခန်းမြောက်ဘက် စာသင်ကျောင်းအနီး၊ စခန်းနောက်ဘက် သင်္ချိုင်းကုန်းအနီးမှ နှောင့်ယှက်ပစ်ခတ်မှုများရှိကြောင်း၊ ထိုကိစ္စနှင့် ပတ်သက်ပြီး သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်ကို KNU တပ်မဟာ(၅)မှစခန်းအား ရုပ်သိမ်းပေးခဲ့မှု ပြောဆိုခဲ့ သည်ဆိုပြီးပြောလာတာရှိကြောင်း၊ ထိုကိစ္စများသည် အောက်ခြေမှ ဖြေရှင်းဆောင်ရွက်ရမည့် ကိစ္စများ မဟုတ်ကြောင်း၊ နှစ်ဖက်ခေါင်းဆောင်များ၏ တရားဝင် ဆွေးနွေးပွဲမှတစ်ဆင့် ညှိနှိုင်းဆောင်ရွက် ပေးရမည့် ကိစ္စများဖြစ်ကြောင်း၊ မိမိဆိုလို သည်မှာ နံပါတ်(၁) ထိုစခန်းသည် ၎င်းတို့စွပ်စွဲနေသလို ယခုမှတိုးချဲ့သည့် စခန်းမဟုတ်ကြောင်း၊ ၁၉၈၃ မတိုင်ခင်ကတည်းက ရှိကြောင်း၊ ၁၉၈၃ ခုနှစ်တွင် နေရာပြောင်းကြောင်း၊ ၁၉၉၅ ခုနှစ်တွင် ယခုလက်ရှိနေရာတွင်ပဲရှိနေခြင်းဖြစ်ကြောင်း၊ နံပါတ်(၂)မှ ဆွေးနွေးမှုများနှင့်ပတ်သက်ပြီး ဖြေရှင်းဆောင်ရွက်ရမည့်ကိစ္စများကို နှစ်ဖက်ခေါင်းဆောင်များ တရားဝင်ဆွေးနွေးပွဲမှတစ်ဆင့် ညှိနှိုင်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထိုကိစ္စများနှင့် ပတ်သက်ပြီး ကန့်ကွက်စာများကို KNU တပ်မဟာ(၅)၊ တပ်ရင်း(၁၀၂)က ပေးပို့ခဲ့မှုများရှိကြောင်း၊ ထိုကိစ္စများသည် ကရင်အမျိုးသား အစည်းအရုံး(ဗဟို) KNU နှင့် တပ်မတော်တို့ လက်တွဲဆောင်ရွက်နေသည့် ထာဝရငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေနဲ့ သွေဖည်လျက်ရှိသည့် အတွက် လက်အောက်တပ်ဖွဲ့ဝင်များကို ထိန်းသိမ်းကြပ်မတ် ပေးရန် KNU ကရင်အမျိုးသားအစည်း အရုံး(ဗဟို)ကို တပ်မတော်အနေဖြင့် အကြောင်းကြားထားကြောင်း၊ ထိုကိစ္စနှင့်ပတ်သက်ပြီး တွေ့ဆုံသည့် အချိန်တွင် ဖြေရှင်းသွားနိုင်လိမ့်မည်ဟု ပြန်လည်ဖြေကြားသည်။
ဆက်လက်၍ ဧရာဝတီသတင်းဌာနမှ သတင်းထောက် ဦးထက်နိုင်ဇော်က တပ်မတော်(ရေ)က ရေငုပ်သင်္ဘော မင်းရဲသိင်္ခသူ တပ်တော်ဝင်ခဲ့ကြောင်း၊ ဓာတ်ပုံရိုက်ချိန် သင်္ဘောကိုယ်ထည်တွင် မသေသပ်မှုများကို လူမှု ကွန်ရက်များတွင် ဝေဖန်ပြောဆိုမှု များရှိကြောင်း၊ တချို့ကပြောနေကြသည်မှာ အိန္ဒိယမှဝယ်ယူခြင်းမဟုတ်ဘဲ အလကားရသည်ဆိုပြီး ပြောဆိုနေကြကြောင်း၊ ထိုကိစ္စနှင့်ပတ်သက်ပြီး ဘာများပြောချင်ပါ သလဲသိချင် ကြောင်း မေးမြန်းသည်။
ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက နံပါတ်(၁)ပြောချင်သည်မှာ အလကားရသည့် ပစ္စည်းမရှိကြောင်း၊ မည်မျှပင် ရင်းနှီးသော်လည်း အလကားပေးသည့်ပစ္စည်းမရှိကြောင်း၊ တန်ရာတန်ရာတော့ပေးရကြောင်း၊ ပြုပြင် ထိန်းသိမ်းစရိတ်များ ကုန်ကြောင်း၊ နံပါတ်(၂) Kilo Class နှင့်ပတ်သက်ပြီး ရုရှားနှင့်တခြားနိုင်ငံများတွင် Kilo Class အမျိုးအစား ရေငုပ်သင်္ဘောများကို တော်တော်များများ သုံးစွဲနေကြကြောင်း၊ အင်တာနက် တွင်လည်း ရှာလို့ရကြောင်း၊ ပုံတွေကို အနီးကပ်ဆွဲကြည့်ပါက ဤပုံစံအတိုင်းပဲ တွေ့လိမ့်မည်ဖြစ်ကြောင်း၊ ရေငုပ်သင်္ဘော တွင်အပြင်ဘက်ဆုံးအလွှာကို သံမဏိပြောင်ချောကို လုပ်ထားခြင်းမဟုတ်ကြောင်း၊ နားလည် အောင်ပြော ရရင် ဥပမာ-ရေငုပ်သင်္ဘောကို Sonar ဖြင့် ထောက်လှမ်း၍ မရအောင်လုပ်ထားခြင်း ဖြစ်ကြောင်း၊ လေပေါ်မှာဖြစ်ဖြစ်၊ မြေပေါ်မှာဖြစ်ဖြစ် ပစ္စည်းတစ်ခုကိုထောက်လှမ်းမည်ဆိုပါက အများ အားဖြင့် လေပေါ်ကို ရေဒါဖြင့်ထောက်လှမ်းကြောင်း၊ လေပေါ်မှာပျံနေသည့်လေယာဉ်ကို အသံလှိုင်း၊ ရေဒါလှိုင်း ထုတ်လွှတ် လိုက်ပြီး လေယာဉ်ကိုထိပြီး ပြန်လာသည့်လှိုင်းကို ဖမ်းယူကြောင်း၊ လင်းနို့ကနေ အခြေခံပြီးထုတ်ကြောင်း၊ လင်းနို့သည် အမှောင်ထုထဲတွင် သွားလာသော်လည်း မတိုက်မိကြောင်း၊ လင်းနို့သည် ရေဒါကဲ့သို့ အသံလှိုင်း လွှင့်ပြီး ပြီးရင်နားဖြင့် ဖမ်းယူပြီးရှောင်ရှားနိုင်ကြောင်း၊ ရေထုထဲတွင် တစ်ခုနှင့် တစ်ခုမြင်ရသည့် အကွာ အဝေးနှင့် မမြင်ရသည့်အကွာအဝေးရှိကြောင်း၊ မမြင်နိုင်သည့် အကွာအဝေးကို Sonar ဖြင့် ထောက်လှမ်း ကြောင်း၊ ရေယာဉ်ကိုယ်ထည်ကို အသံလှိုင်းကရိုက်ခတ်ပြီး ပြန်လာသည့်လှိုင်းကို ဖမ်းယူ ကြောင်း၊ ဖမ်းယူပြီး အကွာအဝေးနှင့် မည်မျှနှုန်းဖြင့် သွားနေခြင်းတို့ကို ထောက်လှမ်းကြောင်း၊ ထိုသို့ထောက်လှမ်းခြင်း မခံရအောင် ကိုယ်ထည်ပေါ်တွင် Sonar လှိုင်းကို စုပ်ယူနိုင် စွမ်းရှိသည့် ။ Sonar ထောက်လှမ်းနိုင်မှု လျော့နည်းနိုင်သည့်အရာများကို Coating လုပ်ထားမှုရှိကြောင်း၊ ထိုကိစ္စများနှင့် ပတ်သက်ပြီး တော်တော် များများလည်း နည်းပညာအရ ရှင်းလင်းထားပြီးဖြစ်ကြောင်း၊ ရေငုပ်သင်္ဘော၏ အတိုင်းအတာသည် နှစ်သက်တမ်းထက် ရေငုပ်သည့်အရေအတွက် မည်မျှရှိပြီဆိုသည်ကိုသာတိုင်းတာကြောင်း၊ အိန္ဒိယနှင့် မြန်မာ နိုင်ငံသည် မည်မျှဝေးသည်ကို သိပြီးဖြစ်ကြောင်း၊ ၎င်းရေငုပ်သင်္ဘောသည် အိန္ဒိယနှင့်မြန်မာ ကို ရေအောက်မှ အကြိမ်ကြိမ်ဖြတ်မောင်းပြီးဖြစ်ကြောင်း၊ ဖြတ်မောင်းသည့် ကာလအတွင်း ရေငုပ်သင်္ဘော၏ အဓိကလက်နက် ဖြစ်သော တော်ပီဒိုများပစ်လွှတ်စမ်းသပ်ပြီး ရေယာဉ်ဖြစ်ကြောင်း၊ လက်တွေ့အခြေအနေ အသုံးပြုနေသည့် ရေယာဉ်ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။
ဆက်လက်၍ ဧရာဝတီသတင်းဌာနမှ သတင်းထောက် ဦးထက်နိုင်ဇော်က ရွှေကုက္ကိုလ်မြို့သစ် စီမံကိန်းနှင့် ပတ်သက်လို့ တပ်မတော်နှင့် BGF ကြားမှာ တစ်စုံတစ်ရာ ဆွေးနွေးသဘောတူထားတာမျိုးရှိပါသလား၊ ဒီစီမံကိန်းနှင့် ပတ်သက်လို့ တပ်မတော်၏ သဘောထားကိုသိချင်ပါကြောင်း၊ ပြီးခဲ့သည့်ရက်ပိုင်းမှာ မြဝတီမှာ တပ်မတော် လုံခြုံရေးတိုးမြှင့်ထားတာတွေ့ရကြောင်း၊ ပြီးတော့ ထိုင်းဘက်က တင်သွင်းလာသည့် ကားတွေ ကိုလည်းဖမ်းကြောင်း၊ ကာစီနိုလောင်းကစားဝိုင်း၊ တရားမဝင်မှောင်ခို တင်သွင်းသည့် ဂိတ်တွေကိုလည်း စိစစ်တာတွေရှိကြောင်း၊ တပ်မတော်က အဲဒီဂိတ် တွေ ထိန်းချုပ်ထားလား၊ အဲဒီမှာလုပ်နေသည့် BGF ၏ဆောင်ရွက်ချက်တွေနှင့် ပတ်သက်ပြီးတော့ တပ်မတော်က ဘယ်လောက်တာဝန်ခံသလဲဆိုတာ သိချင်ပါ ကြောင်း မေးမြန်းသည်။
ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ရွှေကုက္ကိုလ်စီမံကိန်းနဲ့ပတ်သက်လို့ ယခင် သတင်းစာရှင်းလင်းပွဲတွင် ဖြေကြား ပြီးဖြစ်ကြောင်း၊ ဒါနှင့်ပတ်သက်လို့ တပ်မတော်အနေဖြင့် BGF နှင့်ညှိနှိုင်းဆောင်ရွက်နေ တယ်ဆိုတာ မရှိကြောင်း၊ ၎င်းနှင့်ပတ်သက်လို့ တရားမဝင်လုပ်ဆောင်သည့် ဥပဒေအပြင်ဘက်က လုပ်ငန်းမှန်သမျှကို တပ်မတော် အနေဖြင့် ပတ်သက်ခြင်းမရှိအောင်တားမြစ် ထားကြောင်း၊ ပါဝင်ပတ်သက်တယ်ဆိုလည်း အရေးယူဆောင်ရွက်မှုများ ဆောင်ရွက်လျက် ရှိကြောင်း၊ BGF နဲ့ပတ်သက်ပြီး ပြောလိုတာက တာဝန်ရှိသူများ ကိုတာဝန်ရှိသည့်အလျောက် အရေးယူဆောင်ရွက်ပြီးဖြစ်တယ်လို့ ပြောချင်ပါကြောင်း ပြန်လည်ဖြေကြား သည်။
BBC သတင်းဌာနမှ သတင်းထောက် ဦးအောင်သူရက ခုနကပြောသွားသည့်အထဲမှာ တပ်မတော်သား မဲဆန္ဒရှင်တွေကလည်း ကန့်ကွက်လွှာ တင်သွင်းတယ်လို့ပါလာတော့ ဘယ်မဲဆန္ဒနယ်၊ နယ်ဘယ်နှနယ် လောက် တင်ဖို့များ သူတို့ဘယ်လောက်လုပ်ထားလဲဆိုသည့်အရေအတွက်ကို သိချင်ပါကြောင်းမေးမြန်းသည်။
ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက အရေအတွက်တော့ မိမိလည်းမသိသေးပါကြောင်း ဖြေကြားသည်။ ဆက်လက်၍ BBC သတင်းဌာနမှ သတင်းထောက် ဦးအောင်သူရက မနေ့ကတပ်မတော်က ထုတ်ပြန်သည့်အထဲမှာ နေပြည်တော် ဇေယျာသီရိမြို့နယ်ပါတာ မတွေ့တော့ နောက်ပိုင်းမှာ ဇေယျာသီရိမြို့နယ်က ပါလာနိုင်ခြေရှိ လားဆိုတာ သိချင်ပါကြောင်း မေးမြန်းသည်။
ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက အဲ့ဒါလည်း မိမိမသိသေးပါကြောင်း၊ ထိုမဲဆန္ဒတွေနှင့် ပတ်သက်ပြီး ထုတ်ပြန် တာတွေသည် စာရင်းစိစစ်ပြီးသည်များကိုပဲ သိရမှာဖြစ်ကြောင်း၊ စာရင်းစိစစ်ဆောင်ရွက်ဆဲဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။
ဆက်လက်၍ BBC သတင်းဌာနမှ သတင်းထောက် ဦးအောင်သူရက ပြီးခဲ့သည့်ရက်ပိုင်းမှာ ဧရာဝတီ သတင်းဌာန၌ သတင်းဖတ်ရကြောင်း၊ ဒုတိယဗိုလ်ချုပ်ကြီး ၆ ဦး အငြိမ်းစားယူတယ်ဆိုတာဖတ်ရတော့ တကယ်ပဲ ဒုတိယဗိုလ်ချုပ်ကြီး ၆ ဦးက အငြိမ်းစားယူသွားပြီလား၊ အရန်အင်အားထဲရောက်သွားပြီလား၊ နောက်တစ်ခုက စစ်ဥပဒေချုပ် ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေးက ကျွန်တော်တို့လေ့လာမိသလောက် ၂၀၁၆ ခုနှစ်မှာ ဒုတိယဗိုလ်ချုပ်ကြီးဖြစ်တာဆိုတော့ သူကဘယ်လိုကြောင့် စောပြီးအရန်အင်အားထဲ ရောက် သွားသလဲဆိုတာ သိချင်ပါကြောင်း မေးမြန်းသည်။
ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက တပ်မတော်၏ ရာထူးခန့်ထားခြင်းတွေနှင့် ပတ်သက်ပြီး ရာထူးခန့်ထားတာတို့၊ အငြိမ်းစားယူတာတို့က သူ့စည်းမျဉ်းစည်းကမ်းနဲ့ ဆောင်ရွက်နေတာဖြစ်ကြောင်း၊ ဒါနှင့်ပတ်သက်ပြီး မိမိအနေဖြင့် သတင်းစာရှင်းလင်းပွဲမှာ ရှင်းလင်းစရာ အကြောင်းမရှိကြောင်း ပြန်လည်ဖြေကြားသည်။
ဆက်လက်၍ BBC သတင်းဌာနမှ သတင်းထောက် ဦးအောင်သူရက ဧရာဝတီသတင်းဌာနမှာ ရေးထား တာတွေ့ပါကြောင်း၊ အင်္ဂလိပ်ပိုင်းမှာပဲ တပ်မတော် ခေါင်းဆောင်တွေနှင့် NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့တယ် ဆိုတာမျိုးရေးထားကြောင်း၊ တကယ်ပဲ တွေ့ဆုံခဲ့သလားဆိုတာ သိချင်ပါကြောင်း မေးမြန်းသည်။
ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက အဆိုပါကိစ္စရပ်အား မိမိတို့သိရှိခြင်းမရှိကြောင်း ဖြေကြားသည်။
7 days TV သတင်းဌာနမှ သတင်းထောက် ဦးဝင်းကိုလတ်က ဇေယျာသီရိ တပ်နယ်မြေမှ COVID ဖြစ်ပွား နေကြောင်းကိုကျန်းမာရေးဘက်ကကြားသိရပြီး ၁၅၀ ဦးလောက်ရှိသည်ကိုသိရသဖြင့် အရေအတွက်တိတိကျ ကျနှင့် တပ်မတော် အနေဖြင့် မည်ကဲ့သို့လုပ်ဆောင်နေခြင်းကို သိလိုပါကြောင်း မေးမြန်းသည်။
ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဇေယျာသီရိမှာ COVID ဖြစ်ပွားခဲ့ခြင်းများ ရှိကြောင်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)ဝင်းတစ်ခုလုံးရှိ အရာရှိ၊ စစ်သည်၊ မိသားစုဝင်အားလုံး တစ်ယောက်မကျန်ဆေးစစ်လိုက်ကြောင်း၊ ဒုတိယလှိုင်းအနေဖြင့် လူဦးရေရာကျော်နီးပါး တွေ့ပါကြောင်း၊ အဆိုပါကိစ္စနှင့်ပတ်သက်ပြီး COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဗဟိုဌာနကို အကြောင်းကြားပြီးဖြစ်ကြောင်း၊ ၎င်းလူနာများအနေဖြင့် ကျန်းမာရေး အခြေအနေ ကောင်းမွန်ကြောင်း၊ အဆိုပါလူနာများကို တပ်မတော်ဆေးရုံကြီးနှင့် တပ်မတော် ကျန်းမာရေးနှင့် ရောဂါနှိမ်နင်းရေးတပ်တွင် ဆေးရုံတက်ရောက်ကုသလျက်ရှိကြောင်း၊ ဒါ့အပြင် ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)ဝင်းအတွင်း ရောဂါပိုးတွေ့တဲ့သူများရှိခြင်းကြောင့် တင်းတင်းကျပ်ကျပ်ထိန်းချုပ် ဆောင် ရွက် လျက်ရှိကြောင်း ပြန်လည်ဖြေကြားသည်။
ဆက်လက်၍ 7 days TV သတင်းဌာနမှ သတင်းထောက် ဦးဝင်းကိုလတ်က အခုလိုဖြစ်ပွားသည့်အထဲတွင် ဘယ်လောက်အဆင့်ရှိသည့် တပ်မတော်အရာရှိအဆင့်တွေပါဝင်သလဲနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကော ကျန်းမာရေးကောင်းမွန်ပါလား၊ ဖြစ်ပွားမှု ရှိ၊ မရှိသိလိုကြောင်း မေးမြန်းသည်။
ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက အကြီးဆုံးက ဒုတိယဗိုလ်မှူးကြီးအဆင့် တစ်ယောက်ပါဝင်ပြီး တချို့အရာရှိ၊ မိသားစုဝင်များ၊ တချို့ဆက်စပ်နေသည့်သူများ ပါဝင်ကြောင်း၊ အဓိက ဘာဖြစ်လို့တွေ့လဲဆိုလျှင် လူဦးရေ သောင်းနဲ့ချီပြီးရှိတဲ့ ကာကွယ်ရေးဝင်းအတွင်းရှိ ကလေးကအစ စစ်သည်အားလုံး တစ်ယောက်မကျန် စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။
ဧရာဝတီသတင်းဌာနမှ သတင်းထောက် ဦးထက်နိုင်ဇော်က ပြီးခဲ့သည့်ရက်ပိုင်းက ရခိုင်ပြည်နယ် အစိုးရ အဖွဲ့၏ခွင့်ပြုချက်ဖြင့် ရသေ့တောင်မြို့နယ်အတွင်းက တိုက်ပွဲရှောင်ပြည်သူများကို ကူညီဖို့သွားတဲ့ ICRC စက်လှေတစ်စင်းကို တပ်မတော်က တားဆီးလို့ ပြန်လှည့်ခဲ့ရသည့် အခြေအနေရှိပါကြောင်း၊ အစိုးရ ခွင့်ပြုချက်ဖြင့်သွားသည့် စက်လှေကို တပ်မတော်က ဘာဖြစ်လို့ တားဆီးတာလဲ။ တစ်ခေါက်ကလည်း ပြဿနာတက်ဖူးခြင်းကြောင့် ဘယ်လိုအကြောင်းရင်းများရှိသည်ကို သိလိုကြောင်း မေးမြန်းသည်။
ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက အရင်တစ်ခေါက် သတင်းစာရှင်းလင်းပွဲတုန်းကပြောတဲ့ ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၂၈ ရက်တွင် မေယုမြစ်အတွင်း အောင်ဇေယျကျေးရွာအနီး ICRC အမည်ခံစက်လှေကို တပ်မတော်ဘက်က ပစ်ခတ်သည်ဟုစွပ်စွဲသည့် ဖြစ်စဉ်ဖြစ်ပွားကြောင်း၊ ICRC ဘက်ကလည်း သူတို့၏ စက်လှေ မဟုတ်ကြောင်းနှင့် ငှားရမ်းသုံးစွဲဖူးကြောင်း ပြောတာမျိုးရှိကြောင်း၊ အခုဖြစ်ခဲ့သည့် ဖြစ်စဉ်က ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် ဖြစ်ပွားခဲ့ကြောင်း၊ သိရသလောက်က စစ်တွေမြို့၊ လမ်းမတော်မြောက်ရပ်ကွက်၊ ရေနံလမ်းမှာနေသည့် စက်လှေပိုင်ရှင် ဦးဇော်ဝင်းထွန်း၏ ဖြိုးပွင့်ခိုင်အမည်ရှိသည့် ကုန်တင်စက်လှေ တစ်စင်းက ICRC က ဝန်ထမ်းတစ်ယောက်မှမပါဘဲ ရသေ့တောင် မြို့နယ်၊ အာကာတောင်ရွာ၊ ကန်စိပ်ရွာ၊ အုတ်ဖိုရွာ၊ ရွာသစ်ရက်ခုံတိုင်ရွာများကို ICRC ကထောက်ပံ့သည့် ဆန် ၁၀၂၀ အိတ်၊ ပဲ ၁၀၂၀ အိတ်၊ ဆီ၊ ဆားများကို တင်ဆောင်မောင်းနှင်လာသည်ကို လုံခြုံရေးတပ်ဖွဲ့ဝင်များက စိစစ်ကြကြောင်း၊ စိစစ်သည့်အခါ ICRC က ကုန်ပစ္စည်းတင်တဲ့စက်လှေမှာ လုပ်ထုံးလုပ်နည်း၊ စည်းကမ်းသတ်မှတ်ချက်အရ ရသေ့ တောင်မြို့နယ် အုပ်ချုပ်ရေးမှူး၏ ခွင့်ပြုချက်မပါကြောင်း၊ တပ်မတော်က အုပ်ချုပ်ရေးမှူးကို ဆက်သွယ်မေးမြန်းသည့်အခါ အုပ်ချုပ်ရေးမှူးမှမသိကြောင်း၊ စက်လှေပေါ်ရှိလုပ်သား ၅ ဦးကို အုပ်ချုပ်ရေး မှူးထံ ခွင့်ပြုချက်တောင်းခံရန် စေလွှတ်ခဲ့ကြောင်း၊ အုပ်ချုပ်ရေးမှူးထံ တစ်စုံတစ်ရာ ဆက်သွယ်မှုမရှိဘဲ ၎င်းင်းတို့အစီအစဉ်ဖြင့် စစ်တွေဘက်ကို ပြန်လည်ထွက်ခွာသွားကြောင်း၊ ရခိုင်ပြည်နယ်အတွင်းမှာရှိသည့် ICRC ဝန်ထမ်းများအနေဖြင့် ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ၏ စည်းကမ်းချက်၊ ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အခြားသူများမှာ ICRC အမည်ခံပြီး တရားမဝင် မှောင်ခိုလုပ်ငန်း များလုပ်ဆောင်လျှင် အဖွဲ့အစည်းတစ်ခုအနေနဲ့ရော၊ လက်ခံသည့်အစိုးရပိုင်းကော၊ အုပ်ချုပ် ရေးအဖွဲ့ အစည်းအနေနဲ့ရော မကောင်းပါ ကြောင်း၊ စည်းမျဉ်း၊ စည်းကမ်းချက် လိုက်နာရမည့်ကိစ္စများကို မလိုက်နာခြင်း၊ ပါရမည့်စာရွက်စာတမ်းများ မပါခြင်း၊ စာရွက်စာတမ်းပြန်ယူခိုင်းတော့ မယူဘဲ ပြန်သွားခြင်း စတဲ့ဖြစ်စဉ်အကြောင်းအရာ များကိုမပြောဘဲ သတင်းလွှင့်သည့်အခါမှာ တော့ တပ်မတော်ကတားလို့ဆိုပြီး သတင်း လွှင့်ကြောင်း၊ အဆိုပါကိစ္စရပ်များမှာ မပြောသင့်၊ မဖြစ်သင့်သည့်ကိစ္စရပ်များဖြစ် ကြောင်း ပြန်လည် ဖြေကြားသည်။
ဆက်လက်၍ ဧရာဝတီသတင်းဌာနမှ သတင်းထောက် ဦးထက်နိုင်ဇော်က ရခိုင် ပြည်နယ်အတွင်း အင်တာနက် 4G မရခြင်းက တော်တော်ကြာပြီဖြစ်ကြောင်း၊ အဆိုပါကိစ္စသည် ကမ္ဘာမှာ အရှည်ကြာဆုံး ဖြတ်တောက်မှုလို့ပြောကြကြောင်း၊ အရင်တုန်းက ရခိုင်ပြည်နယ်တွင် အင်တာနက်ရရှိပြီး အဲ့ဒီအချိန် တိုက်ပွဲတွေအရမ်းပြင်းထန်ခြင်းကြောင့် အင်တာနက်ဖြတ်ထားကြောင်း၊ ယခုအခါ တပ်မတော်နှင့် AA အဖွဲ့အကြား တစ်စုံတစ်ရာဖြေလျှော့မှုများ ရှိလာခြင်းကြောင့် အင်တာနက်ပြန်ဖွင့်ရန်အတွက် အစိုးရ ဘက်ကိုမေးကြည့်သည့်အခါ တပ်မတော်ဘက်က သဘောထားရှိလျှင် ပြန်လည်ဖွင့်ပေးနိုင်ကြောင်း၊ တပ်မတော်ဘက်က အင်တာနက်ပြန်ဖွင့်ပေးရန် အစီအစဉ် ရှိ၊ မရှိသိလိုကြောင်း မေးမြန်းသည်။
ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက အဆိုပါကိစ္စရပ်ကို မိမိအနေဖြင့် အခုလောလောဆယ်မသိသေးပါကြောင်း၊ ဖြေနိုင်သည့် အချိန်ကျလျှင် ပြန်ဖြေမည်ဖြစ်ကြောင်း ပြောကြားသည်။
အောင်လင်းဦး၊ လဲ့ရည်လှိုင်