အမေရိကန်က ယူကရိန်းသို့ စစ်ရေးအကူအညီများရပ်ဆိုင်းလိုက်ခြင်းကငြိမ်းချမ်းရေးအတွက်အထောက်အကူဖြစ်စေဟု ပက်စကော့ပြော
နယူးယောက်၊ စစ်ရေး
အမေရိကန်အစိုးရက ယူကရိန်းသို့ပေးအပ်နေသည့် စစ်ရေးအကူအညီများကို ရပ်ဆိုင်းလိုက်ခြင်းသည် ငြိမ်းချမ်းရေးအတွက် အကောင်းဆုံး အထောက်အကူပြုခြင်းပင်ဖြစ်သည်ဟု ရုရှားအစိုးရ အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်စကော့က မတ်လ ၄ ရက်တွင်ပြောကြားခဲ့ကြောင်းသိရသည်။
ယူကရိန်းသို့ပေးအပ်နေသည့် စစ်ရေးအကူအညီများကို အမေရိကန်ရပ်ဆိုင်းလိုက်ခြင်းကြောင့် ယူကရိန်းအစိုးရအား ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်လာစေရန် အားပေးအားမြှောက်ပြုနိုင်မည်ဖြစ်ကြောင်း ပက်စကော့က ဆက်လက်ပြောကြားသည်။
အမေရိကန်အစိုးရသည် ယူကရိန်းနိုင်ငံသို့ လက်နက်ရောင်းချမှုအသစ်များအတွက် ငွေကြေး ထောက်ပံ့ပေးခြင်းကို ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း အမည်မဖော်လိုသူ အမေရိကန်အရာရှိများ၏ ပြောကြားချက်ကိုကိုးကား၍ Wall Street Journal ကမတ်လ ၃ ရက်တွင် ဖော်ပြသည်။
ထို့ပြင် အမေရိကန်အစိုးရသည် ၎င်းနိုင်ငံမှထုတ်လုပ်ထားသည့်စစ်လက်နက်များအား ယူကရိန်း သို့ပေးပို့နေခြင်းနှင့် ယူကရိန်းနှင့်အမေရိကန်တို့ကြား ထောက်လှမ်းရေးသတင်းဝေမျှခြင်း၊ယူကရိန်းစစ်သည်များနှင့် လေယာဉ်မှူးများကို လေ့ကျင့်သင်ကြားပေးခြင်းတို့ကိုပါ ရပ်ဆိုင်းရန် စဉ်းစားလျက်ရှိကြောင်း Wall Street Journal ကဆက်လက်ဖော်ပြထားသည်။
ထရမ့်နှင့်အမေရိကန်အစိုးရအဖွဲ့မှ တာဝန်ရှိသူများသည် မတ်လ ၃ ရက် မွန်းလွဲပိုင်းတွင် ယူကရိန်း ပဋိပက္ခအပါအဝင် အမေရိကန်အစိုးရက ပေးအပ်နေသည့်စစ်ရေးအကူအညီများအား ရပ်ဆိုင်းပစ်နိုင်မည့်အလားအလာများနှင့်စပ်လျဉ်း၍ ဆွေးနွေးရန်အတွက် အစည်းအဝေးတစ်ရပ်ကျင်းပရန်စီစဉ်ခဲ့သည်ဟု အမေရိကန်အဆင့်မြင့်အရာရှိတစ်ဦး၏ ပြောကြားချက်ကိုကိုးကား၍ Washington Post တွင် ဖော်ပြခဲ့ကြောင်းသိရသည်။
အမေရိကန်အစိုးရက ယူကရိန်းသို့စစ်ရေးအကူအညီပေးအပ်နေခြင်းကို ရပ်ဆိုင်းခဲ့မှုအပေါ် အိမ်ဖြူတော်မှ တာဝန်ရှိသူတစ်ဦးကအတည်ပြုထားသည်။
အမေရိကန်သမ္မတအဖြစ် ဒုတိယအကြိမ် စတင်ထမ်းဆောင်သည့်အချိန်မှစ၍ ထရမ့်သည် အစ္စရေးနိုင်ငံမှအပ အခြားနိုင်ငံများသို့ပေးအပ်သည့် စစ်ရေးအကူအညီများအပါအဝင် ပြည်ပနိုင်ငံများသို့ ပေးအပ်နေသည့်အကူအညီများကိုပါ ရပ်တန့်ပစ်ခဲ့ကြောင်းသိရသည်။