ရုရှားအပေါ် လုပ်ဆောင်နေသည့် ဆိုက်ဘာတိုက်ခိုက်မှုများကို အဆုံးသတ်ရန် အမေရိကန်ကာကွယ်ရေးဝန်ကြီးက ညွှန်ကြား
ဝါရှင်တန်၊ ဆိုက်ဘာတိုက်ခိုက်မှု
ရုရှားနိုင်ငံအပေါ် လုပ်ဆောင်နေသည့် ဆိုက်ဘာတိုက်ခိုက်မှုများကို အဆုံးသတ်ပစ်ရန် အမေရိကန်ကာကွယ်ရေးဝန်ကြီး ပိဟက်ဆက်က အမေရိကန်ဆိုက်ဘာတပ်ဖွဲ့အား အမိန့်ပေးညွှန်ကြားလိုက်ကြောင်း မီဒီယာတစ်ခုက ဖော်ပြသည်။
ဒစ်ဂျစ်တယ်စစ်ဆင်မှုများအပါအဝင် ရုရှားနိုင်ငံအပေါ်ဆင်နွှဲနေသည့် ဆိုက်ဘာတိုက်ခိုက်မှုအားလုံးကို ရပ်တန့်ပစ်ရန် ပိဟက်ဆက်က ဆိုက်ဘာတပ်ဖွဲ့မှ အကြီး အကဲ ဗိုလ်ချုပ်ကြီး တင်မသီဟိုအား ညွှန်ကြားခဲ့ခြင်းဖြစ်ကြောင်း The Record က အမေရိကန်အရာရှိများ၏ ပြောဆိုချက်ကို ကိုးကား၍ ဖော်ပြခြင်းဖြစ်သည်။
ရုရှားနိုင်ငံအပေါ်လုပ်ဆောင်နေသည့် ဆိုက်ဘာတိုက်ခိုက်မှုများကို မည်သည့်အချိန်ကာလအထိ ရပ်ဆိုင်းထားမည်ကို အတိအကျဖော်ပြထားခြင်းမရှိကြောင်းသိရသည်။ သို့သော် အမေရိကန်အစိုးရ၏ ယခုလုပ်ဆောင်ချက်သည် ရုရှားနှင့်အမေရိကန်နှစ်နိုင်ငံကြား ဆက်ဆံရေးပြန်လည်တိုးတက်လာစေရန်ရည်ရွယ်သည့် လုပ်ဆောင်ချက်ဖြစ်ကြောင်း မီဒီယာတွင် ဆက်လက်ဖော်ပြထားသည်။
အမေရိကန်ကာကွယ်ရေးဝန်ကြီး ပိဟက်ဆက်သည် လက်ရှိသမ္မတ ဒေါ်နယ်ထရမ့်၏ ရုရှားနိုင်ငံအပေါ်ထားရှိသည့် ရပ်တည်ချက်နှင့်ဆန့်ကျင်နေသည့် စစ်ဘက်မှအရာရှိကြီးများကို ရာထူးမှဖယ်ရှားရန် စီစဉ်လျက်ရှိသည်ဟု NBC သတင်းဌာနက ဖေဖော်ဝါရီလ ၁၉ ရက်တွင် ဖော်ပြခဲ့ကြောင်းသိရသည်။