အင်္ဂါဂြိုဟ်သို့ AI နည်းပညာသုံး စက်ရုပ်များစေလွှတ်ရန် အီလွန်မက်ဆန္ဒရှိ
အမေရိကန် စွန့်ဦးတီထွင်သူနှင့် အမေရိကန်အစိုးရ စွမ်းဆောင်ရည်ဌာန (DOGE)အကြီးအကဲ အီလွန်မက်သည် လာမည့်နှစ်တွင် အင်္ဂါဂြိုဟ်သို့ ဉာဏ်ရည်တု (AI) နည်းပညာသုံး စက်ရုပ်များအား စေလွှတ်ရန် ဆန္ဒရှိနေကြောင်း သိရသည်။
အင်္ဂါဂြိုဟ်သို့ ၂၆ လလျှင် တစ်ကြိမ်သွားရောက်ရန် ဖြစ်နိုင်သောကြောင့် ၎င်းဂြိုဟ်သို့စေလွှတ်မည့် မစ်ရှင်ကို ၂၀၂၆ ခုနှစ် နိုဝင်ဘာလတွင် ပြုလုပ်ရန် စီစဉ်ထားကြောင်း မက်က ဖေဖော်ဝါရီလ ၁၈ ရက်တွင် ၎င်း၏ လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ရေးသားဖော်ပြထားသည်။
အခြေအနေအားလုံး အဆင်ပြေချောမွေ့မှုရှိပါက အင်္ဂါဂြိုဟ်သို့အလိုအလျောက် ထိန်းချုပ်လုပ်ဆောင်နိုင်သည့် စက်ရုပ်များနှင့် AI နည်းပညာသုံးစက်ရုပ်များအား SpaceX ကုမ္ပဏီမှ Starship အာကာသယာဉ်ဖြင့် စေလွှတ်မည်ဖြစ်သည်။
လူသားများအနေဖြင့် အခြားဂြိုဟ်များအား ဖွံ့ဖြိုးတိုးတက်စေရန် လုပ်ဆောင်မည်ဆိုပါက ၎င်းဂြိုဟ်များပေါ်တွင် အသက်ရှိနေထိုင်နိုင်သည်ဟု မက်က ယခင်ကတည်းက ပြောကြားခဲ့ပြီး အင်္ဂါဂြိုဟ်ပေါ်သို့ လူသားများ သွားရောက်၍ အုပ်ချုပ်ရေး ထူထောင်ရန် ၎င်းကတိုက်တွန်းခဲ့ဖူးသည်။