ပရီးမီးယားလိဂ်ပြိုင်ပွဲ၌ ပွဲအရေအတွက် အနည်းဆုံးဖြင့် သွင်းဂိုးနှင့် ဂိုးဖန်တီးမှုအကြိမ်ရေ ၁၀၀ ပြည့်မြောက်သည့် ကစားသမားအဖြစ် ဟာလန်းမှတ်တမ်းဝင်
မန်ချက်စတာ မတ် ၁၆
မန်စီးတီးအသင်း တိုက်စစ်ကစားသမား ဟာလန်းသည် ပရီးမီးယားလိဂ်ပြိုင်ပွဲ ပွဲစဉ်(၂၉)အဖြစ် ကစား သည့် မန်စီးတီးအသင်းနှင့် ဘရိုက်တန်အသင်းတို့ ပွဲစဉ်၌ အသင်းအတွက် သွင်းဂိုးတစ်ဂိုး သွင်းယူနိုင်ပြီးနောက် ပရီးမီးယားလိဂ်ပြိုင်ပွဲ၌ ပွဲအရေအတွက် အနည်းဆုံးဖြင့် သွင်းဂိုးနှင့်ဂိုးဖန်တီးမှု (ဂိုးပါဝင်ပတ် သက်မှု) အကြိမ်ရေ ၁၀၀ ပြည့်မြောက်သည့် ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။
မန်စီးတီးအသင်းနှင့် ဘရိုက်တန်အသင်းတို့ နှစ်ဂိုး စီသရေရလဒ် ထွက်ပေါ်ခဲ့သည့်ပွဲစဉ်၌ ဟာလန်းသည် ပွဲချိန် ၁၁ မိနစ်တွင် ပယ်နယ်တီမှတစ်ဆင့် အသင်းအတွက် သွင်းဂိုးတစ်ဂိုး သွင်းယူနိုင်ပြီးနောက် ပရီးမီးယားလိဂ်ပြိုင်ပွဲ၌ သွင်းဂိုးနှင့် ဂိုးဖန်တီးမှုအကြိမ် ရေ ၁၀၀ ပြည့်မြောက်ခဲ့ပြီး မှတ်တမ်းကောင်း တစ်ရပ်ကို ပိုင်ဆိုင်ခဲ့ခြင်းဖြစ်သည်။
ဟာလန်းသည် ဘရိုက်တန်အသင်းနှင့် ပွဲစဉ်တွင် အသင်းအတွက် သွင်းဂိုးတစ်ဂိုး သွင်းယူနိုင်ပြီးနောက် အသင်းနှင့်အတူ ပရီးမီးယားလိဂ်ပြိုင်ပွဲ၌ ၉၄ ပွဲ ပါဝင်ကစားခဲ့ရာတွင် သွင်းဂိုး ၈၄ ဂိုးနှင့် ဂိုးဖန်တီးမှု ၁၆ ကြိမ် စုစုပေါင်းသွင်းဂိုးနှင့် ဂိုးဖန်တီးမှု အကြိမ်ရေ ၁၀၀ ပြည့်မြောက်ခဲ့ခြင်းဖြစ်သည်။
ပရီးမီးယားလိဂ်ပြိုင်ပွဲ၌ ပွဲအရေအတွက် အနည်းဆုံးဖြင့် ဂိုးဖန်တီးမှုအကြိမ်ရေ ၁၀၀ ပြည့်မြောက် သည့်ကစားသမားစာရင်းတွင် ဟာလန်း၏နောက် ၌ နယူးကာဆယ်အသင်း ကစားသမားဟောင်း အလန်ရှီးယားက ပွဲ ၁၀၀၊ လက်ရှိ လီဗာပူးအသင်း တိုက်စစ်ကစားသမား ဆာလက်ချ်က ၁၁၆ ပွဲနှင့် မန်ယူအသင်း ကစားသမားဟောင်း အဲရစ်ကန်တိုနာ ကလည်း ၁၁၆ ပွဲဖြင့် ရပ်တည်လျက်ရှိသည်။
ဟာလန်းသည် မန်စီးတီးအသင်းနှင့်အတူ ပြီးခဲ့ သည့်ဘောလုံးရာသီများတွင် အကောင်းဆုံးခြေစွမ်း ပြနိုင်ခဲ့သော်လည်း ယခုဘောလုံးရာသီတွင် ခြေစွမ်း ပိုင်းအနည်းငယ် ကျဆင်းနေပြီး ရုန်းကန်နေရကာ ပရီးမီးယားလိဂ်ပြိုင်ပွဲ၌ ၂၇ ပွဲကစားပြီးချိန်တွင် ၂၁ ဂိုးသွင်းယူနိုင်ပြီး ဂိုးဖန်တီးမှု သုံးကြိမ်ပြုလုပ်နိုင်ခဲ့ကာ ပရီးမီးယားလိဂ်ပြိုင်ပွဲ၏ သွင်းဂိုးအများဆုံး ကစားသမားစာရင်းတွင် လီဗာပူးအသင်း ကစားသမား ဆာလက်ချ်ထက် ခုနစ်ဂိုးလျော့နည်းနေပြီး ဒုတိယနေရာမှ ဖိအားပေးလျက်ရှိကြောင်း သိရသည်။