လန်ဒန်ထိပ်သီးဆွေးနွေးပွဲ၌ချမှတ်ခဲ့သည့် အီးယူခေါင်းဆောင်များ၏ဆုံးဖြတ်ချက် က မှန်ကန်မှုမရှိသည့် အပြင် အန္တရာယ်ရှိဟု အော်ဘန်ဆို

လန်ဒန်ထိပ်သီးဆွေးနွေးပွဲ၌ချမှတ်ခဲ့သည့် အီးယူခေါင်းဆောင်များ၏ဆုံးဖြတ်ချက် က မှန်ကန်မှုမရှိသည့် အပြင် အန္တရာယ်ရှိဟု အော်ဘန်ဆို

ဘူဒါပက်၊ နိုင်ငံရေး

ဗြိတိန်နိုင်ငံ လန်ဒန်မြို့တွင်ကျင်းပသည့် ယူကရိန်းနိုင်ငံဆိုင်ရာထိပ်သီးဆွေးနွေးပွဲ၌ချမှတ်ခဲ့သည့် အီးယူခေါင်းဆောင်များ၏ဆုံးဖြတ်ချက်သည် မှန်ကန်မှုမရှိသည့်အပြင် အန္တရာယ်ကြီးမားသည်ဟု ဟန်ဂေရီဝန်ကြီးချုပ် ဗစ်တာအော်ဘန်က မတ်လ ၃ ရက်တွင် ပြောသည်။

အီးယူနိုင်ငံများမှ ခေါင်းဆောင်များသည် ငြိမ်းချမ်းရေးကို မျက်ကွယ်ပြုပြီး တိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင်ရန် ဆုံးဖြတ်ခြင်းသည် ယူကရိန်းအားလက်နက်ကိုင်ပဋိပက္ခအတွင်းသို့ ဆက်လက်တွန်းပို့နေခြင်းဖြစ်သောကြောင့် မှားယွင်းကြောင်း၊ ဟန်ဂေရီနိုင်ငံအနေဖြင့်    ငြိမ်းချမ်းရေးဘက်တွင်သာ ရပ်တည်လျက်ရှိကြောင်းအော်ဘန်ကဆက်ပြောသည်။

ယူကရိန်းနိုင်ငံသို့ စစ်ရေးအကူအညီများ ဆက်လက်ပေးအပ်ရေးနှင့်စပ်လျဉ်း၍ လန်ဒန်မြို့၌ မတ်လ ၂ ရက်ကကျင်းပသည့် ထိပ်သီးဆွေးနွေးပွဲသို့ တက်ရောက်ရန် အီးယူအဖွဲ့မှ တာဝန်ရှိသူများက အော်ဘန်အားဖိတ်ကြားခဲ့သော်လည်း    ဟန်ဂေရီနိုင်ငံက ယင်းဆွေးနွေးပွဲသို့တက်ရောက် ရန် ငြင်းဆိုခဲ့ကြောင်းသိရသည်။

ဟန်ဂေရီအစိုးရသည် ရုရှားနှင့်အမေရိကန်ပြည်ထောင်စုတို့ကြား  စေ့စပ်ဆွေးနွေးမှုများ လုပ်ဆောင်နေခြင်းကို ထောက်ခံလျက်ရှိပြီး အဆိုပါအင်အားကြီးနှစ်နိုင်ငံကြားကျင်းပသည့် စေ့စပ်ဆွေးနွေးမှုများသည် နောက်ပိုင်းတွင် ယူကရိန်းပဋိပက္ခအား ငြိမ်းချမ်းစွာဖြေရှင်းနိုင်စေရန်    အထောက်အကူပြုနိုင်သည်ဟု ယုံကြည်လျက်ရှိသည်။

လန်ဒန်မြို့၌ကျင်းပခဲ့သည့် ထိပ်သီးဆွေးနွေးပွဲသို့ ဂျာမနီ၊   ဒိန်းမတ်၊   စပိန်၊ နယ်သာလန်၊ အီတလီ၊ နော်ဝေ၊ ပိုလန်၊ ပြင်သစ်၊ ချက်သမ္မတနိုင်ငံအပါအဝင် အီးယူနိုင်ငံများနှင့်ကနေဒါနိုင်ငံမှခေါင်းဆောင်များတက်ရောက်ခဲ့ကြပြီး ဥရောပနိုင်ငံများအနေဖြင့်   ယူကရိန်းနိုင်ငံသို့     ပဋိပက္ခပြီးဆုံးသည့်အချိန်အထိ စစ်လက်နက်များထောက်ပံ့နိုင်ရေးအတွက် အစီအစဉ်များချမှတ်ရန် ရည်ရွယ်ထားသည်ဟု ဗြိတိန်ဝန်ကြီးချုပ် ကီယာစတားမားက ပြောကြားခဲ့ကြောင်းသိရသည်။