ကမ္ဘာ့ဖလားပိုက်ကျော်ခြင်းပြိုင်ပွဲ ၂၀၂၅ သို့ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာပိုက်ကျော်ခြင်း အားကစားအဖွဲ့နှင့် ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် တွေ့ဆုံ

 

ကမ္ဘာ့ဖလားပိုက်ကျော်ခြင်းပြိုင်ပွဲ ၂၀၂၅ သို့ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာပိုက်ကျော်ခြင်း အားကစားအဖွဲ့နှင့် ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် တွေ့ဆုံ

 

နေပြည်တော်   မတ်   ၁၂

    မြန်မာနိုင်ငံ  အိုလံပစ်ကော်မတီ ဥက္ကဋ္ဌ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး  Jeng  Phang နော်တောင်သည် ၂၀၂၅ ခုနှစ် မတ်လ ၂၀ ရက်မှ ၂၅ ရက်အထိ အိန္ဒိယနိုင်ငံ ပတ္တနားမြို့၌ ကျင်းပမည့် Bihar အပြည်ပြည်ဆိုင်ရာ ပိုက်ကျော်ခြင်းအဖွဲ့ချုပ်   ကမ္ဘာ့ဖလား ပိုက်ကျော်ခြင်းပြိုင်ပွဲ  ၂၀၂၅  သို့ဝင်ရောက်ယှဉ်ပြိုင်မည့်     မြန်မာပိုက်ကျော်ခြင်း အားကစားအဖွဲ့ကို ယမန်နေ့ မွန်းလွဲပိုင်းက နေပြည်တော် ရုံးအမှတ် (၃၁)ရှိ အားကစားနှင့်  လူငယ်ရေးရာဝန်ကြီးဌာန  စုပေါင်းအစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။

‌တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက မြန်မာ့အားကစား အဆင့်အတန်းတိုးတက် မြင့်မားစေရေးအတွက် အဘက်ဘက်မှ ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း၊ လာမည့် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် အောင်မြင်မှုရရှိစေရေး အတွက်  အစွမ်းကုန်ကြိုးစားပြင်ဆင် ဆောင်ရွက်သွားရန်လိုကြောင်း၊  မိမိအားကစားသမားများ၏ အားသာချက်/အားနည်းချက်များကို ပြန်လည်သုံးသပ်နိုင်ရေးအတွက် ပြိုင်ပွဲအနိုင်အရှုံး ရလဒ်များကို မှတ်တမ်းများ စနစ်တကျပြုစုထားရှိပြီး အချိန်နှင့်တစ်ပြေးညီ တာဝန်ရှိသူများထံ သတင်းပို့တင်ပြသွားရန် လိုကြောင်း၊ မြန်မာလူမျိုးတို့၏ အစွမ်းအစကိုပြသ၍  မလျှော့သော ဇွဲ၊ စိတ်ဓာတ်ဖြင့် အစွမ်းကုန်ကြိုးစား ယှဉ်ပြိုင်ခဲ့ကြရန် တိုက်တွန်းပြောကြားပြီး တင်ပြချက်များကို  ပေါင်းစပ်ညှိနှိုင်းပေးသည်။

အဆိုပါပြိုင်ပွဲသို့ မြန်မာနိုင်ငံပိုက်ကျော်ခြင်း အားကစားအဖွဲ့မှ အုပ်ချုပ်သူ/နည်းပြ လေးဦး၊ ဒိုင် တစ်ဦး၊ (အမျိုးသား/အမျိုးသမီး) အားကစားသမား ၁၂ ဦး   စုစုပေါင်း ၁၇ ဦးတို့သည်   (အမျိုးသား/အမျိုးသမီး) နှစ်ယောက်တွဲပြိုင်ပွဲနှင့် လေးယောက်တွဲ ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင် သွားမည်ဖြစ်ကြောင်း သိရသည်။