နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း ရုရှားနိုင်ငံခရီးစဉ်မှ ပြန်လည်ရောက်ရှိစဉ် လူငယ်ကဏ္ဍ၊ မီဒီယာကဏ္ဍတို့နှင့် ပတ်သက်၍ မီဒီယာများ၏ မေးမြန်းမှုများအပေါ် ပြန်လည် ဖြေကြားချက်
လူငယ်ကဏ္ဍ
မေး။ ရုရှားနိုင်ငံနှင့် ဘယ်လာရုစ်ကိုသွားတဲ့ ချစ်ကြည်ရေးခရီးစဉ်သတင်းထုတ်လွှင့်မှုတွေကို မီဒီယာ အမြောက်အများမှာ တွေ့ရပါတယ်။ အဲ့ဒီနေရာမှာ ကျွန်တော် သတိထားမိတာက အဲ့ဒီနိုင်ငံရဲ့ ပြည်နယ်အဆင့် ဝန်ကြီးအများစု၊ ဝန်ထမ်းအကြီးအကဲတွေ၊ အသင်းအဖွဲ့ တာဝန်ရှိ သူတွေဟာ တက်ကြွတဲ့လူငယ်တွေ ဖြစ်နေတာကို တွေ့ရပါတယ်။ ကျွန်တော်တို့နိုင်ငံမှာတော့ လူငယ်တွေရဲ့ အခန်းကဏ္ဍဟာ နည်းပါးနေပါသေးတယ်။ ဒါနဲ့ပတ်သက်ပြီး ဗိုလ်ချုပ် ဘယ်လို ထင်မြင်ပါသလဲ။
ဖြေ။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ လူငယ်တွေရဲ့ အခန်းကဏ္ဍက တော်တော်အရေးကြီး ပါတယ်။ ပါတီစုံဒီမိုကရေစီစနစ်ကို သွားပြီဆိုရင် လူငယ်အခန်းကဏ္ဍက ပိုအရေးကြီးတယ်။ ဘာကြောင့် လူငယ်အခန်းကဏ္ဍက အရေးကြီးလဲဆိုတော့ ဒီလူငယ်တွေကပဲ ခေါင်းဆောင် တက်လုပ်မှာဖြစ်တယ်။ ဒီလူငယ်တွေကပဲ အဖွဲ့အစည်းအသီးသီမှာ ပါဝင်မှာဖြစ်တယ်။ ဒီနေရာမှာ ကျွန်တော်ပြောချင်တာကတော့ လူငယ်နဲ့ လူကြီးတွေရဲ့ ကွာခြားချက်ပေါ့။ လူငယ်တွေကတော့ သူ့ရဲ့ လိုအင်ဆန္ဒပေါ့၊ လူကြီးတွေကတော့ ကြောင့်ကြမှုပေါ့။ အတိုချုပ်ပြောရရင် လူငယ်တွေရဲ့ တောင့်တမှုနဲ့ လူကြီးတွေရဲ့ ကြောင့်ကြမှု။ လူငယ်တွေရဲ့ တောင့်တမှုဆိုတာ လူငယ်တွေသည် သူတို့က အမြဲတမ်းအလိုရှိတယ်။ တိုးတက် စေချင်တယ်။ လူငယ်တွေသည် ဒါ့ထက်ပိုပြီးတော့ ကောင်းစေချင်တယ်။ ဒါ့ထက်ပိုပြီးတော့ အလုပ်လုပ်ပြချင်တယ်။ ဒါ့ထက်ပိုပြီးတော့ ကြိုးစား ပြချင်တယ်။ လူငယ်တွေရဲ့ တောင့်တမှုသည် တိုင်းပြည်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ဖြစ်စေပါတယ်။ လူကြီးတွေရဲ့ ကြောင့်ကြမှုဆိုတာ ဘာကို ကြောင့်ကြတာလဲဆိုတော့ ဒါကိုလုပ်ပေးလိုက်လို့ရှိရင် ကျွန်တော်တို့နိုင်ငံအတွက် ဘာတွေထိခိုက် လာနိုင်မလဲ၊ ဘာမဟုတ်တာတွေ ဝင်လာနိုင်မလဲ၊ ဘာမဟုတ်တာတွေ ဖြစ်လာနိုင်မလဲ၊ လူငယ်တွေရဲ့ တောင့်တမှုနဲ့ လူကြီးတွေရဲ့ ကြောင့်ကြမှု တွေကို အတိုင်းအတာတစ်ခုအထိ သူတို့နိုင်ငံတွေက ချိန်ညှိပေးနိုင်တယ်လို့ မြင်တယ်။ ဘာတွေ တွေ့ခဲ့သလဲဆိုတော့ လူကြီးတွေ နိုင်ငံအကြီးအကဲတွေ လူကြီးတွေက ဆွေးနွေးနေတယ်။ ဆွေးနွေးနေတဲ့အချိန်မှာ လူငယ်ဝန်ကြီးတွေက အဲ့ဒီစကားဝိုင်းထဲမှာ ဝင်ပြီးတော့ ပြောချင် ပြောတာပဲ။ လူကြီးတွေက ပြောနေတဲ့ စကားဝိုင်းထဲမှာ ဝင်ပြောချင်ပြောတာပဲ။ မှန်ရင် အဲ့ဒီ လူကြီးက လက်ခံလိုက်တယ်။ ဆက်ပြော၊ လုပ်ပါလို့ ပြောလိုက်တယ်။ အဲ့ဒီတော့ လူငယ်တွေက ခုနတုန်းကပြောတဲ့ တောင့်တမှုတွေ ဖွံ့ဖြိုးတိုးတက်ချင်မှုတွေနဲ့ လူကြီးတွေရဲ့ ကြောင့်ကြမှုတွေ ဒီနှစ်ခုကိုချိန်ညှိရမယ်။ တောင့်တမှုတွေမရရင် ဘာဖြစ်လာမလဲ၊ တောင့်တမှုတွေမရရင် ဒေါသ ဖြစ်လာတယ်။ ကြောင့်ကြမှုတွေမရရင် ဘာဖြစ်မလဲ၊ ကြောင့်ကြမှုတွေမရရင် မောဟ ဖြစ်တာပေါ့။ ဒီကြားထဲမှာ ချိန်ညှိပေးနိုင်ရင်တော့ ဒီဟာသည် ထပ်ပြီးတော့ တိုးတက်လာမယ်လို့ မြင်ပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံအနေနဲ့က လူငယ်တွေနဲ့ပတ်သက်ပြီးတော့ ဝန်ကြီးဌာနတစ်ခု သီးသန့်ဖွဲ့စည်းထားတာရှိတယ်။ လူငယ်တွေနဲ့ ပတ်သက်ပြီးတော့ ဗလငါးတန်ဖွံ့ဖြိုးဖို့ လူငယ်တွေ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေတာရှိပါတယ်။ ဒါတွေလည်း ဆက်လက်ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ဒါသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးကြီးတဲ့ လုပ်ငန်းစဉ်လို့ပဲမြင်ပါတယ်။ လူငယ်တွေနဲ့ပတ်သက်ပြီး ပိုပြီးတိုးတက်တဲ့အသိအမြင်တွေ ပိုပြီးဆောင်ရွက်ချက်တွေ ဆောင်ရွက်မှာ ဖြစ်တယ်။ ဒါသည် လူကြီးတွေရဲ့တာဝန်လည်းဖြစ်တယ်၊ လူငယ်တွေရဲ့တာဝန်လည်းဖြစ်ပါတယ်။ ခုနက ပြောသလို တောင့်တမှုနဲ့ ကြောင့်ကြမှုကို ဟန်ချက်ညီအောင်ထိန်းနိုင်တယ်ဆိုရင် ဒါသည် ပိုမိုတိုးတက်လာမယ်လို့ မြင်ပါတယ်။
မေး။ ဒါဆိုမြန်မာနိုင်ငံက လူငယ်တွေဘာလုပ်သင့်သလဲ။
ဖြေ။ လူငယ်တွေအတွက် ကျွန်တော်ပြောချင်တာကတော့ နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး၊ ကိုယ့်နိုင်ငံ ဒါ့ထက် ငြိမ်းချမ်းရေး၊ ကိုယ့်နိုင်ငံ ဒါ့ထက် သာယာရေးအတွက် မည်သူကအသိအမှတ် ပြုသည် ဖြစ်စေ၊ အသိအမှတ်မပြုသည်ဖြစ်စေ မိမိတာဝန်ပဲ အဲဒီလိုခံယူ ပြီးတော့ လုပ်သွားပေးကြပါလို့ ပြောချင်ပါတယ်။
မီဒီယာကဏ္ဍ
မေး။ ကျွန်မတို့ သတင်းထုတ်ပြန်မှုတွေကို ကြည့်တဲ့အခါ အခမ်းအနားတိုင်း လုပ်ဆောင်မှု တိုင်းမှာ ရုရှားမီဒီယာတော်တော်များများကို တွေ့ရပါတယ်။ ရုရှားမှာ မီဒီယာကဏ္ဍတိုးတက်နေတယ်လို့ မြင်ရပါတယ်။ မြန်မာမီဒီယာတွေ ဖွံ့ဖြိုးတိုးတက်ဖို့ ဘာလုပ်သင့်တယ်လို့ ထင်ပါသလဲ။
ဖြေ။ သူတို့နိုင်ငံဘက်က မီဒီယာနဲ့ ကျွန်တော်တို့နိုင်ငံဘက်က မီဒီယာများအနေနဲ့ သူတို့မှာလည်း သူတို့ကို မကောင်းရေးတဲ့ မီဒီယာရှိကောင်းရှိမှာပေါ့။ ဒါပေမယ့် ကျွန်တော်မြင်တာက သူတို့နိုင်ငံ ဘက်မှာ ခေါ်ထားတဲ့မီဒီယာတွေရဲ့ လှုပ်ရှားပုံက သူတို့နိုင်ငံသူတို့ တော်တော်လေးကို ဂုဏ်ယူတယ်။ သူတို့နိုင်ငံကို သူတို့ချစ်တယ်။ သူတို့လူမျိုးကို သူတို့ချစ်တယ်။ သူတို့လူမျိုးကို သူတို့ ဂုဏ်ယူတယ်။ သူတို့လုပ်ရပ်ကို ဂုဏ်ယူတာကို တော်တော်လေးမြင်တွေ့ခဲ့ရတယ်။ ကျွန်တော်တို့ သွားလာတဲ့ အခါ တစ်ချို့သောသတင်းထုတ်လွှင့်ချက်ထဲမှာ သူတို့မီဒီယာတွေရဲ့ လှုပ်ရှားမှုကို ခင်ဗျားတို့ မြင်ရမှာပဲ။ ဒီလိုမျိုးလုပ်ဆောင်နိုင်ဖို့ ဒီလိုမျိုးဖြစ်နိုင်ဖို့အတွက် ကျွန်တော်တို့ကလည်း ကြိုးစား ရမှာဖြစ်တယ်။ မီဒီယာကလည်း ကြိုးစားရမှာဖြစ်တယ်။ အစိုးရပိုင်းကလည်း လုပ်ပေးရမှာ ဖြစ်တယ်။ မီဒီယာပိုင်းကလည်း လုပ်ပေးရမှာဖြစ်တယ်။ သူတို့ နိုင်ငံမှာ ကျွန်တော်တို့တွေ့တာ အလေးပေးဆက်ဆံတာတွေ၊ နေရာပေးတာတွေ၊ မီဒီယာနဲ့ ပတ်သက်ပြီး အားပေးအား မြှောက်ပြုတာတွေ တွေ့ရသလို သူတို့ကိုယ်တိုင်ကလည်း တော်တော့်ကို အရည်အချင်းပြည့်ဝ ပါတယ်။ ပြည့်ဝတယ်ဆိုတာက ကျွန်တော်တို့ မီဒီယာတွေအများစုနဲ့ မြို့ တစ်မြို့ရောက်တိုင်း တွေ့ရပါတယ်။ သူတို့မေးတဲ့ မေးခွန်းတွေက မထင်မှတ်တဲ့မေးခွန်းတွေ ဖြစ်တယ်။
မေး။ ဒါဆို မြန်မာနိုင်ငံက မီဒီယာတွေအပေါ်မှာ ဘယ်လိုမြင်ပါသလဲ။
ဖြေ။ လက်ရှိ မြန်မာနိုင်ငံရဲ့ မီဒီယာ အခင်း အကျင်းကတော့ ပွင့်ပွင့်လင်းလင်းပြောရရင်တော့ အားမရဘူးလို့ ပြောရမှာပေါ့။ အားမရဘူး ဆိုတာက ၂ ပိုင်းပေါ့။ နံပါတ် ၁ အပိုင်းက ပြည်ပ ကနေရှိနေတဲ့ ပြည်ဖျက်မီဒီယာတွေရဲ့ လှုံ့ဆော်မှု၊ နံပါတ် ၂ အပိုင်းကတော့ ပြည်တွင်းမီဒီယာ တွေအနေနဲ့ကတော့ ကျွန်တော်စာနာပါတယ်။ ကန့်သတ်ချက်တွေအများ ကြီးထဲက သူတို့လုပ် နေတာဖြစ်တယ်။ သူတို့မှာ မျိုးချစ်စိတ်၊ နိုင်ငံ ချစ်စိတ်တို့ မရှိဘူးလို့ ပြောတာမဟုတ်ဘူး။ ရှိတယ်၊ ရှိပေမယ့်လို့ ဒါကို သူတို့မှာ ထင်ထင် ပေါ်ပေါ်ပြနိုင်ဖို့၊ ပွင့်ပွင့်လင်းလင်းပြနိုင်ဖို့ ဒါမှမဟုတ် ရက်ရက်ရောရောပြနိုင်ဖို့ အခွင့်အလမ်း နည်းပါးတယ်။ ဘာပဲပြောပြော ကျွန်တော် တို့က ရွေးကောက်ပွဲလုပ်မယ့် အခင်းအကျင်း၊ ရွေးကောက်ပွဲပြီးတဲ့ ကာလတွေမှာတော့ ပိုပြီး ပွင့်လင်းလာမယ်လို့ မြင်ပါတယ်။ မြန်မာ့မီဒီယာကဏ္ဍလည်း ဒါ့ထက်ပိုမိုပြီး ဖွံ့ဖြိုးတိုးတက် လာစေဖို့ ကျွန်တော့်အနေနဲ့ ဆန္ဒပြုပါတယ်။ ကျေးဇူးတင်ပါတယ်။