​​​​​​​ဂျကာတာမြို့တော်၌ ရေကြီးမှုများဖြစ်ပွား၊ ဒေသခံပြည်သူ ထောင်ပေါင်းများစွာကို ဘေးကင်းရာသို့ ရွှေ့ပြောင်းပေးခဲ့ရ

ဂျကာတာမြို့တော်၌ ရေကြီးမှုများဖြစ်ပွား၊ ဒေသခံပြည်သူ ထောင်ပေါင်းများစွာကို ဘေးကင်းရာသို့ ရွှေ့ပြောင်းပေးခဲ့ရ

 
ဂျကာတာ၊ သဘာဝဘေး

အင်ဒိုနီးရှားနိုင်ငံ  ဂျကာတာမြို့တော်၌ ရေကြီးမှုများဖြစ်ပွားခြင်းကြောင့် အာဏာပိုင်အဖွဲ့က   မတ်လ၄ ရက်တွင် ဒေသခံပြည်သူထောင်ပေါင်းများစွာကိုဘေးကင်းရာသို့ရွှေ့ပြောင်းပေးလိုက်ရကြောင်း သိရသည်။

ဂျကာတာမြို့တွင် မတ်လ ၃ ရက်မှစတင်၍မိုးရွာသွန်းခဲ့မှုကြောင့် မြို့တော်နှင့်အနီးတစ်ဝိုက်တွင်ရေကြီးမှုများဖြစ်ပွားခြင်းဖြစ်သည်။ ရေကြီးမှုအတွင်းမော်တော်ယာဉ်အများအပြားနှင့် လူနေအိမ် ၁၀၀၀ ကျော်နစ်မြုပ်ခဲ့ရကြောင်း သဘာဝဘေးအန္တရာယ်လျှော့ချရေးနှင့် ထိန်းချုပ်ရေးအဖွဲ့က ထုတ်ပြန်ချက်တစ်စောင်တွင် ပြောသည်။

ရေကြီးမှုသည် ယခုအခါဆိုးရွားလာခြင်းကြောင့်ဂျကာတာမြို့တော်ဝန် ပရာမိုနို အာနန်က ရေကြီးမှုအန္တရာယ်ကို ဒုတိယအမြင့်ဆုံးအဖြစ် သတ်မှတ်ခဲ့ရကြောင်းသိရသည်။ ထို့ပြင် မြို့တော်အတွင်း၌ လာမည့်ရက်အနည်းငယ်အထိ    မိုးဆက်လက်ရွာသွန်းနိုင်ကြောင်း အာဏာပိုင်အဖွဲ့က ခန့်မှန်းထားသည်။

ထို့ပြင် ရေကြီးမှုအတွင်း ရေများသည် ဘေကာဆီမြို့အတွင်းရှိ    ဆေးရုံတစ်ရုံ၏ ဆေးကုသဆောင်အချို့အတွင်းသို့ ဝင်ရောက်လာခြင်းကြောင့်  တာဝန်ရှိသူများကဆေးရုံမှလူနာများအား အခြားအဆောက်အအုံများသို့ ရွှေ့ပြောင်းပေးခဲ့ရကြောင်းသိရသည်။