အစ္စရေး ဓားစာခံငါးဦးအား ဟားမက်အဖွဲ့ကပြန်လည် လွှဲပြောင်းပေး
ပါလက်စတိုင်းမှ ဟားမက်အဖွဲ့က အစ္စရေးဓားစာခံ ငါးဦးအား ဖေဖော်ဝါရီလ ၂၂ ရက်တွင် နိုင်ငံတကာကြက်ခြေနီအဖွဲ့သို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
ဟားမက်အဖွဲ့သည် ဓားစာခံသုံးဦးအား ဂါဇာဒေသအလယ်ပိုင်းရှိ အယ်နူဆေရက်ဒုက္ခသည် စခန်း၌ ပြန်လည်လွှဲပြောင်းပေးခြင်းဖြစ်ပြီး အခြားနှစ်ဦးကို ရာဖာမြို့၌ လွှဲပြောင်းပေးခဲ့ခြင်း ဖြစ်ကြောင်း အစ္စရေးတပ်မတော်က အတည်ပြုထားသည်။
ဓားစာခံလွှဲပြောင်းခြင်းကိုဟားမက်နှင့်အစ္စရေးတို့ကြား ယခုနှစ် ဇန်နဝါရီလ ၁၉ ရက်တွင် လက်မှတ်ရေးထိုးခဲ့သည့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အရ လုပ်ဆောင်ခြင်းဖြစ်ပြီး ဟားမက်အဖွဲ့အနေဖြင့် လာမည့်ရက်သတ္တပတ် အတွင်း၌ အစ္စရေးဓားစာခံ ၃၃ ဦးကို ထပ်မံလွှတ်ပေးမည်ဖြစ်ပြီး အစ္စရေးနိုင်ငံကလည်း အပြန်အလှန်အားဖြင့် ပါလက်စတိုင်း အကျဉ်းသား ၁၅၀၀ ကျော်ကို ပြန်လွှတ်ပေးမည် ဖြစ်ကြောင်း သိရသည်။