Myanmar Fight မျိုးဆက်သစ် မြန်မာ့ရိုးရာ လက်ဝှေ့ပြိုင်ပွဲများ ကျင်းပ
ရန်ကုန် မတ် ၁၆
Myanmar Fight မျိုးဆက်သစ်မြန်မာ့ရိုးရာ လက်ဝှေ့ပြိုင်ပွဲများကို ယနေ့နေ့လယ်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ် သိမ်ဖြူလမ်းရှိ သိမ်ဖြူလက်ဝှေ့ရုံ၌ ကျင်းပရာ သုံးချီတွဲဆိုင်း ၁၁ ဆိုင်းပါဝင်ပြီး ပရိသတ်အကြိုက် အကြိတ်အနယ် ယှဉ်ပြိုင်ထိုးသတ်ခဲ့ကြသည်။
အဆိုပါပြိုင်ပွဲကို မြန်မာ့စီးပွားရေးဦးပိုင် အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်က အဓိကပံ့ပိုးကူညီပြီး မြန်မာနိုင်ငံရိုးရာ လက်ဝှေ့အဖွဲ့ချုပ်နှင့် MMAG ကုမ္ပဏီတို့ပူးပေါင်း စီစဉ်ကျင်းပခြင်းဖြစ်ပြီး ပြိုင်ပွဲတွင် ကောင်ကြီး(ရန်ကြီးအောင်)နှင့် လယ်တာမလာ(Ray Club)၊ စအိုင်လား(MK-1)နှင့် ကျားမာန်ဟိန်း(M.F.C Club)၊ ဓနု(ဖိုးလပြည့်)နှင့် ရဲမာန်သွေး(Ray Club)၊ ဝမ်းဝမ်း(Eagle Club)နှင့် ဝီလျံ(Holy Power Club)တို့ ယှဉ်ပြိုင်ထိုးသတ်ရာ ပြိုင်ပွဲပြီးသည်အထိ အနိုင်အရှုံးမပေါ်ဘဲ အလူအလဲဖြင့် ပူးတွဲသရေ ကျခဲ့ကြသည်။
အခြားပြိုင်ပွဲများတွင် နိုင်လင်းစိုး(MK-1)က ဖိုးခွား(Eagle Club)ကို ဒုတိယအချီတွင် လည်းကောင်း၊ တိုးအောင် (MK-1)က ဂျွန်ဆိုင်းအောင်(Eagle Club)ကို ပထမအချီတွင်လည်းကောင်း၊ ညီညီနိုင် (Ray Club)က ရန်နိုင်(Eagle Club)ကိုပထမအချီတွင်လည်းကောင်း၊ ကျော်သီဟ(ဝမ်ချုံးကလပ်)က ဇေယျာထွန်း(Eagle Club)ကို ပထမအချီတွင် လည်းကောင်း၊ အောင်အောင်ဟိန်း (M.F.C Club)က မင်းခန့်(Eagle Club)ကို တတိယအချီတွင် လည်းကောင်း၊ စောမိုက်တီး(အီတလီ)(Lethwei Warrior Club)က မင်းမင်း(Eagle Club)ကိုတတိယအချီတွင် လည်းကောင်း၊ မိုက်ခဲ(Eagle Club)က ကျွဲကြီး (ဝမ်ချုံးကလပ်)ကို တတိယအချီတွင် လည်းကောင်း အလဲထိုး အနိုင်ရရှိခဲ့ကြသည်။
ယနေ့ပြုလုပ်သည့် Myanmar Fight မျိုးဆက်သစ်မြန်မာ့ရိုးရာ လက်ဝှေ့ပြိုင်ပွဲသို့ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီး လူမှုရေးရာ၀န်ကြီး ဦးဌေးအောင်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးကျော်ကျော်စိုး၊ မြန်မာနိုင်ငံရိုးရာ လက်ဝှေ့အဖွဲ့ချုပ်မှ တာ၀န်ရှိသူများ၊ ရိုးရာလက်ဝှေ့ဝါသနာရှင်များ ကြည့်ရှုအားပေးခဲ့ကြသည်။
မြန်မာ့စီးပွားရေးဦးပိုင် အများနှင့်သက်ဆိုင်သော ကုမ္ပဏီ၏ပံ့ပိုးမှုဖြင့် မြန်မာနိုင်ငံရိုးရာ လက်ဝှေ့အဖွဲ့ချုပ်နှင့် လက်ဝှေ့ပွဲများ စီစဉ်သည့် MMAG တို့ပူးပေါင်းကာ ၂၀၂၅ ခုနှစ်မတ်လမှစ၍ မျိုးဆက်သစ် ရိုးရာလက်ဝှေ့ပွဲများ လစဉ်ကျင်းပမည် ဖြစ်ကြောင်း သိရသည်။