မန်စီးတီးအသင်းက လိုအပ်ချက်များရှိနေသည့် အသင်းကွင်းလယ်ပိုင်းအတွက် ရီးယဲလ်မက်ဒရစ်အသင်း ကွင်းလယ်ကစားသမား ကာမာဗင်ဂါကို ခေါ်ယူရန်စီစဉ်
မန်ချက်စတာ မတ် ၁၂
မန်စီးတီးအသင်းက လာမည့်နွေရာသီကစား သမားအပြောင်းအရွှေ့ကာလတွင် လိုအပ်ချက်များ ရှိနေသည့် အသင်းကွင်းလယ်ပိုင်းအတွက် ရီးယဲလ် မက်ဒရစ်အသင်း ကွင်းလယ်ကစားသမား ကာမာ ဗင်ဂါကို ခေါ်ယူရန် စီစဉ်နေကြောင်း သိရသည်။
မန်စီးတီးအသင်းသည် ယခုဘောလုံးရာသီတွင် အဓိကကွင်းလယ်ကစားသမား ရိုဒရီအနေဖြင့် ဒူးအရွတ်စုတ်ပြဲဒဏ်ရာ ခွဲစိတ်ကုသမှုခံယူခဲ့ရသည့် အတွက် ကာလရှည် အနားယူနေရသကဲ့သို့ ကိုဗာဆစ်အနေဖြင့်လည်း ခြေစွမ်းပိုင်းတည်ငြိမ်မှုမရှိသည့် အတွက် ကွင်းလယ်ပိုင်းတွင် လိုအပ်ချက်များရှိခဲ့ပြီး ရလဒ်ပိုင်းများ မတည်မငြိမ်ဖြစ်ခဲ့သည့် အတွက် လာမည့်နွေရာသီ ကစားသမား အပြောင်းအရွှေ့ ကာလတွင် အသင်းကွင်းလယ်ပိုင်းကို အဓိကထား ပြင်ဆင်ရန် ကြိုးပမ်းနေခြင်း ဖြစ်သည်။
မန်စီးတီးအသင်းသည် လာမည့်နွေရာသီကစား သမားအပြောင်းအရွှေ့ကာလတွင် အသင်းကွင်းလယ် ပိုင်း၌ ကိုဗာဆစ်၊ ဒီဘရိုင်းနှင့် ဘာနာဒိုဆေးလ်ဗားတို့ အနေဖြင့်လည်း အနာဂတ် မရေမရာဖြစ်နေသည့် အတွက် ကစားသမားသစ်များနှင့် အစားထိုးရန် ပြင်ဆင်နေခြင်းဖြစ်သည်။
ကာမာဗင်ဂါသည် အသင်းကွင်းလယ်ပိုင်း၌သာမက လိုအပ်လျှင် အသင်းဗဟိုခံစစ်ပိုင်းနှင့် တောင်ပံနေရာတို့၌ပါ ကစားနိုင်သူဖြစ်သည့်အတွက် မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာက ခေါ်ယူလိုခြင်း ဖြစ်ပြီး အစောပိုင်းက ဆိုစီဒက်စ်အသင်းမှ ဇူဘီမန်ဒီ ကိုခေါ်ယူရန် ကြိုးပမ်းခဲ့သော်လည်း ဇူဘီမန်ဒီကို အာဆင်နယ်အသင်းက ခေါ်ယူရန် သဘောတူညီမှုရရှိ ထားသည့်အတွက် ကာမာဗင်ဂါကို ခေါ်ယူရန်စီစဉ် နေခြင်းဖြစ်သည်။
ကာမာဗင်ဂါနှင့် ရီးယဲလ်မက်ဒရစ်အသင်းတို့၏ စာချုပ်သက်တမ်းမှာ ၂၀၂၉ ခုနှစ်အထိ ကျန်ရှိနေပြီး အသင်းကွင်းလယ်ပိုင်း၌ အဓိက ကစားသမားအဖြစ် ပါဝင်ခွင့်ရရှိနေသူ ဖြစ်သည့်အတွက် မန်စီးတီးအသင်း အနေဖြင့် ၎င်းကိုခေါ်ယူရန် ခက်ခဲနိုင်သည့်အခြေ အနေတွင်ရှိနေသော်လည်း မန်စီးတီးအသင်းနှင့် ကာမာဗင်ဂါ၏အေးဂျင့် စတယ်လာတို့မှာ ကောင်းမွန်သည့် ဆက်ဆံရေး ရှိနေသည့်အတွက် ကမ်းလှမ်းရန် ပြင်ဆင်နေကြောင်း သိရသည်။