အင်္ဂလန်အမျိုးသမီးလိဂ်ဖလား ဗိုလ်လုပွဲစဉ်တွင် ချယ်လ်ဆီးအမျိုးသမီးအသင်းက မန်စီးတီးအမျိုးသမီး အသင်းကိုအနိုင်ရရှိပြီး ချန်ပီယံဆု ဆွတ်ခူး
လန်ဒန် မတ် ၁၆
အင်္ဂလန်အမျိုးသမီးလိဂ်ဖလား ဗိုလ်လုပွဲစဉ်အဖြစ် ချယ်လ်ဆီး အမျိုးသမီးအသင်းနှင့် မန်စီးတီးအမျိုးသမီး အသင်းတို့ ယှဉ်ပြိုင်ကစားရာ ချယ်လ်ဆီးအမျိုးသမီး အသင်းက ၂ ဂိုး- ၁ ဂိုးဖြင့်အနိုင်ရရှိပြီး ချန်ပီယံဆု ဆွတ်ခူးနိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါပွဲစဉ်၌ ပွဲချိန်ကိုးမိနစ်တွင် ချယ်လ်ဆီးအမျိုး သမီးအသင်းမှ ရာမီးယက်စ်က အသင်းအတွက် ဦးဆောင်ဂိုး သွင်းယူနိုင်ပြီး ပွဲချိန် ၆၄ မိနစ်တွင် မန် စီးတီးအမျိုးသမီးအသင်းမှ ဖူဂျီနိုက အသင်းအတွက် ချေပဂိုး ပြန်လည်သွင်းယူနိုင်ခဲ့သော်လည်း ပွဲချိန် ၇၇ မိနစ်တွင် မန်စီးတီးအမျိုးသမီးအသင်းမှ ဟာဆီဂါဝါ က ကိုယ့်ဂိုးကိုယ် သွင်းယူမိသည့်အတွက် ချယ်လ်ဆီး အမျိုးသမီးအသင်းက ၂ ဂိုး- ၁ ဂိုးဖြင့် အနိုင်ရရှိပြီး ချန်ပီယံဆု ဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်သည်။
ချယ်လ်ဆီးအမျိုးသမီးအသင်းသည် အင်္ဂလန် အမျိုးသမီးလိဂ်ဖလား ပြိုင်ပွဲတွင် ဗိုလ်လုပွဲအဆင့်သို့ ခြောက်ကြိမ်ဆက် တက်ရောက်နိုင်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၉-၂၀၂၀ ဘောလုံးရာသီနှင့် ၂၀၂၀-၂၀၂၁ ဘောလုံး ရာသီတို့တွင် ချန်ပီယံဆုဆွတ်ခူးနိုင်ခဲ့ကာ ပြီးခဲ့သည့် သုံးကြိမ်ဆက်တွင် မန်စီးတီးအမျိုးသမီးအသင်းနှင့် အာဆင်နယ် အမျိုးသမီးအသင်းတို့ကို ရှုံးနိမ့်ပြီး ဒုတိယဆုဖြင့်သာ ကျေနပ်ခဲ့ရသော်လည်း ယခုဘောလုံး ရာသီတွင် ချန်ပီယံဆုကို တတိယအကြိမ်မြောက် ဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်သည်။ ချယ်လ်ဆီးအမျိုးသမီး အသင်းသည် ယခုဘောလုံးရာသီတွင် ချန်ပီယံဆု ဆွတ်ခူးနိုင်ခဲ့သည့်အတွက် ၂၀၂၁-၂၀၂၂ ဘောလုံးရာသီ က မန်စီးတီးအမျိုးသမီး အသင်းအား ရှုံးနိမ့်ခဲ့ခြင်းကို ပြန်လည်တုံ့ပြန် ချေပနိုင်ခဲ့ကြောင်း သိရသည်။