တောင်ကိုရီးယားတွင် လုပ်ငန်းခွင်တစ်ခုရှိ တံတားပြိုကျ အနည်းဆုံး အလုပ်သမား ၄ ဦးသေဆုံးပြီး ၆ ဦးဒဏ်ရာရ
တောင်ကိုရီးယားနိုင်ငံ အန်ဆုန်မြို့ရှိ အဝေးပြေးလမ်းမ တည်ဆောက်ရေးလုပ်ငန်းခွင်တစ်ခုတွင် ဖေဖော်ဝါရီလ ၂၅ ရက်က တံတားတစ်စင်း ပြိုကျရာ အနည်းဆုံး အလုပ်သမား ၄ ဦးသေဆုံးပြီး ၆ ဦးဒဏ်ရာ ရရှိသွားကြောင်း အာဏာပိုင်အဖွဲ့က ထုတ်ပြန်သည်။
အဆိုပါမတော်တဆမှုသည် ဆိုးမြို့နှင့် ဆေဂျုန်မြို့တို့အား ဆက်သွယ်ပေးသည့် လမ်းအပိုင်းတွင် ဒေသစံတော်ချိန် နံနက် ၉ နာရီ ၅၀ မိနစ်ခန့်က ဖြစ်ပွားခြင်းဖြစ်ပြီး တံတားတွင် လောင်းထားသည့် ကျောက်ပြားများက လုပ်ငန်းခွင်၌ အလုပ်လုပ်ကိုင်နေသည့် အလုပ်သမား ၁၀ ဦးအပေါ် ပြိုကျခဲ့ခြင်းကြောင့် ၎င်းတို့အနက် ၄ ဦးသေဆုံးသွားပြီး ၅ ဦးမှာ ဒဏ်ရာ အပြင်းအထန်ရရှိကာ ကျန်တစ်ဦးမှာ ဒဏ်ရာအနည်းငယ် ရရှိသွားခြင်းဖြစ်ကြောင်း သိရသည်။
သေဆုံးသွားသည့် အလုပ်သမားတစ်ဦးကို ကယ်ဆယ်ရေးအဖွဲ့ဝင်များက အပျက်အစီးများကြားမှ မွန်းလွဲ ၂ နာရီ ၂၀ မိနစ်ခန့်တွင် ပြန်လည် ဆွဲထုတ်နိုင်ခဲ့ပြီး မီးသတ်တပ်ဖွဲ့က အခင်းဖြစ်ပွားရာ နေရာသို့ မီးသတ်တပ်ဖွဲ့ဝင်များအား စေလွှတ်ခဲ့ကြောင်း သိရသည်။
အခင်းဖြစ်ပွားသည့် အန်ဆုန်မြို့သည် ဆိုးမြို့၏တောင်ဘက် ၆၅ ကီလိုမီတာ အကွာခန့်တွင် တည်ရှိသည်။